စိန်ခေါ်ချက်ကို ရင်ဆိုင်မယ့် ခြေလှမ်း
ကျင့်ဝတ် ပညာရေး
ကျောင်းလေ့လာရေး ခရီးစဉ်တစ်ခုမှာ ကျောင်းသားတစ်ယောက်ကို လိင်ဆိုင်ရာ စော်ကားမှု ကျူးလွန်တယ်ဆိုပြီး ဆယ်ကျော်သက် ကျောင်းသားတချို့ စွပ်စွဲခံရတယ်။ သူတို့အားလုံးဟာ ကနေဒါနိုင်ငံ နာမည်ကြီး ပုဂ္ဂလိက ကျောင်းက ကျောင်းသားတွေ ဖြစ်ကြတယ်။ အဲဒီလို ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ လီယိုနတ် စတန်းက အော့တ္တဝါစီတီဇင် သတင်းစာမှာ ဒီလိုရေးခဲ့တယ်– “ပညာတတ်တဲ့ လူကုံထံတွေ ဖြစ်ရုံနဲ့ လူငယ်တွေကို မကောင်းမှု မကျူးလွန်အောင် မတားဆီးပေးပါဘူး။”
“မိဘတွေရဲ့ အကြီးမားဆုံး ပန်းတိုင်တစ်ခုကတော့ သားသမီးကို စာရိတ္တပိုင်း ဖွံ့ဖြိုးရင့်သန်စေဖို့လို့ ယူဆကြမယ်။ တကယ်တော့ မိဘတွေက ကျောင်းစာတော်ဖို့၊ အလုပ်ကောင်းကောင်း ရဖို့ပဲ အလေးထားကြတယ်” လို့ စတန်း ရေးခဲ့တယ်။
ကျောင်းပညာရေး အရေးကြီးတာ မှန်ပါရဲ့။ ဒါပေမဲ့ အကောင်းဆုံး ကျောင်းပညာရေးကတောင် မကောင်းတဲ့ စိတ်ဆန္ဒတွေ၊ ဉာဉ်ဆိုးတွေကို တိုက်ဖျက်ဖို့ မကူညီပေးနိုင်ဘူး။ ဒါဆိုရင် ကျင့်ဝတ်ပိုင်း လမ်းညွှန်ပေးတဲ့ ပညာရေးကို ဘယ်မှာ ရနိုင်မလဲ။
ကျင့်ဝတ်စာရိတ္တပိုင်း လမ်းညွှန်ပေးတဲ့ ပညာရေး
ကျမ်းစာဟာ ကြည့်မှန်နဲ့ တူတယ်။ ကျမ်းစာကို ကြည့်တဲ့အခါ ကိုယ့်ကန့်သတ်ချက်တွေ၊ အားနည်းချက်တွေကို သိမြင်လာတယ်။ (ယာကုပ် ၁:၂၃-၂၅) ကျမ်းစာက ဒီထက်မက ကူညီပေးနိုင်တယ်။ လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့၊ စစ်မှန်တဲ့ သင့်မြတ်ညီညွတ်မှု ရှိစေတဲ့ အရည်အသွေးတွေ ပျိုးထောင်ဖို့ ကူညီပေးတယ်။ အဲဒီအရည်အသွေးတွေမှာ ကောင်းမြတ်ခြင်း၊ ကြင်နာခြင်း၊ စိတ်ရှည်ခြင်း၊ ချုပ်တည်းခြင်း၊ ချစ်ခြင်းတို့ ပါဝင်တယ်။ ချစ်ခြင်းမေတ္တာဟာ “စည်းလုံးခြင်းအတွက် ခိုင်မြဲတဲ့ နှောင်ကြိုး” လို့လည်း ဖော်ပြထားတယ်။ (ကောလောသဲ ၃:၁၄) ချစ်ခြင်းမေတ္တာဟာ ဘာကြောင့် အလွန်ထူးခြားရသလဲ။ ကျမ်းစာအဆိုကို သတိပြုကြည့်ပါ။
-
“မေတ္တာဟာ စိတ်ရှည်တတ်တယ်။ ကြင်နာတတ်တယ်။ မေတ္တာဟာ မနာလို မဖြစ်တတ်ဘူး၊ မဝါကြွားတတ်ဘူး၊ မာန်မာန မရှိဘူး။ မတော်မလျော် မကျင့်တတ်ဘူး။ ကိုယ်ကျိုး မရှာတတ်ဘူး။ ဒေါသ မထွက်တတ်ဘူး။ နစ်နာမှုတွေကို မမှတ်ထားတတ်ဘူး။ မတရားမှုကြောင့် ဝမ်းမသာတတ်ဘူး။ အမှန်တရားကြောင့် ဝမ်းသာတတ်တယ်။ မေတ္တာဟာ အရာရာကို သည်းခံတတ်တယ်။ . . . ကြံ့ကြံ့ခံတတ်တယ်။ မေတ္တာဟာ အစဉ်တည်တယ်။”—၁ ကောရိန္သု ၁၃:၄-၈။
