မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြတ်သားတဲ့ စည်းမျဉ်းတွေ ချမှတ်ပါ

ပြတ်သားတဲ့ စည်းမျဉ်းတွေ ချမှတ်ပါ

ခိုင်မာပါ၊ ပြောထားတဲ့အတိုင်းလုပ်ပါ

“ကလေးတွေကို ပြုစုပျိုးထောင်ရတာမလွယ်ဘူး။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်၊ တခြားဆယ်ကျော်သက်တွေလို မိဘကို အာခံတတ်တဲ့အရွယ် ရောက်လာတဲ့အခါမှာ ဖြစ်တယ်။”—တောင်အာဖရိကမှ ဒဲလ်ဆီ။

အခက်အခဲ။

“နောက်ဆုံးသောနေ့ရက်” တွေမှာ ကလေးအများစုက “မိဘစကားနားမထောင်သူ” ဖြစ်မယ်လို့ ကျမ်းစာမှာ ကြိုပြောထားတယ်။—၂ တိမောသေ ၃:၁၊ ၂

အကြံပြုချက်။

“ကလေးတွေက မိဘရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ တောင်းဆိုချက်တွေ လိုအပ်တယ်” ဆိုတာ သိထားပါ။ (The Single Parent Resource, by Brook Noel) ကလေးနဲ့ မိသားစု စိတ်ပညာရှင် ဘယ်ရီ ဂျီ. ဂင်စဘာက ခုလိုပြောတယ်– “စည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း သိထားမယ်ဆိုရင် ဆက်ဆံရေးပိုကောင်းလာလေ့၊ ဖိစီးမှုပိုနည်းသွားလေ့ ရှိတယ်။” သူဒီလိုလည်း ဆက်ပြောတယ်– “စည်းကမ်းကလည်း ရှင်းတယ်၊ သူတို့ကိုလည်း ရှင်းရှင်းလင်းလင်း ပြောထားတယ်ဆိုရင် မိသားစု ပြောဆိုဆက်သွယ်ရေး ပိုလွယ်လာတယ်။” ရှင်းလင်းတဲ့စည်းမျဉ်းတွေကို သင် ဘယ်လိုချမှတ်နိုင်သလဲ။

ခိုင်မာပါ၊ ပြောထားတဲ့အတိုင်း လုပ်ပါ။ (မဿဲ ၅:၃၇) မိဘတွေက မလုပ်နဲ့မပြောဘဲ အမြဲအလိုလိုက်နေမယ်ဆိုရင် ကလေးတွေက ပိုဆိုးလာလေ့ရှိတယ်ဆိုပြီး ဩစတြေးလျမှာလုပ်တဲ့ လေ့လာမှုက ဖော်ပြတယ်။ ကျမ်းစာပြောတဲ့အတိုင်းပါပဲ– “တတ်တိုင်းနေစေသောသူငယ်သည် အမိကိုအရှက်ခွဲတတ်၏။”—သု. ၂၉:၁၅

ကြင်ဖော်မဲ့မိဘဖြစ်တဲ့အတွက် အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ကြောင့် အရမ်းအလိုလိုက်တတ်တဲ့မိဘ ဖြစ်မသွားပါစေနဲ့။ “တစ်ခါတလေ ကျွန်မရဲ့ ပထမဆုံးခံစားချက်က သားနှစ်ယောက်အတွက် စိတ်မကောင်းဖြစ်မိတာပဲ။ သူတို့ခမျာ မိမစုံဖမစုံနဲ့ နေရရှာတယ်” လို့ ယက်စမင်ကပြောတယ်။ ဒီလိုခံစားချက်က သဘာဝဖြစ်ပေမဲ့ ဒီခံစားချက်ကြောင့် သူဟာ ကလေးကို မဆုံးမဘဲမနေခဲ့ဘူး။

တစ်သမတ်တည်းဖြစ်ပါ။ “လက်မခံနိုင်တဲ့ အပြုအမူကြောင့် ဆုံးမခံရမယ်ဆိုတာ အတွေ့အကြုံကနေ သိလာတဲ့ကလေးတွေဟာ အပြုအမူနဲ့ ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရှောင်လွှဲနိုင်စေတယ်” လို့ အမေရိကန်ဂျာနယ်တစ်စောင်က ပြောတယ်။ ယက်စမင်က ခုလိုဖော်ပြတယ်– “ကျွန်မက သားတွေနဲ့အတူထိုင်ပြီး စည်းကမ်းအကြောင်း ဆွေးနွေးတယ်။ သူတို့ အမှားလုပ်တဲ့အခါ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း တစ်သမတ်တည်းဖြစ်အောင် ကြိုးစားတယ်။ ဒါပေမဲ့ အရင်ဆုံးနားထောင်ဖို့၊ သူတို့ရဲ့အပြုအမူက မိသားစုကို ဘယ်လိုထိခိုက်သလဲဆိုတာ အရင်ရှင်းပြဖို့ ကြိုးစားတယ်။ ပြီးမှပဲ ကြိုသတိပေးထားတဲ့အတိုင်း ဆုံးမတယ်။”

အကျိုးသင့်အကြောင်းသင့်ရှိပါ၊ ဒေါသနဲ့ မဆုံးမပါနဲ့။ မှန်ကန်ရာဘက်မှာ ခိုင်မာဖို့ လိုအပ်ပေမဲ့ အခြေအနေအရ လိုအပ်လာရင် အကျိုးသင့်အကြောင်းသင့်လည်း ဖြစ်သင့်ပါတယ်။ “အထက်မှဉာဏ်ပညာ” ဖြစ်တဲ့ ဘုရားသခင့်ဆီက ဉာဏ်ပညာဟာ “အကျိုးသင့်အကြောင်းသင့်ရှိ” တယ်လို့ ယာကုပ် ၃:၁၇ ကပြောတယ်။ အကျိုးသင့်အကြောင်းသင့်ရှိတဲ့သူက ဘယ်တော့မှ ကမူးရှူးထိုး မလုပ်ဘူး၊ ဒေါသတကြီးနဲ့ မလုပ်ဘူး။ ခံစားချက်မပါဘဲ စာအုပ်ကြီးအတိုင်း လုပ်တာလည်း မရှိဘူး။ အဲဒီအစား သူတို့က အရင်ဆုံး စဉ်းစားတယ်။ ဆုတောင်းရင်တောင် ဆုတောင်းမယ်။ ပြီးနောက် တည်တည်ငြိမ်ငြိမ်၊ သင့်တော်တဲ့နည်းနဲ့ လုပ်ဆောင်နိုင်မှာဖြစ်တယ်။

တစ်သမတ်တည်းရှိတာ၊ ခိုင်မာတာ၊ အကျိုးသင့်အကြောင်းသင့် ရှိတာအပြင် သင့်ပုံသက်သေကောင်းက ရှင်းလင်းပြတ်သားတဲ့ စည်းမျဉ်းချဖို့ ထောက်ကူပေးနိုင်ပြီး အဲဒါက သင့်အိမ်ကို သင့်ကလေးတွေအတွက် လုံခြုံတဲ့ခိုနားရာ ဖြစ်စေပါလိမ့်မယ်။