အခန်း ၅၇
မိန်းကလေးတစ်ယောက်နဲ့ နားမကြားသူတစ်ယောက်ကို ကုသပေး
-
ဖိုနီးရှား အမျိုးသမီးတစ်ယောက်ရဲ့ သမီးကို ကုသပေး
-
နားမကြား၊ စကားမပြောနိုင်တဲ့လူကို ကုသပေး
ကိုယ်ကျိုးရှာ ဓလေ့ထုံးစံတွေနောက် လိုက်တဲ့ ဖာရိရှဲတွေကို ယေရှု ပြစ်တင်ရှုတ်ချပြီးနောက် တပည့်တွေနဲ့ ထွက်လာတယ်။ အဲဒီကနေ အနောက်မြောက်ဘက် မိုင်ပေါင်းများစွာဝေးတဲ့ ဖိုနီးရှားပြည်၊ တိုင်ရာနဲ့ ဆိုင်ဒုန်နယ်ကို သွားတယ်။
ယေရှုက တည်းခိုဖို့ အိမ်တစ်အိမ်ထဲ ဝင်သွားတယ်။ သူရောက်နေမှန်း လူတွေကို မသိစေချင်ဘူး။ ဒါပေမဲ့ ဒီဒေသမှာတောင် သူပုန်းလို့ မလွတ်ပါဘူး။ အဲဒီအရပ်သူ ဂရိအမျိုးသမီးတစ်ယောက် ယေရှုကို တွေ့သွားပြီး “သခင်၊ ဒါဝိဒ်ရဲ့သား၊ ကျွန်မကို သနားပါ။ ကျွန်မရဲ့သမီးဟာ နတ်ဆိုးစွဲတဲ့ ဝေဒနာကို အလူးအလိမ့် ခံစားနေရပါတယ်” လို့တောင်းပန်တယ်။—မဿဲ ၁၅:၂၂။ မာကု ၇:၂၆။
ခဏကြာတော့ တပည့်တွေက “အဲဒီအမျိုးသမီးကို ပြန်ခိုင်းလိုက်ပါ။ နောက်ကနေ တကောက်ကောက်လိုက်ပြီး အော်နေတယ်” လို့ပြောတယ်။ ဒါနဲ့ ယေရှုက “အစ္စရေးအမျိုးထဲက ပျောက်နေတဲ့ သိုးတွေဆီ ကျွန်တော့်ကို စေလွှတ်တာ။ တခြား လူမျိုးတွေဆီ စေလွှတ်တာမဟုတ်ဘူး” လို့ ပြောပြီး အမျိုးသမီးကို လျစ်လျူရှုရတဲ့ အကြောင်းရင်းကို ရှင်းပြတယ်။ ဒါပေမဲ့ အမျိုးသမီးက လက်မလျှော့ဘူး။ ယေရှုအနားလာ ဦးညွှတ်ပြီး “သခင်၊ ကျွန်မကို ကူညီပါဦး” လို့ အသနားခံတယ်။—မဿဲ ၁၅:၂၃-၂၅။
ယေရှုက အမျိုးသမီးရဲ့ ယုံကြည်ခြင်းကို စမ်းသပ်ချင်လို့ “သားသမီးရဲ့ အစာကို ခွေးကလေးတွေအတွက် ချမပေးသင့်ဘူး” လို့ပြောတယ်။ လူမျိုးခြားတွေအပေါ်ထားတဲ့ ဂျူးတွေရဲ့ မကောင်းမြင် သဘောထားကို ယေရှု ဖော်ပြနေတာ။ (မဿဲ ၁၅:၂၆) ဒါပေမဲ့ “ခွေးကလေး” လို့ပြောလိုက်ခြင်းအားဖြင့် ယေရှုက ဂျူးမဟုတ်သူတွေအပေါ် ချစ်ခင်ကြင်နာမှုရှိကြောင်း ပြလိုက်တာပဲ။ သူ့ရဲ့ မျက်နှာအမူအရာနဲ့ ကရုဏာသံကလည်း သူ့ခံစားချက်ကို ဖော်ပြနေတယ်။
