မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ​ရှုထောင့်

စာတန်​ကား မည်သူ​နည်း။ သူသည် တကယ့်​ပုဂ္ဂိုလ်​လော

စာတန်​ကား မည်သူ​နည်း။ သူသည် တကယ့်​ပုဂ္ဂိုလ်​လော

အချို့​သော ခေတ်​သစ်​ကျမ်း​ပညာရှင်​များ​က စာတန်​သည် တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​မဟုတ်၊ လူတို့၏​စိတ်ကူး​ထဲ​တွင် ဖန်တီး​ထားသော​အရာ​မျှ​သာ​ဖြစ်၏​ဟု ဆို​ကြသည်။ ဤ​အငြင်းပွားမှု​သည် အသစ်အဆန်း​မဟုတ်​ချေ။ ‘စာတန်​၏​အထိရောက်ဆုံး​လှည့်စားမှု​မှာ သူ​တကယ်​မရှိ​ဟူ၍ ကျွန်ုပ်​တို့ကို အယုံသွင်း​ခြင်း​ဖြစ်သည်’ ဟု ၁၉ ရာစု​မှ ကဗျာ​ဆရာ ရှားလ်စ်​ပိုင်​ယာ​ဘော်​ဒီလို​င်​ရာ က ရေးသားခဲ့​၏။

စာတန်​သည် တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​လော။ သို့​ဖြစ်​လျှင် သူ​မည်သို့​ဖြစ်လာ​သနည်း။ သူသည် ကမ္ဘာကြီး​ကို ကပ်​သင့်​စေသည့် ပြဿနာ​များ​နောက်ဝယ်​ရှိ မျက်မြင်မရ​သောတန်​ခိုး​ရှင်​လော။ သူ၏​ဆိုးညစ်သော​သြဇာ​ကို သင်​မည်သို့ ရှောင်ရှား​နိုင်​သနည်း။

စာတန်​သည် ဤ​လောကကို ကပ်​သင့်​စေသည့် ပြဿနာ​များ​နောက်ဝယ်​ရှိ မျက်မြင်မရ​သော တန်ခိုးရှင်​လော

သမ္မာကျမ်းစာ​အဆို

စာတန်​သည် မမြင်​ရသော​ဝိညာဉ်​ဘောင်​တွင်​ရှိသည့် တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်သည်ဟု သမ္မာကျမ်းစာ​တွင်​ဖော်ပြ​ထား​၏။ (ယောဘ ၁:၆) သူ၏​ရက်စက်​ယုတ်မာ​သည့် စရိုက်​များ​ကို​သာမက ဆိုးညစ်သော​လုပ်ရပ်များ​ကို​ပါ ဖော်ပြ​ထား​၏။ (ယောဘ ၁:၁၃-၁၉; ၂:၇၊ ၈; ၂ တိမောသေ ၂:၂၆) ဘုရားသခင်​နှင့်​သာမက ယေရှု​နှင့်​ပါ စာတန်​စကားပြော​ခဲ့​ကြောင်းကို​လည်း မှတ်တမ်း​တင်ထား​သည်။—ယောဘ ၁:၇-၁၂; မဿဲ ၄:၁-၁၁

သူသည် ထိုသို့​သော​ဆိုးညစ်သူ မည်သို့​ဖြစ်လာ​သနည်း။ လူကို​မဖန်ဆင်းမီ ကြာမြင့်စွာ​က​ပင် ဘုရားသခင်​သည် မိမိ၏ “သားဦး” ကို ဖန်ဆင်း​ခဲ့​ကာ နောင်​တွင် သူ့ကို ယေရှု​ဟူ၍ လူသိ​များ​လာ​သည်။ (ကောလောသဲ ၁:၁၅) နောက်ပိုင်း​တွင် ဘုရားသခင်​၏ အခြားသော​သားများ​ကို ဖန်ဆင်း​ခဲ့​ကာ ယင်း​တို့ကို ကောင်းကင်တမန်​များ​ဟု​ခေါ်​သည်။ (ယောဘ ၃၈:၄-၇) ၎င်း​တို့အားလုံး​သည် စုံလင်​ဖြောင့်မတ်​ကြ​၏။ သို့သော် ကောင်းကင်တမန်​တစ်ပါး​သည် နောင်​တွင် စာတန်​ဖြစ်လာ​၏။

