မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာရှုထောင့်

ညစ်ညမ်းရုပ်ပုံစာပေ

ညစ်ညမ်းရုပ်ပုံစာပေ

သမ္မာကျမ်းစာက ညစ်ညမ်းရုပ်ပုံစာပေကို ရှုတ်ချထားသလား

“မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ။”—မဿဲ ၅:၂၈

ဒီအကြောင်းကိုသိဖို့ ဘာကြောင့်အရေးကြီးသလဲ–

ဒီနေ့ခေတ်မှာ ညစ်ညမ်းတဲ့ စာပေ၊ ရုပ်ပုံ၊ ဗီဒီယိုတွေ ပိုခေတ်စားလာပြီး အရင်ကထက် လွယ်လွယ်ကူကူလည်းရနိုင်တယ်။ ဘုရားသခင့်အလိုတော်နဲ့တွေ့ဖို့၊ ပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်ဖို့ဆိုရင် ညစ်ညမ်းရုပ်ပုံစာပေတွေကို ဘုရားသခင် ဘယ်လိုမြင်သလဲဆိုတာ သိထားရမယ်။

သမ္မာကျမ်းစာပြောဆိုရာ–

သမ္မာကျမ်းစာမှာ ညစ်ညမ်းရုပ်ပုံစာပေအကြောင်း သတ်သတ်မှတ်မှတ်တော့ မဖော်ပြထားဘူး။ ဒါပေမဲ့၊ ညစ်ညမ်းရုပ်ပုံစာပေ ကြည့်ရှုခြင်းက ကျမ်းစာမူများစွာနဲ့ တိုက်ရိုက်ဆန့်ကျင်နေတယ်။

ဥပမာ၊ အိမ်ထောင်သည်အမျိုးသားတစ်ယောက်က ကိုယ့်အိမ်ထောင်ဖက်မဟုတ်တဲ့ အမျိုးသမီးတစ်ယောက်ကို “ဆက်ကြည့်နေ” မယ်ဆိုရင် ဖောက်ပြန်ဖို့ဆန္ဒကို မွေးမြူနေတာဖြစ်ပြီး အဲဒါက အိမ်ထောင်ရေးဖောက်ပြန်မှုကို ဦးတည်သွားစေနိုင်တယ်လို့ သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်း သတိပေးထားတယ်။ ဒီကျမ်းစာမူက လိင်အကျင့်သီလယိုယွင်းဖို့ဆန္ဒနဲ့ ညစ်ညမ်းရုပ်ပုံကို “ဆက်ကြည့်နေ” တဲ့ အိမ်ထောင်သည်ရော၊ တစ်ကိုယ်ရေသမားနဲ့ပါ သက်ဆိုင်တယ်။ ဒီအကျင့်ကို ဘုရားသခင်ရွံမုန်းတယ်ဆိုတာ ရှင်းနေပါတယ်။

လိင်မှုကိစ္စမကျူးလွန်ဘူးဆိုရင် ညစ်ညမ်းရုပ်ပုံစာပေကြည့်တာကို လက်ခံနိုင်မလား

“မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်း၊ သွေးသားဆန္ဒပြင်းပြခြင်း၊ မကောင်းသော တောင့်တခြင်း၊ . . . တပ်မက်ခြင်းနှင့် ဆိုင်သည့် . . . သင်တို့၏ကိုယ်အင်္ဂါများကို သေစေကြလော့။”—ကောလောသဲ ၃:၅

လူတွေပြောဆိုရာ–

ညစ်ညမ်းရုပ်ပုံစာပေကြည့်ရှုခြင်းနဲ့ လိင်ဆိုင်ရာယုတ်ညံ့တဲ့အပြုအမူက တော်တော့်ကိုဆက်စပ်တယ်ဆိုတဲ့အချက်ကို ဆန်းစစ်လေ့လာသူတချို့က မယုံချင်ကြဘူး။ ဒါပေမဲ့ ညစ်ညမ်းရုပ်ပုံစာပေကို ကြည့်ရှုခြင်းအကျင့်က မကောင်းတဲ့အကျင့်လို့ပြောမလား။

သမ္မာကျမ်းစာပြောဆိုရာ–

“ညစ်ညမ်းသော ပြက်လုံး” တွေကို လက်မခံသင့်တဲ့အရာ၊ အကျင့်ပျက်မှုတစ်ခုအဖြစ် သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဧဖက် ၅:၃၊ ၄) ဒါဆိုရင် ညစ်ညမ်းရုပ်ပုံစာပေကို ဘယ်လိုလုပ်ပြီး လက်ခံလို့ရမလဲ။ ဒီနေ့ခေတ် ညစ်ညမ်းရုပ်ပုံစာပေတွေထဲမှာ ဖောက်ပြန်နေတာတွေ၊ လိင်တူမေထုန်ပြုနေတာတွေနဲ့ မတရားမေထုန်ရဲ့ တခြားပုံစံတွေကို ရိုက်ကူးပြသထားတာတွေ ပါဝင်တယ်။ ညစ်ညမ်းတဲ့စကားတွေကိုတောင် ဘုရားသခင်မနှစ်သက်ဘူးဆိုရင် တဏှာစိတ်နဲ့ လိင်အကျင့်ယိုယွင်းတဲ့လုပ်ရပ်တွေ ကြည့်တာကို ဘုရားသခင် ပိုရွံမုန်းမှာ ထင်ရှားပါတယ်။

