မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တွေ့ဆုံမေးမြန်းခန်း | ဘရဒ် ရှန့်ခ်

“သက်ရှိတွေကို ဘုရားသခင် ပုံစံဒီဇိုင်း ရေးဆွဲထားတယ်လို့ ကျွန်တော် ယုံတယ်”

“သက်ရှိတွေကို ဘုရားသခင် ပုံစံဒီဇိုင်း ရေးဆွဲထားတယ်လို့ ကျွန်တော် ယုံတယ်”

ဘရဒ် ရှန့်ခ်ဟာ အမေရိကန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတိုင်ပင်ခံကနေ အငြိမ်းစားယူထားသူဖြစ်တယ်။ အပင်၊ တိရစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင်တို့ အပြန်အလှန်အမှီသဟဲပြုနေတာကို လေ့လာခဲ့သူဖြစ်တယ်။ ဖန်ဆင်းရှင်ကို သူ ဘာကြောင့် ယုံကြည်တာလဲ။ ဘုရားသခင်ကို သူယုံကြည်ရတဲ့အကြောင်းနဲ့ သူ့အလုပ်အကြောင်းကို နိုးလော့! က တွေ့ဆုံမေးမြန်းထားပါတယ်။

နောက်ခံကို ပြောပြနိုင်မလား။

အဖေက စက်မှုအင်ဂျင်နီယာတစ်ယောက်ပါ။ ကျွန်တော့်ကို သင်္ချာနဲ့ သိပ္ပံအကြောင်း အားရပါးရပြောပြတတ်တယ်။ ကျွန်တော်ငယ်ငယ်က အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ နယူးပဲရစ်ရွာမှာနေတယ်၊ အိမ်နားက ချောင်းနဲ့ရေအိုင်ဝန်းကျင်မှာရှိတဲ့ အပင်တွေနဲ့ တိရစ္ဆာန်တွေကို တော်တော်လေးစိတ်ဝင်စားခဲ့တာ။ ဒါကြောင့် ကျွန်တော် ပါဒူ တက္ကသိုလ်ရောက်တဲ့အခါ ဂေဟဗေဒပညာရပ်ကို လေ့လာဆည်းပူးဖို့ ရွေးချယ်ခဲ့တယ်။

ဘာသာရေးကိုရော စိတ်ဝင်စားခဲ့သလား။

စိတ်ဝင်စားပါတယ်။ အဖေက ကျွန်တော့်ကို လူသာရင်ခရစ်ယာန်ဘာသာကိုလေ့လာဖို့ အားပေးခဲ့တယ်။ မူရင်းသမ္မာကျမ်းစာကိုရေးသားခဲ့တဲ့ ဘာသာစကားတစ်ခုဖြစ်တဲ့ ကွိုင်နေး(အများသုံး)ဂရိစကားကို လေ့လာခဲ့တယ်။ ဒါကြောင့် သမ္မာကျမ်းစာကို လေးမြတ်မှုပိုနက်ရှိုင်းလာတယ်။

ဆင့်ကဲသီအိုရီကို ဘယ်လိုရှုမြင်ခဲ့သလဲ။

ဆင့်ကဲသီအိုရီကို ကျွန်တော့်ချာ့ခ်ျက လက်ခံတယ်။ လုပ်ဖော်ကိုင်ဖက်တွေလည်း ယုံကြည်တယ်။ ဒါကြောင့် ကျွန်တော်လည်း အလိုလိုလက်ခံလိုက်တယ်။ ဒါပေမဲ့ ဘုရားသခင်ကိုလည်း ယုံကြည်တယ်။ ဒီယုံကြည်ချက်နှစ်ခုဟာ သဟဇာတဖြစ်နေတယ်လို့ ကျွန်တော်ထင်ခဲ့တာ။ ကျမ်းစာကိုလေးမြတ်ပေမဲ့ ဘုရားသခင်ဆီကလာတယ်လို့တော့ မယုံကြည်ခဲ့ဘူး။

