မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သိပ္ပံပညာနှင့် ကမ္ဘာဦးကျမ်းမှတ်တမ်း

သိပ္ပံပညာနှင့် ကမ္ဘာဦးကျမ်းမှတ်တမ်း

သမ္မာကျမ်းစာပါ ဖန်ဆင်းခြင်းမှတ်တမ်းသည် သိပ္ပံပညာနှင့်မကိုက်ညီဟု လူအများက ပြောဆိုကြသည်။ သို့သော် တကယ့်ကွဲလွဲချက်မှာ သမ္မာကျမ်းစာနှင့်မဟုတ်ဘဲ သိပ္ပံပညာနှင့် ခရစ်ယာန်အမည်ခံ ရှိရင်းစွဲဝါဒီများ၏ ယုံကြည်ချက်များဖြစ်သည်။ သမ္မာကျမ်းစာအရ လွန်ခဲ့သောအနှစ် ၁၀,၀၀၀ ခန့်က ရုပ်ပိုင်းဖန်ဆင်းရာအားလုံးကို တစ်ရက်လျှင် ၂၄ နာရီစီရှိသည့် ခြောက်ရက်တည်းဖြင့် ဖန်ဆင်းခဲ့သည်ဟု အဆိုပါအုပ်စုအချို့က မှားယွင်းစွာ ပြောဆိုကြသည်။

သို့သော် အဆိုပါကောက်ချက်ကို သမ္မာကျမ်းစာက မထောက်ခံချေ။ အဆိုပါကောက်ချက်အတိုင်းသာ ဖြစ်ခဲ့မည်ဆိုလျှင် လွန်ခဲ့သော အနှစ်တစ်ရာကျော်က တွေ့ရှိခဲ့သည့် သိပ္ပံဆိုင်ရာ အချက်အလက်များကြောင့် သမ္မာကျမ်းစာ၏ တိကျမှန်ကန်မှုကို ထိခိုက်ပါလိမ့်မည်။ သမ္မာကျမ်းစာကို အသေအချာ လေ့လာကြည့်သည့်အခါ မှန်ကန်ကြောင်း သက်သေထူပြီးသော သိပ္ပံဆိုင်ရာ အချက်အလက်များနှင့် မဆန့်ကျင်ကြောင်း တွေ့ ရှိရသည်။ ထို့ကြောင့် ယေဟောဝါသက်သေများသည် ခရစ်ယာန် ရှိရင်းစွဲဝါဒီများနှင့် ဖန်ဆင်းခြင်းဝါဒီများ၏ အဆိုကို သဘောမတူကြချေ။ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အောက်ပါအတိုင်းဖြစ်သည်။

ကမ္ဘာမြေကြီးနှင့် စကြ၀ဠာကို လွန်ခဲ့သော နှစ်ထောင်ပေါင်း အနည်းငယ်က ၂၄ နာရီရှိသည့် ခြောက်ရက်အတွင်း ဖန်ဆင်းခဲ့သည် ဟု ကမ္ဘာဦးကျမ်းက မသွန်သင်ပါ

“အစအဦး” ဟူသည် မည်သည့်အချိန်နည်း

“အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏” ဟူသော ရိုးရှင်းပြီး လေးနက်သည့် ဖော်ပြချက်ဖြင့် ကမ္ဘာဦးကျမ်းမှတ်တမ်းကို အစပြုထားသည်။ (ကမ္ဘာဦး ၁:၁) ဖန်ဆင်းခြင်းဆိုင်ရာ ဤဖော်ပြချက်သည် အခန်းငယ် ၃ မှအစပြုဖော်ပြသည့် ဖန်ဆင်းခြင်းနှင့်မတူကြောင်း ကျမ်းပညာရှင် အတော်များများက သဘောတူကြသည်။ ယင်း၏အဓိပ္ပာယ်သည် အလွန်ကျယ်ပြန့်သည်။ ကျမ်းစာ၏ အဖွင့်စကားအရ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာဂြိုဟ်အပါအဝင် စကြဝဠာသည် ဖန်ဆင်းရာနေ့မတိုင်မီ မရေမတွက်နိုင်သည့် ကာလကတည်းက တည်ရှိခဲ့၏။