လူတွေဟာ ညစ်ညမ်းရုပ်ပုံစာပေတွေကိုကြည့်ပြီး စိတ်ရူးပေါက်သလို လိုက်လုပ်လေ့ရှိမရှိနဲ့ပတ်သက်လို့ ဆန်းစစ်လေ့လာသူတွေ ဆက်လက်ငြင်းခုံနေကြဆဲဖြစ်တယ်။ ဒါပေမဲ့ ညစ်ညမ်းရုပ်ပုံကြည့်ခြင်းက ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကိုပျက်စီးစေတဲ့အကျင့်၊ ဘုရားသခင် အလွန်ရွံမုန်းတဲ့အမူအကျင့်ဖြစ်တယ်ဆိုတာကို ကျမ်းစာမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။ ‘မတရားမေထုန်ပြုခြင်း၊ သွေးသားဆန္ဒပြင်းပြခြင်းနှင့်ဆိုင်သည့် သင်တို့၏ကိုယ်အင်္ဂါများကို သေစေကြလော့’လို့ ကျမ်းစာမှာ တိုက်တွန်းထားတယ်။ (ကောလောသဲ ၃:၅) ညစ်ညမ်းရုပ်ပုံကို ကြည့်ရှုသူတွေက အဲဒီလိုဆန္ဒတွေကို သေစေပါဆိုတာနဲ့ လားလားကြီးဆန့်ကျင်ပြီး ဒီဆန္ဒတွေကို လှုံ့ဆော်ပေးနေတာမဟုတ်လား။

ညစ်ညမ်းရုပ်ပုံစာပေ ကြည့်တဲ့အကျင့်ကိုဖျောက်ဖို့ ဘာက အထောက်အကူပြုနိုင်သလဲ

“ဒုစရိုက်ကိုရှောင်၍ သုစရိုက်ကို ရှာကြလော့။ . . . ဒုစရိုက်ကိုမုန်း၍ သုစရိုက်ကိုချစ်ကြလော့။”—အာမုတ် ၅:၁၄၊ ၁၅

သမ္မာကျမ်းစာပြောဆိုရာ–

လိင်ကိစ္စရှုပ်ပွေသူ၊ အရက်သမားနဲ့ သူခိုးဖြစ်ခဲ့ဖူးသူတွေက အဲဒီအကျင့်ဆိုးတွေကို စွန့်လွှတ်နိုင်ခဲ့ကြတယ်ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ကောရိန္သု ၆:၉-၁၁) ဘယ်လိုနည်းနဲ့လဲ။ သမ္မာကျမ်းစာမှာတွေ့ရတဲ့ ပညာရှိစကားကို ကျင့်သုံးပြီး မကောင်းမှုကိုမုန်းဖို့ သင်ယူခြင်းအားဖြင့်ဖြစ်တယ်။

ညစ်ညမ်းရုပ်ပုံစာပေရဲ့ ကြောက်စရာကောင်းတဲ့ဆိုးကျိုးတွေကို သေသေချာချာစဉ်းစားကြည့်မယ်ဆိုရင် အန္တရာယ်ရှိတဲ့ အဲဒီမကောင်းမှုကို မုန်းနိုင်ပါတယ်။ ညစ်ညမ်းရုပ်ပုံကြည့်သူတွေက စိတ်ကျဝေဒနာ၊ လူတွေနဲ့အရောတဝင် မရှိချင်တာ၊ လူမှုပေါင်းသင်းဆက်ဆံရေး ထိခိုက်ပျက်စီးတာနဲ့ တခြားဆိုးကျိုးတွေကို ခံစားရကြတယ်လို့ အမေရိကန်နိုင်ငံ ယူတာတက္ကသိုလ်က မကြာသေးခင်က လေ့လာမှုတွေပြုလုပ်ပြီးနောက် ဖော်ပြခဲ့တယ်။ ရှေ့မှာဖော်ပြထားသလို ညစ်ညမ်းရုပ်ပုံကြည့်တာကို ဘုရားသခင်ရွံမုန်းတယ်၊ အဲဒီအပြင် ဒီထက်ဆိုးတဲ့ ဆိုးကျိုးကတော့ ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်ခွင့် ဆုံးရှုံးသွားခြင်းဖြစ်တယ်။

သမ္မာကျမ်းစာက ကောင်းတာကို ချစ်မြတ်နိုးဖို့ ထောက်ကူပေးနိုင်တယ်။ ကျမ်းစာများများဖတ်လေ ကျမ်းစာပါကိုယ်ကျင့်တရားစံနှုန်းတွေကို ပိုပြီးချစ်မြတ်နိုးလေပဲ။ အဲဒီချစ်မြတ်နိုးမှုက ညစ်ညမ်းရုပ်ပုံကို မကြည့်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေပြီး “တန်ဖိုးမရှိတဲ့ အရာမှန်သမျှကို ကျွန်တော့်မျက်စိရှေ့မှာ မထားဘူး” လို့ပြောခဲ့တဲ့ ဆာလံဆရာလို ပြောနိုင်စေပါလိမ့်မယ်။—ဆာလံ ၁၀၁:၃ကဘ။