-
“မေတ္တာဟာ သူတစ်ပါးကို နစ်နာအောင် မလုပ်တတ်ဘူး။”—ရောမ ၁၃:၁၀။
-
“အရေးကြီးဆုံးကတော့ အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြပါ။ ချစ်ခြင်းမေတ္တာရှိသူဟာ ခွင့်လွှတ်ဖို့ အမြဲအသင့်ရှိတယ်။”—၁ ပေတရု ၄:၈။
ကိုယ့်ကို ချစ်ခင်တဲ့သူတွေနဲ့ အတူနေရတဲ့အခါ ဘယ်လို ခံစားရသလဲ။ ဘေးကင်းလုံခြုံတယ်၊ သက်သောင့်သက်သာရှိတယ် မဟုတ်လား။ ကိုယ့်ကောင်းကျိုးကို လိုလားတဲ့သူတွေက ထိခိုက်နစ်နာအောင် ဘယ်တော့မှ လုပ်မှာ မဟုတ်မှန်း သိထားလို့ပဲ။
ချစ်ခြင်းမေတ္တာက စွန့်လွှတ်အနစ်နာခံစေတယ်၊ သူတစ်ပါးအကျိုးအတွက် ဘဝပုံစံတွေကိုတောင် ပြောင်းလဲစေတယ်။ ဥပမာ၊
ဂျော့ဟာ အဘိုး ဖြစ်လာတဲ့အခါ မြေးလေးနားမှာ အမြဲနေချင်တယ်။ ပြဿနာကတော့ ဂျော့က ဆေးလိပ်စွဲနေတယ်။ သားမက်က ကလေးနားမှာ ဆေးလိပ် သောက်တာကို မကြိုက်ဘူး။ ဂျော့ ဘာလုပ်သလဲ။ အနှစ် ၅၀ ကြာ ဆေးလိပ် သောက်ခဲ့ပေမဲ့ မြေးလေးကြောင့် ဆေးလိပ် ဖြတ်လိုက်တယ်။ ဒါဟာ ချစ်ခြင်းမေတ္တာရဲ့ အစွမ်းပဲ။ကောင်းမြတ်ခြင်း၊ ကြင်နာခြင်း၊ အထူးသဖြင့် ချစ်ခြင်းမေတ္တာစတဲ့ အရည်အသွေးကောင်းတွေ ပျိုးထောင်ဖို့ ကျမ်းစာက ကူညီပေး
ချစ်ခြင်းမေတ္တာဆိုတာ သင်ယူလို့ရတဲ့ အရည်အသွေးပါပဲ။ သားသမီးတွေ ချစ်တတ်လာအောင် သွန်သင်ပေးဖို့က မိဘတွေရဲ့ အဓိက တာဝန် ဖြစ်တယ်။ သားသမီးတွေကို ကျွေးမွေးစောင့်ရှောက်တယ်။ ထိခိုက်ဖျားနာတဲ့အခါ ကူညီပြုစုပေးတယ်။ မိဘကောင်းတွေက သားသမီးတွေနဲ့ စကားပြောကြတယ်။ ဆုံးမသွန်သင်ကြတယ်။ အမှားအမှန်နဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ အခြေခံမူတွေ သင်ပေးကြတယ်။ ဒီ့ပြင် သားသမီးတွေအတွက် စံပြပုဂ္ဂိုလ်တွေ ဖြစ်အောင် စံနမူနာကောင်း ပြကြတယ်။
ဒါပေမဲ့ မိဘတချို့ တာဝန်မကျေပွန်ကြတာ စိတ်မကောင်းစရာပဲ။ ဒီတော့ သားသမီးတွေလည်း လူရည်မွန်တွေ ဖြစ်မလာနိုင်တော့ဘူးဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ အဆင်မပြေတဲ့ မိသားစုမှာ ကြီးပြင်းလာသူတချို့ အပါအဝင် လူကြီးတွေတောင် အံ့ဖွယ်အပြောင်းအလဲတွေ လုပ်ခဲ့ပြီး တာဝန်ယူတတ်တဲ့၊ ယုံကြည်စိတ်ချထိုက်တဲ့ နိုင်ငံသားကောင်းတွေ ဖြစ်လာကြတယ်။ အဖတ်ဆယ်မရတော့ဘူးလို့ ယူဆခံရသူတချို့တောင်မှ ပြောင်းလဲနိုင်တယ်ဆိုတာကို နောက်ဆောင်းပါးမှာ တွေ့ရပါမယ်။