ဘူမိဗေဒပညာရှင်များက ကမ္ဘာမြေကြီး၏ သက်တမ်းသည် နှစ်ပေါင်း ၄ ဘီလီယံရှိကြောင်း ခန့်မှန်းကြပြီး နက္ခတ္တဗေဒပညာရှင်များကမူ စကြဝဠာ၏ သက်တမ်းသည် နှစ်ပေါင်း ၁၅ ဘီလီယံခန့်ရှိကြောင်း တွက်ချက်ကြသည်။ အဆိုပါတွေ့ရှိချက်များ သို့မဟုတ် အနာဂတ်တွင် ပြောင်းကောင်းပြောင်းနိုင်သည့် ကျွန်ုပ်တို့၏သိနားလည်မှုသည် ကမ္ဘာဦး ၁:၁ နှင့် ဆန့်ကျင်ပါသလော။ မဆန့်ကျင်ပါ။ “ကောင်းကင်နှင့်မြေကြီး” ၏ပကတိသက်တမ်းကို သမ္မာကျမ်းစာက မဖော်ပြချေ။ သိပ္ပံပညာသည် ကျမ်းစာနှင့် သဘောကွဲလွဲသည်မဟုတ်။

ဖန်ဆင်းရာနေ့များ မည်မျှတာရှည်သနည်း

ဖန်ဆင်းရာနေ့များသည် မည်မျှတာရှည်သနည်း။ စာသားအတိုင်း ၂၄ နာရီလော။ ကမ္ဘာဦးကျမ်းရေးသူ မောရှေသည် ဖန်ဆင်းရာ ခြောက်ရက်အပြီး နောက်တစ်နေ့ကို ပတ်စဉ် ဥပုသ်နေ့အတွက် စံအဖြစ် နောက်ပိုင်းတွင် ဖော်ပြခဲ့သောကြောင့် ဖန်ဆင်းရာ နေ့တစ်နေ့စီသည် စာသားအတိုင်း ၂၄ နာရီစီရှိရမည်ဟု အချို့က ဆိုကြ၏။ (ထွက်မြောက်ရာ ၂၀:၁၁) ဤကောက်ချက်ကို ကမ္ဘာဦးကျမ်းပါ အသုံးအနှုန်းက ထောက်ခံပါသလော။

မထောက်ခံချေ။ အမှန်မှာ “နေ့” ဟူ၍ပြန်ဆိုသည့် ဟေဗြဲစကားလုံးသည် ၂၄ နာရီမျှသာမဟုတ်ဘဲ အချိန်အတိုင်းအတာ အမျိုးမျိုးကို ဆိုလိုနိုင်သည်။ ဥပမာ၊ မောရှေသည် ဘုရားသခင့် ဖန်ဆင်းခြင်းအမှုကို အကျဉ်းချုံးဖော်ပြသည့်အခါ ဖန်ဆင်းရာ ခြောက်ရက်စလုံးကို နေ့တစ်နေ့အဖြစ် ဖော်ပြ၏။ (ကမ္ဘာဦး ၂:၄) ထို့ပြင် ဖန်ဆင်းရာ ပထမနေ့တွင် ဘုရားသခင်သည် “အလင်းကို နေ့ဟူသော အမည်ဖြင့်လည်းကောင်း၊ မှောင်မိုက်ကို ညဟူသောအမည်ဖြင့်လည်းကောင်း ခေါ်ဝေါ်သမုတ်တော်မူ” ၏။ (ကမ္ဘာဦး ၁:၅) ဤတွင် ၂၄ နာရီအချိန်ကာလ၏ အပိုင်းတစ်ပိုင်းကိုသာ “နေ့” ဟူသောအသုံးအနှုန်းဖြင့် သတ်မှတ်ဖော်ပြသည်။ ထို့ကြောင့် ဖန်ဆင်းရာနေ့တစ်ရက်စီသည် ၂၄ နာရီရှိသည်ဟူသော ယုတ္တိမရှိသည့် အဆိုမှာ ကျမ်းစာကိုအခြေမခံပါ။