စာတန်​ဟူသည် ဖန်ဆင်း​ခံရ​ချိန်​တွင်​ပေး​ထားသော သူ၏​နာမည်​ရင်း​မဟုတ်ပေ။ ယင်းသည် “ပြိုင်ဘက်၊ ရန်သူ၊ စွပ်စွဲသူ” ဟူ၍​အဓိပ္ပာယ်​ရှိသည့် အမျိုးအစား​ပြ​နာမည်​တစ်ခု​ဖြစ်၏။ သူသည် ဘုရားသခင်​အား ဆန့်ကျင်​သော​ဘဝ​လမ်းစဉ်​ကို ရွေးချယ်​ခဲ့​ခြင်း​ကြောင့် စာတန်​ဟူ၍ အမည်တွင်​လာ​သည်။

ဤ​ဝိညာဉ်​သတ္တဝါ​သည် စိတ်​ကြီး​ဝင်​ကာ ဘုရားသခင်​နှင့် ပြိုင်ဆိုင်​လို​စိတ် တိုးများ​လာ​၏။ မိမိ​အား အခြားသူများ​ဝတ်ပြု​ရန် လိုလား​ခဲ့​၏။ ဘုရားသခင်​၏​သားဦး​ယေရှု မြေကြီးပေါ်​ရှိ​စဉ်​က စာတန်​သည် မိမိ​အား “ကိုးကွယ်” ရန် ယေရှုကို​ပင် သွေးဆောင်​ခဲ့​သည်။—မဿဲ ၄:၉

စာတန်​သည် “သစ္စာတရား​၌​မတည်​မနေ” ပါ။ (ယောဟန် ၈:၄၄) သူက ဘုရားသခင်​သည် မုသား​သုံး​သည်​ဟု စောင်း​ပါး​ရိပ်​ခြည်​ပြော​သော်လည်း အမှန်ဆိုလျှင် သူ​သာ​လျှင် မုသာကောင်​ဖြစ်၏။ သူသည် ဧဝ​အား ဘုရားသခင်​ကဲ့သို့​ဖြစ်​နိုင်​သည်​ဟု ပြောဆို​ခဲ့​သော်လည်း ဘုရားသခင်​ကဲ့သို့ အမှန်တကယ်​ဖြစ်​လို​သူ​မှာ သူ​သာ​လျှင်​ဖြစ်၏။ စဉ်းလဲ​ကောက်ကျစ်​သော​နည်း​များ​ကို​အသုံးပြု၍ သူ၏ တစ်ကိုယ်ကောင်း​ဆန်​သော စိတ်ဆန္ဒ​ကို အကောင်အထည်ဖော်​ခဲ့​သည်။ ဘုရားသခင်​ထက် မိမိ​ကြီးမြတ်​သည်​ဟု ဧဝ​အား အယုံသွင်း​ခဲ့​၏။ ဧဝ​သည် စာတန်​၏​စကား​ကို​နားထောင်ခြင်း​ဖြင့် စာတန်​အား ဘုရားသခင်​အဖြစ် လက်ခံခဲ့သည်။—ကမ္ဘာဦး ၃:၁-၇

