မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမြစ်​ပြတ် ကုသမှု

အမြစ်​ပြတ် ကုသမှု

သန်းနဲ့ချီတဲ့သူတွေဟာ ရှေ့​ဆောင်းပါး​တွေ​မှာ ပါတဲ့ ကျမ်းစာ​အခြေခံ​မူတွေကို လိုက်နာ​ကျင့်သုံး​ပြီး စိတ်နှလုံး​ထဲမှာ အမြစ်စွဲ​နေတဲ့ မလိုမုန်းထား ခွဲခြား​ဆက်ဆံမှု​ကို တဖြည်းဖြည်း ထုတ်​ပယ်​နိုင်​ခဲ့​ကြတယ်။ အမှန်အတိုင်း​ ပြော​ရ​ရင် အဲဒီ​သဘောထားကို လုံးဝ​ ပျောက်​သွား​အောင် ကိုယ့်​ဘာသာ​ကိုယ် မဖယ်ထုတ်​နိုင်ဘူး။ ဒါဆိုရင် မျှော်လင့်ချက် မရှိတော့ဘူး​လား။

အကောင်းဆုံး အစိုးရ​တစ်ခု

လူ့​အစိုးရ​တွေ​က​တော့ ခွဲခြား​ဆက်ဆံ​တတ်​တဲ့ လူ့​သဘောထားကို မပြောင်းလဲ​ပေး​နိုင်ဘူး​ဆိုတာ တွေ့ရ​တယ်။ ဒါပေမဲ့ ဘယ်​အစိုးရ​ကမှ မလုပ်ပေးနိုင်ဘူး ဆို​တဲ့​သဘော မဟုတ်ပါဘူး။

မလိုမုန်းထားမှု​ကို လုံးဝ​ ပျောက်​သွား​အောင် လုပ်ပေး​နိုင်​တဲ့ အစိုးရ​တစ်ခု ရှိတယ်။ အဲဒီ​အစိုးရ​ဟာ

  1. ၁။ တခြား​သူတွေ​အပေါ်​ ထား​တဲ့ လူတွေရဲ့ အတွေးအခေါ်နဲ့ ခံစားချက်​ကို ပြောင်းလဲ​ပေး​မယ်။

  2. ၂။ ခွဲခြား​ဆက်ဆံခံရသူ​တွေ​ရဲ့ စိတ်ဒဏ်ရာ​ကို ကုစား​ပေး​မယ်။

  3. ၃။ နိုင်ငံသား​တွေ​ကို ကျော​သား​ရင်​သား မခွဲခြား​ဘဲ မျှမျှတတ ဆက်ဆံ​မယ့် ခေါင်းဆောင်​ကောင်း​တွေ ရှိမယ်။

  4. ၄။ လူမျိုး​အားလုံး​ကို စည်းလုံးစေ​မယ်။

အဲဒီ​အစိုးရ​ကို ဘုရားသခင် တည်ထောင်​ထားပြီးပြီ​လို့ ကျမ်းစာ​မှာ ပြော​ထား​တယ်။ အဲဒါ​က “ဘုရားသခင့် နိုင်ငံတော်” ပဲ။ —လုကာ ၄:၄၃

ဘုရား​နိုင်ငံတော်​က လုပ်ပေးမယ့်​အရာ​တွေ​ကို သုံးသပ်ကြည့်​ပါ။

၁။ အကောင်းဆုံး ပညာရေး

“ပြည်သူပြည်သား​တွေ​က ဖြောင့်မတ်ခြင်း​အကြောင်း သင်ယူ​ကြတယ်။”—ဟေရှာယ ၂၆:၉

“စစ်မှန်​တဲ့ ဖြောင့်မတ်မှု​ကြောင့် ငြိမ်းချမ်း​လာမယ်။ စစ်မှန်​တဲ့ ဖြောင့်မတ်မှုရဲ့ အသီးအပွင့်​တွေ​က တည်မြဲ​တဲ့ အေးချမ်းမှု​နဲ့ လုံခြုံမှု​ပဲ။”—ဟေရှာယ ၃၂:၁၇