သို့ဆိုလျှင် ဖန်ဆင်းရာနေ့များသည် မည်မျှတာရှည်သနည်း။ သမ္မာကျမ်းစာတွင် မဖော်ပြထားပါ၊ သို့သော် ကမ္ဘာဦးကျမ်း အခန်းကြီး ၁ နှင့် ပါအသုံးအနှုန်းများက အဆိုပါဖန်ဆင်းရာနေ့များတွင် တာရှည်သော အချိန်ကာလများ ပါဝင်ကြောင်း ဖော်ပြသည်။

ဖန်ဆင်းရာကာလခြောက်ခု

မောရှေသည် ဤမှတ်တမ်းကို ကမ္ဘာမြေပေါ်တွင် ရပ်နေသူတစ်ဦး၏ ရှုထောင့်မှ ဟေဗြဲဘာသာဖြင့် ရေးသားခဲ့ခြင်းဖြစ်၏။ စကြဝဠာသည် ဖန်ဆင်းရာကာလများ သို့မဟုတ် “နေ့” များ မစတင်မီကတည်းက တည်ရှိခဲ့သည်ဟူသော အသိပညာနှင့် အထက်ပါ အချက်နှစ်ချက်ကို ပေါင်းစပ်လိုက်ခြင်းဖြင့် ဖန်ဆင်းခြင်း မှတ်တမ်းဆိုင်ရာ အငြင်းပွားမှုများစွာကို ဖြေရှင်းပေးနိုင်သည်။ မည်သို့အားဖြင့်နည်း။

“နေ့” တစ်နေ့အတွင်း စတင်တဲ့ ဖြစ်ရပ်တွေဟာ နောက်တစ်နေ့ ဒါမှမဟုတ် နေ့ပေါင်းများစွာအထိ ဆက်ဖြစ်သွားကြောင်း သိရှိရ

ကမ္ဘာဦးကျမ်း မှတ်တမ်းကို အသေအချာ သုံးသပ်ကြည့်သည့်အခါ “နေ့” တစ်နေ့အတွင်း စတင်သည့် ဖြစ်ရပ်များသည် နောက်တစ်နေ့ သို့မဟုတ် နေ့ပေါင်းများစွာအထိ ဆက်ဖြစ်သွားကြောင်း သိရှိရသည်။ ဥပမာ၊ ဖန်ဆင်းရာပထမ “နေ့” ကို အစမပြုမီအထိ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်သို့ တည်ရှိနှင့်ပြီးသား နေ၏အလင်း မကျရောက်စေရန် ထူထပ်သောတိမ်များက တစ်နည်းနည်းဖြင့် ကာဆီးထား၏။ (ယောဘ ၃၈:၉) ပထမ “နေ့” အတွင်း ဤအတားအဆီးကို ဖယ်ရှားပစ်လိုက်ရာ အလင်းသည် ကမ္ဘာ့လေထုအတွင်းသို့ ထိုးဖောက်ပျံ့နှံ့သွားသည်။ a

ဒုတိယ “နေ့” တွင် အထက်အရပ်ရှိ ထူထပ်သောတိမ်များနှင့် အောက်အရပ်ရှိ သမုဒ္ဒရာကို ပိုင်းခြားလိုက်ရာ လေထုမှာ ရှင်းလင်းလာသည်။ စတုတ္ထ “နေ့” တွင် “မိုးကောင်းကင် မျက်နှာကြက်၌” နေနှင့်လတို့ကို မြင်ရသည်အထိ လေထုသည် ရှင်းသည်ထက် ရှင်းလာ၏။ (ကမ္ဘာဦး ၁:၁၄-၁၆) တစ်နည်းအားဖြင့်ဆိုလျှင် ကမ္ဘာပေါ်ရှိ လူတစ်ဦး၏ရှုထောင့်မှ နေနှင့်လတို့ကို စတင်တွေ့မြင်နိုင်ပြီ ဖြစ်သည်။ ဤဖြစ်ရပ်များသည် တဖြည်းဖြည်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် လေထုသည် ရှင်းလင်းလာသည်နှင့်အမျှ တောင်ပံပါသည့် အင်းဆက်ပိုးများအပါအဝင် ပျံသန်းနိုင်သောငှက်များသည် ပဉ္စမ “နေ့” တွင် စတင်ပေါ်ပေါက်လာကြောင်း ကမ္ဘာဦးကျမ်းကဆို၏။