ပုန်ကန်​ရန်​လှုံ့ဆော်ခြင်း​ဖြင့် ယခင်​က ယုံကြည်​စိတ်ချ​ရသော ဤ​ကောင်းကင်တမန်​သည် သူ့ကိုယ်သူ စာတန်—ဘုရားသခင်​နှင့်​လူတို့၏ ပြိုင်ဘက်​နှင့် ရန်သူ—ဖြစ်စေ​ခဲ့​သည်။ ဤ​ဆိုးညစ်သူ​၏​အမည်​သည် “ရှုတ်ချ​ဂုဏ်ဖျက်​သူ” ဟူ၍လည်း​အဓိပ္ပာယ်​ရှိ၏။ အပြစ်​ကျူးလွန်​ရာ​တွင်​ဦးဆောင်​သော ဤ​သူသည် နောက်ဆုံး​တွင် ဘုရားသခင်​အား မနာခံရန်၊ သူ၏​ပုန်ကန်မှု​တွင် ပူးပေါင်း​ပါဝင်​ရန် အခြား​ကောင်းကင်တမန်​များ​အပေါ် ဩဇာ​လွှမ်းမိုး​ခဲ့​သည်။ (ကမ္ဘာဦး ၆:၁၊ ၂; ၁ ပေတရု ၃:၁၉၊ ၂၀) အဆိုပါ​ကောင်းကင်တမန်​များသည် လူသား​တို့၏​အခြေအနေ​ကို ပို​၍​ဆိုးဝါး​စေ​ခဲ့​သည်။ စာတန်​၏​ကိုယ်ကျိုးရှာ​လမ်းစဉ်​ကို တုပခြင်း​ကြောင့် ကမ္ဘာ​မြေကြီး​သည် အကြမ်းဖက်မှု​နှင့် ပြည့်နှက်​လာ​၏။—ကမ္ဘာဦး ၆:၁၁; မဿဲ ၁၂:၂၄

စာတန့်​သြဇာ မည်မျှ​ကြီးမား​သနည်း

ရာဇဝတ်သား​တစ်ဦး​သည် မိမိ​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း သဲလွန်စ​မကျန်​စေရန် အ​ခင်း​ဖြစ်ပွား​ရာ​နေရာ​မှ သူ၏​လက်ဗွေ​များ​ကို ဖျက်​ပစ်​ပေမည်။ သို့သော် ရဲ​များ​ရောက်လာ​သည့်​အခါ ရာဇဝတ်မှု​တစ်ခု ကျူးလွန်​ထား​လျှင် ရာဇဝတ်သား​တစ်ဦး​ရှိ​ရမည်ကို သူတို့​သိ​ကြသည်။ ဦးဆုံး ‘လူ​အသက်​သတ်​သူ’ စာတန်​သည် မိမိ​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း သဲလွန်စ​မကျန်​ရန် ကြိုးစား​သည်။ (ယောဟန် ၈:၄၄; ဟေဗြဲ ၂:၁၄) ဧဝ​နှင့်​စကားပြော​စဉ်​က စာတန်​သည် မြွေ​တစ်ကောင်​၏​နောက်ကွယ်​မှ​နေ၍ မိမိ​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ဖုံးကွယ်​ထား​သည်။ ယနေ့လည်း ဖုံးကွယ်​ရန် သူ​ကြိုးစား​နေဆဲ​ပင်။ သူသည် မိမိ၏​သြဇာလွှမ်း​မိုး​နိုင်စွမ်း​ကို မသိအောင်​ဖုံးကွယ်​ရန် ‘မယုံကြည်​သော​သူတို့၏ ဉာဏ်​မျက်စိ​ကို​ကွယ်​စေ’ ခဲ့ပြီ။—၂ ကောရိန္သု ၄:၄