အမျိုးသမီးက စိတ်ဆိုးမယ့်အစား ဂျူးတွေရဲ့ တစ်ဖက်သတ်အစွဲကိုဖော်ပြတဲ့ စကားကို ပြန်ကောက်ပြီး အခုလို နှိမ့်ချစွာပြောတယ်– “မှန်ပါတယ် သခင်။ ဒါပေမဲ့ ခွေးကလေးတွေဟာ သခင့်စားပွဲက ကျတဲ့ စားကြွင်းစားကျွန်တွေကိုတော့ စားရပါတယ်။” ယေရှုက ဒီအမျိုးသမီး သဘောထားကြီးတာကို အသိအမှတ်ပြုပြီး “ခင်ဗျားရဲ့ ယုံကြည်ခြင်း ခိုင်ခံ့လိုက်တာ။ ခင်ဗျားဆန္ဒရှိတဲ့အတိုင်း ဖြစ်ပါစေ” လို့ပြောတယ်။ (မဿဲ ၁၅:၂၇၊ ၂၈) အဲဒီလိုပြောနေချိန်မှာ သူ့သမီးက အဲဒီနေရာမှာ မရှိပေမဲ့ ဝေဒနာ သက်သာသွားတယ်။ အမျိုးသမီး အိမ်ပြန်ရောက်တဲ့အခါ “နတ်ဆိုးထွက်သွားလို့” သမီးငယ် အိပ်ရာမှာအိပ်နေတာကို တွေ့လိုက်ရတယ်။—မာကု ၇:၃၀။
ယေရှုနဲ့ တပည့်တွေဟာ ဖိုနီးရှားဒေသကနေထွက်ပြီး ဂျော်ဒန်မြစ်အထက်ပိုင်းဒေသကို ခရီးဆက်ကြတယ်။ ဂါလိလဲအိုင်မြောက်ဘက် တစ်နေရာရာကနေ ဂျော်ဒန်မြစ်ကိုကူးပြီး ဒေကာပေါလိနယ်ကို သွားတာဖြစ်နိုင်တယ်။ အဲဒီကိုရောက်တော့ တောင်ပေါ် တက်သွားကြတယ်။ ဒီအခါ လူအုပ်က သူတို့ကို တွေ့သွားပြီး ခြေမသန်တဲ့သူ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူ၊ မျက်မမြင်သူ၊ ဆွံ့အသူတွေကို ခေါ်လာကြတယ်။ လူနာတွေကို ခြေရင်းမှာ ချထားတော့ ယေရှု ကုသပေးတယ်။ လူတွေလည်း အံ့သြပြီး အစ္စရေးတို့ရဲ့ဘုရားကို ဂုဏ်တင်ချီးမွမ်းကြတယ်။
အဲဒီမှာ နားမကြား၊ စကားမပြောနိုင်တဲ့ လူတစ်ယောက်ကို ယေရှု အထူးအာရုံစိုက်ခဲ့တယ်။ လူတွေအလယ်မှာ သူဘယ်လို ခံစားနေရမယ်ဆိုတာ သင်နားလည်မှာပါ။ သူရှက်ကြောက်နေတာကို ယေရှုသတိထားမိလို့ ဖြစ်မယ်၊ သူ့ကို လူအုပ်ထဲကနေ သီးသန့်ခေါ်ထုတ်သွားတယ်။ နှစ်ယောက်တည်းရှိတဲ့အခါ ယေရှုက သူဘာလုပ်ပေးမယ်ဆိုတာ အသိပေးတယ်။ သူ့နားနှစ်ဖက်ထဲ လက်ညှိုးကို သွင်းလိုက်ပြီးနောက် တံတွေးထွေးပြီး သူ့လျှာကို တို့တယ်။ ကောင်းကင်ကို မော့ကြည့်ပြီး “ဧဖသ” လို့ပြောတယ်။ အဓိပ္ပာယ်က “ပွင့်စေ” တဲ့။ ဒီအခါ အဲဒီလူက နားပြန်ကြားပြီး စကားလည်း ပြန်ပြောနိုင်တယ်။ ယေရှုက ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောစေချင်ဘူး။ ကိုယ်တိုင် မြင်ရကြားရတဲ့အရာအပေါ် အခြေခံပြီး ယုံကြည်တာကိုပဲ လိုချင်တာ။—မာကု ၇:၃၂-၃၆။
ယေရှုရဲ့ အံ့ဖွယ်ကုသနိုင်စွမ်းကို တွေ့မြင်သူတွေဟာ စိတ်စွဲမှတ်သွားပြီး “အံ့သြလွန်းလို့ ‘သူ အရာရာကို ကောင်းအောင် လုပ်နိုင်တယ်။ နားမကြားသူကိုတောင် နားကြားအောင်၊ စကားမပြောနိုင်သူကိုတောင် စကားပြောအောင် လုပ်နိုင်တယ်’ ဆိုပြီး ပြောကြတယ်။”—မာကု ၇:၃၇။