ကျမ်းစကားအရ တစ်နေ့စီအတွင်း သို့မဟုတ် ဖန်ဆင်းရာကာလ တစ်ခုစီအတွင်း ဖြစ်ပျက်သည့် ဖြစ်ရပ်အချို့သည် ရုတ်ခြည်း ဖြစ်ပေါ်လာမည့်အစား တဖြည်းဖြည်း ဖြစ်ပေါ်လာခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် ဖြစ်ရပ်အချို့သည် နောက်ဖန်ဆင်းရာနေ့များအထိ ဖြစ်ပျက်သွားဖွယ်ရှိသည်။ b

အမျိုးအလိုက်

အပင်နှင့်တိရစ္ဆာန်များ တဖြည်းဖြည်း ရုပ်လုံးပေါ်လာခြင်းက ဘုရားသခင်သည် ဆင့်ကဲဖြစ်စဉ်ကိုအသုံးပြု၍ သက်ရှိအမျိုးမျိုးကို ဖန်ဆင်းခဲ့သည်ဟု ဆိုလိုပါသလော။ မဆိုလိုချေ။ အပင်နှင့် တိရစ္ဆာန်များ၏ အခြေခံ “အမျိုး” အစား အားလုံးကို ဘုရားသခင် ဖန်ဆင်းတော်မူခဲ့ကြောင်း ကျမ်းစာက ရှင်းလင်းစွာဆို၏။ (ကမ္ဘာဦး ၁:၁၁၊ ၁၂၊ ၂၀-၂၅) မူလ “အမျိုး” အစား အတိုင်းရှိနေသည့် အပင်နှင့်တိရစ္ဆာန်များတွင် ပတ်ဝန်းကျင် အခြေအနေနှင့်အညီ အလိုက်သင့်ပြောင်းလဲနိုင်သည့်အစွမ်း ထည့်ထားပါသလော။ “အမျိုး” တစ်မျိုးကို မည်သို့ ကန့်သတ်ထားသနည်း။ ဤအချက်ကို သမ္မာကျမ်းစာက မဖော်ပြချေ။ သို့သော် သက်ရှိသတ္တဝါများသည် “အမျိုးအလိုက် များပြားစွာမွေးဖွား” ခဲ့ကြကြောင်း ကျမ်းစာကဆို၏။ (ကမ္ဘာဦး ၁:၂၁) ဤဖော်ပြချက်က “အမျိုး” တစ်မျိုး၏ ကွဲပြားမှု ပမာဏတွင်လည်း အကန့်အသတ်ရှိကြောင်း ဆိုလိုသည်။ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းနှင့် ခေတ်သစ် သုတေသနပြုမှုတို့က အပင်နှင့်တိရစ္ဆာန်တို့၏ မူလအမျိုးသည် အချိန်ကြာလာသည့်အခါ မဆိုစလောက် ပြောင်းလဲသွားသည်ဟူသောအယူအဆကို ထောက်ခံကြသည်။

သက်ရှိအားလုံးဟာ “အမျိုးအလိုက်” ဖြစ်ပေါ်လာကြောင်း မျက်မှောက်ခေတ် သုတေသနပြုချက်များက အတည်ပြု

ဘာသာရေးရှိရင်းစွဲဝါဒီအချို့က ကမ္ဘာမြေကြီးနှင့် သက်ရှိအားလုံး အပါအဝင် စကြဝဠာကို အချိန်တိုအတွင်း ဖန်ဆင်းခဲ့သည်ဟု ဆိုကြသော်လည်း ကမ္ဘာဦးကျမ်းက ထိုသို့မသွန်သင်ချေ။ သို့အစား စကြဝဠာဖန်ဆင်းခြင်း၊ ကမ္ဘာမြေပေါ် သက်ရှိများ ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်သော ကမ္ဘာဦးကျမ်းမှတ်တမ်းသည် မကြာသေးမီက သိပ္ပံတွေ့ရှိချက်များနှင့် ကိုက်ညီ၏။