သို့သော် ယေရှု​က စာတန်​အား ကျွန်ုပ်​တို့​နေထိုင်ရာ ပျက်စီး​ယိုယွင်းသော​လောက​၏​နောက်ကွယ်​မှ ကြိုးကိုင်​နေသော​ရာဇဝတ်ကောင်​အဖြစ် ဖော်ပြ​ကာ “ဤ​လောကကို​အစိုး​ရသော​မင်း” ဟု​ခေါ်ဆို​ခဲ့​သည်။ (ယောဟန် ၁၂:၃၁; ၁၆:၁၁) ‘တစ်လောက​လုံး​သည် စာတန်​၏​လက်၌​ရှိ၏’ ဟု တမန်​တော်​ယောဟန်​က ရေးသားခဲ့​သည်။ (၁ ယောဟန် ၅:၁၉) စာတန်​သည် ‘ကိုယ်ကာယ​တပ်မက်​ခြင်း၊ မျက်စိ​တပ်မက်​ခြင်း၊ လောက​စည်းစိမ်​၌ ဝါကြွားခြင်း’ တို့ကို ထိရောက်​စွာ​အသုံးပြု၍ “ဤ​လောက တစ်နိုင်ငံ​လုံး​ကို​လှည့်ဖြား” သည်။ (၁ ယောဟန် ၂:၁၆; ဗျာ. ၁၂:၉) လူသား​အများစု​သည် စာတန်​ကို နာခံကြ​သည်။

ဧဝ​၏​ကိစ္စ​တွင်​ကဲ့သို့ စာတန်​ကို နာခံ​သူများ​သည် အမှန်ဆိုလျှင် စာတန်​ကို မိမိတို့၏​ဘုရားသခင်​အဖြစ် လက်ခံ​ကြ​ခြင်း​ဖြစ်သည်။ ထို့​ကြောင့် စာတန်​သည် ‘ဤ​လောကကို​အစိုးရ​သော​ဘုရားသခင်’ ဖြစ်လာ​၏။ (၂ ကောရိန္သု ၄:၄) စာတန့်​အုပ်ချုပ်မှု​၏ အကျိုးဆက်များ​တွင် အရေခြုံ​ခြင်း၊ မုသား​သုံး​ခြင်း၊ စစ်ပွဲ၊ နှိပ်စက်​ညှဉ်းပန်းမှု၊ ဖျက်ဆီးမှု၊ ရာဇဝတ်မှု၊ လောဘ​ကြီးခြင်း​နှင့် အကျင့်​ယိုယွင်းခြင်း​တို့​ပါဝင်​သည်။

စာတန့်​သြဇာ​မှ ကင်းဝေး​နိုင်​ပုံ

သမ္မာကျမ်းစာ​က “သတိရှိ​လျက် မ​အိပ်​ဘဲ​စောင့်နေ​ကြလော့” ဟု​သတိပေး​၏။ အဘယ်ကြောင့်​နည်း။ ‘သင်တို့၏​ရန်သူ​တည်း​ဟူသော စာတန်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့သို့ အဘယ်သူ​ကို​မျို​ရမည်​နည်း​ဟူ၍ လှည့်လည်​ရှာဖွေ​လျက်​ရှိ’ သောကြောင့်​ဖြစ်၏။ (၁ ပေတရု ၅: ၈) ဤ​ကျမ်းချက်​သည် အလေးအနက်​ဆင်ခြင်​စ​ရာ​ဖြစ်သော်လည်း သတိ​နှင့် မ​စောင့်နေ​သူများကို​သာ​လျှင် ‘စာတန် အနိုင်​ရမည်’ ဖြစ်​ကြောင်း သိရခြင်းက အားရှိစရာ​ဖြစ်သည်။—၂ ကောရိန္သု ၂:၁၁

စာတန် တကယ်​ရှိသည်​ဟူသော အမှန်တရားကို​သာမက ဘုရားသခင် ကျွန်ုပ်​တို့အား “ခိုင်ခံ့​မြဲမြံ​စေတော်မူ” သည်ကို လက်ခံ​ကြဖို့ အလွန်​အရေးကြီး​၏။ ဤသို့ဖြင့် ကျွန်ုပ်​တို့သည် ‘စာတန်​ကို​ဆီးတား’ ကာ ဘုရားသခင်​ဘက် ရပ်တည်​နိုင်​ကြ​မည်​ဖြစ်၏။—၁ ပေတရု ၅:၉၊ ၁၀