ဘာကို​ ဆိုလို​သလဲ။ ဘုရားသခင့်​နိုင်ငံတော်​က လူတွေကို မှန်ကန်​တဲ့​အရာ​တွေ သင်ပေး​မယ်။ လူတွေဟာ မှန်ကန်​တဲ့​အရာ​နဲ့ တရား​မျှတမှုကို သိလာတဲ့​အခါ တခြား​သူတွေ​အပေါ်​ ထား​တဲ့ သူတို့ရဲ့ သဘောထား ပြောင်း​သွားတယ်။ အဲဒီအခါ လူအားလုံးကို ချစ်​ရမယ်ဆိုတာ အသိအမှတ်ပြု လက်ခံ​လာ​ကြ​မယ်။

၂။ ကုသမှု

ဘုရားသခင်​က သူတို့ရဲ့ မျက်ရည်​ရှိသမျှကို သုတ်​ပေး​လိမ့်မယ်။ သေခြင်း​ ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေး​မြည်တမ်း​ခြင်း၊ အော်ဟစ်​ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်က​ ဖြစ်​ဖူး​တာ​တွေ ကွယ်ပျောက်​သွားပြီ။”—ဗျာဒိတ် ၂၁:၄

ဘာကို​ ဆိုလို​သလဲ။ မတရားမှု​ကြောင့် ဖြစ်ပေါ်​လာတဲ့ နာကျင်မှု​အားလုံး​ကို ဘုရားသခင့်​နိုင်ငံတော်​က ဖယ်ရှား​ပေး​ပါ​လိမ့်မယ်။ အရင်က မတရား ဆက်ဆံ​ခံ​ခဲ့​ရသူတွေ​လည်း နာကြည်း​မုန်းတီး​စရာ​အကြောင်း မရှိတော့ဘူး။

၃။ ခေါင်းဆောင်​ကောင်း

“အပြင်ပန်း​ကိုပဲ ကြည့်​ပြီး တရား​မစီရင်​ဘူး။ ကြား​တဲ့​ စကား​ကိုပဲ မူတည်ပြီး ဆုံးမ​မှာ မဟုတ်ဘူး။ နိမ့်ကျ​သူတွေကို မျှမျှတတ တရား​စီရင်​မယ်။ ကမ္ဘာ​ပေါ်မှာ​ ရှိတဲ့ စိတ်​နူးညံ့​သူတွေရဲ့ အကျိုးအတွက် ဖြောင့်မှန်​စွာ ပဲ့ပြင်​မယ်။”—ဟေရှာယ ၁၁:၃၊ ၄

ဘာကို​ ဆိုလို​သလဲ။ ဘုရားသခင့် ကောင်းကင်​နိုင်ငံတော်​ ဘုရင် ယေရှုခရစ်ဟာ ကမ္ဘာ​ပေါ်​က လူတွေကို မျက်နှာမလိုက်​ဘဲ မျှမျှတတ အုပ်ချုပ်​မယ်။ ယေရှုဟာ လူမျိုးတစ်မျိုး​ကို တခြား​လူမျိုး​ထက် ပို​မျက်နှာသာ​ပေး​မှာ မဟုတ်ဘူး။ တစ်ကမ္ဘာ​လုံး​က လူတွေဟာ ဖြောင့်မတ်​တဲ့ ဥပဒေ​ကို လိုက်နာ​ကြ​မယ်။

၄။ စည်းလုံးမှု

ဘုရားသခင့် နိုင်ငံတော်​က လူတွေကို ‘တစ်စိတ်​တစ်သဘောတည်း ရှိဖို့၊ အပြန်အလှန် ချစ်​ဖို့၊ တစည်းတလုံး​တည်း ရှိဖို့၊ စိတ်သဘော တညီတညွတ်​တည်း ရှိဖို့’ သင်ပေး​မယ်။—ဖိလိပ္ပိ ၂:၂

ဘာကို​ ဆိုလို​သလဲ။ ဘုရားသခင့်​နိုင်ငံတော်သား​တွေ​ရဲ့ စည်းလုံးမှု​ဟာ ဟန်ပြ​လောက်​ပဲ မဟုတ်ဘူး။ သူတို့​အချင်းချင်း အမှန်တကယ် ချစ်တဲ့​အတွက်​ကြောင့် စိတ်သဘော တညီတညွတ်​တည်း ရှိကြမယ်။