သိပ္ပံပညာရှင်များသည် အတွေးအခေါ်ကို အခြေခံသည့် ယုံကြည်ချက်များကြောင့် အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းသည်ဟူသော ကျမ်းစာဖော်ပြချက်ကို ငြင်းပယ်ကြ၏။ သို့သော် စိတ်ဝင်စားစရာမှာ ရှေးကျသည့် ကမ္ဘာဦးကျမ်းတွင် စကြဝဠာ၌ အစရှိကြောင်း၊ သက်ရှိများသည် ကာလများစွာကြာပြီးမှ တဖြည်းဖြည်းရုပ်လုံးပေါ်လာကြောင်း မောရှေရေးသားခဲ့ခြင်း ဖြစ်သည်။ မောရှေသည် လွန်ခဲ့သောအနှစ် ၃,၅၀၀ ခန့်က သိပ္ပံပညာအရ ဤမျှတိကျမှန်ကန်သည့် အချက်အလက်များကို မည်သို့ရရှိခဲ့သနည်း။ ကျိုးကြောင်းညီညွတ်သည့် ရှင်းပြချက်တစ်ခုရှိ၏။ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းရန် ဉာဏ်ပညာနှင့် တန်ခိုးရှိတော်မူသောအရှင်သည်သာ မောရှေအား ဤမျှအဆင့်မြင့်သော အသိပညာ ပေးနိုင်ခဲ့ခြင်းဖြစ်သည်မှာ သေချာသည်။ ယင်းက သမ္မာကျမ်းစာကို “ဘုရားသခင့် စွမ်းအားတော်၏လမ်းညွှန်မှုဖြင့်ရေးသား” သည်ဟူသော ကျမ်းစာအဆိုကို လေးနက်စေသည်။ c၂ တိမောသေ ၃:၁၆

သို့သော် သင်သည် ဖန်ဆင်းခြင်းဆိုင်ရာ ကျမ်းစာမှတ်တမ်းကို ယုံကြည်သည်၊ မယုံကြည်သည်မှာ အမှန်အရေးပါသလောဟု သင်စဉ်းစားမိပေမည်။ အဘယ်ကြောင့် အမှန်အရေးပါကြောင်း ခိုင်လုံသည့်အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ပါ။

a ပထမ “နေ့” တွင်ဖြစ်ပျက်ခဲ့ရာနှင့်ပတ်သက်သည့် ဖော်ပြချက်၌ အလင်းအတွက် ယေဘုယျသဘောဖြင့် သုံးနှုန်းထားသည့် ဟေဗြဲစကားလုံးမှာ အောရ် (’ohr) ဖြစ်သည်။ သို့သော် စတုတ္ထ “နေ့” နှင့်ပတ်သက်၍ အသုံးပြုထားသည့်စကားလုံးမှာ မာအောရ် (ma.’ohrʹ) ဖြစ်ပြီး ယင်းက အလင်း၏ပင်ရင်းကို ရည်ညွှန်းသည်။

b ဥပမာ၊ ဖန်ဆင်းရာခြောက်ရက်အတွင်းတွင် ဘုရားသခင်သည် လူသားတို့အား ‘များပြားစွာမွေးဖွား၍ မြေကြီးကို ပြည့်စေကြလော့’ ဟုမိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၁:၂၈၊ ၃၁) သို့တိုင် ယင်းဖြစ်ရပ်သည် နောက် “နေ့” ထိတိုင် စတင်မဖြစ်ပျက်သေးပါ။—ကမ္ဘာဦး ၂:၂

c ဤအကြောင်းအရာနှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်များ အတွက် ယေဟောဝါသက်သေများထုတ်ဝေသော လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် ဘရိုရှာကိုကြည့်ပါ။