သမ္မာကျမ်းစာအပေါ်ရှုမြင်ပုံ ဘယ်လိုလုပ်ပြီး ပြောင်းလဲသွားတာလဲ။

ယေဟောဝါသက်သေ ဇနီးမောင်နှံဖြစ်တဲ့ စတိဗ်နဲ့စန်ဒီဟာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ဒက်ဘီဆီကို လည်ပတ်ခဲ့ကြတယ်။ သမ္မာကျမ်းစာဟာ သိပ္ပံပြဋ္ဌာန်းစာအုပ်မဟုတ်ပေမဲ့ သိပ္ပံပညာအရ မှန်ကန်မှုရှိတယ်ဆိုတာကို သူတို့ထောက်ပြခဲ့တယ်။ ဥပမာ၊ ဒီကျမ်းချက်တွေ– “ဘုရားသခင်က မြေကြီးစက်ဝန်းပေါ်မှာထိုင်တဲ့အရှင်” ဖြစ်တယ်။ (ဟေရှာယ ၄၀:၂၂ကဘ) “မြေကြီးကို အခုအခံမရှိဆွဲထား” တယ်။ (ယောဘ ၂၆:၇) အဲဒီတုန်းက ဂြိုဟ်တုကနေရိုက်ထားတဲ့ ဓာတ်ပုံတွေသုံးပြီး ဂေဟဗေဒပညာကို လေ့လာနေချိန်ဖြစ်တော့ အဲဒီကျမ်းချက်တွေက ကျွန်တော့်ကို တော်တော်လေးထိမိသွားတယ်။ အခုအခံမရှိဆွဲထားတဲ့ ကမ္ဘာလုံးပုံကို ဘယ်သူမှဓာတ်ပုံမရိုက်ခင် အစောကြီးကတည်းက ဒီကျမ်းကိုရေးသားခဲ့တာ။ ကျွန်တော်တို့ဇနီးမောင်နှံက စတိဗ်၊ စန်ဒီတို့နဲ့ ကျမ်းစာလေ့လာတဲ့အခါ ပရောဖက်ပြုချက်တွေက တကယ်ပြည့်စုံခဲ့ကြောင်း၊ ကျမ်းစာအကြံပြုချက်တွေက လက်တွေ့ကျကြောင်း သိလာတယ်၊ ရှင်းပြချက်တွေက ကျွန်တော့်ကို စိတ်ကျေနပ်စေတယ်။ ဒါကြောင့် သမ္မာကျမ်းစာဟာ ဘုရားသခင်ဆီက လာတယ်ဆိုတာကို တဖြည်းဖြည်းနဲ့ ယုံကြည်လာခဲ့တယ်။

သက်ရှိတွေရဲ့မူလအစနဲ့ပတ်သက်တဲ့ရှုမြင်ပုံ ဘယ်အချိန်မှာ ပြောင်းလဲသွားသလဲ။

စတိဗ်က သမ္မာကျမ်းစာထဲကနေ “ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း” ခဲ့တယ်ဆိုတဲ့ ကျမ်းပိုဒ်ကိုပြတယ်။ (ကမ္ဘာဦး ၂:၇) ပထမဆုံးလူသားမှာ မှတ်တမ်းတင်ထားတဲ့ သမိုင်းရှိတယ်။ မေးစရာက အဲဒီကျမ်းစာမှတ်တမ်းက သိပ္ပံဆိုင်ရာအချက်တွေနဲ့ ကိုက်ညီမှုရှိရဲ့လား။ အဲဒီအကြောင်းကို လေ့လာရှာဖွေဖို့ စတိဗ်က အားပေးခဲ့လို့ ကျွန်တော် လေ့လာရှာဖွေခဲ့တယ်။

ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘာသိရှိခဲ့သလဲ။

အများကြီးပါပဲ။ တစ်ခုပြောရမယ်ဆိုရင် သက်ရှိတွေရဲ့မူလအစကို ဆင့်ကဲသီအိုရီနဲ့ ရှင်းပြဖို့ ကြိုးစားကြတယ်။ သက်ရှိတွေဟာ နှလုံး၊ အဆုတ်နဲ့ မျက်လုံးစတဲ့ စနစ်တကျလုပ်ဆောင်နေတဲ့ အင်္ဂါတွေနဲ့ ဖွဲ့စည်းထားတယ်။ အဏုကြည့်မှန်ဘီလူးနဲ့သာမြင်နိုင်တဲ့ ဆဲလ်တွေထဲမှာတောင် အားလုံးက စနစ်တကျရှိနေတယ်။ ဒီလိုစနစ်ကျမှုတွေက ဘယ်လိုဖြစ်လာသလဲ။ စနစ်တကျရှိနေတဲ့ သက်ရှိတွေကပဲ အသက်ရှင် ကျန်ရစ်တာကိုထောက်ရှုရင် စနစ်တကျရှိမှုကို သဘာဝက ရွေးချယ်လိုက်ခြင်းဖြစ်တယ်လို့ ဆင့်ကဲကိုယုံတဲ့သူတွေ ပြောကြတယ်။ ဒါပေမဲ့ ‘ဘယ်လိုလုပ်ပြီး ဒီလိုစနစ်တကျ ရှိလာတာလဲ’ ဆိုတဲ့မေးခွန်းကိုတော့ အဖြေမပေးဘူး။ ဒီမေးခွန်းကို ဆင့်ကဲသီအိုရီက အဖြေမပေးနိုင်ဘူးလို့ သိပ္ပံပညာရှင်အတော်များများ ယူဆထားကြတယ်။ ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်တဲ့ သီအိုရီတစ်ခုကိုမှ မယုံဘူးလို့ သတ္တဗေဒပါမောက္ခတစ်ယောက်က ကျွန်တော့်ကို ဖွင့်ပြောဖူးတယ်။ ဒါပေမဲ့ အလုပ်ပြုတ်မှာကြောက်လို့ သူ့ရဲ့အမြင်ကို လူသိရှင်ကြားမပြောရဲဘူး။

ဂေဟဗေဒနဲ့ပတ်သက်တဲ့အသိပညာက ဘုရားသခင်ကို ယုံကြည်ဖို့ အထောက်အကူပေးသလား။

ပေးပါတယ်။ ကျွန်တော့်အလုပ်က သက်ရှိတွေ အပြန်အလှန် ဘယ်လိုအမှီသဟဲပြုနေသလဲဆိုတာကိုလည်း လေ့လာရတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအားလုံးက တခြားသက်ရှိတစ်ခုခုအပေါ် မှီခိုနေတယ်။ ဥပမာ၊ ပန်းတွေနဲ့ ပျားတွေကိုစဉ်းစားကြည့်ပါ။ ပန်းရဲ့အရောင်၊ အနံ့၊ ဝတ်ရည်နဲ့ ပုံစံက ပျားတွေကိုဆွဲဆောင်ပြီး သူတို့ကိုယ်မှာ ဝတ်မှုန်တွေကပ်ပေးလိုက်တယ်။ ပျားတွေကျတော့ ဝတ်ရည်ကိုစုပ်ယူတယ်၊ ဝတ်မှုန်ကူးပေးပြီး အပင်တွေကို မျိုးအောင်စေတယ်။ ပျားနဲ့ပန်းတွေဟာ တစ်ခုနဲ့တစ်ခု လိုအပ်ရာကိုဖြည့်စွက်ဖို့ ပုံစံပြုခံထားရတယ်ဆိုတာ ထင်ရှားနေတယ်။

‘ကမ္ဘာပေါ်က သက်ရှိစနစ်တစ်ခုလုံးရဲ့ဒဏ်ခံနိုင်မှုကို စဉ်းစားကြည့်တဲ့အခါ ဒါကို ဘုရားသခင်ပုံစံပြုထားတယ်ဆိုတာ ကျွန်တော် အခိုင်အမာယုံကြည်တယ်’

ဂေဟစနစ်မှာ သက်ရှိတွေ တစ်ခုနဲ့တစ်ခု အမှီသဟဲပြုနေတာ တကယ့်ကိုကြီးမားတဲ့အတိုင်းတာနဲ့ တွေ့ရတယ်။ ဂေဟစနစ်ဆိုတာက ထောင်သောင်းချီတဲ့ တိရစ္ဆာန်၊ အပင်၊ ဘက်တီးရီးယားနဲ့ မှိုအမျိုးအစားတွေအတူရှိနေတဲ့ ဝန်းကျင်ဖြစ်တယ်။ တိရစ္ဆာန်အားလုံးက အစာနဲ့အောက်ဆီဂျင်အတွက် အပင်ကိုမှီခိုနေရတယ်၊ ပန်းပွင့်တဲ့အပင်အများစုကလည်း တိရစ္ဆာန်ကို မှီခိုနေရတယ်။ ဂေဟစနစ်က အလွန့်အလွန်ရှုပ်ထွေးပြီး အဲဒီမှာပါဝင်တဲ့သက်ရှိတွေက ပျက်စီးနိုင်ပေမဲ့ သူတို့တွေက နှစ်ထောင်ချီ ဆက်လက်တည်ရှိနေနိုင်တယ်။ ညစ်ညမ်းမှုကြောင့် ပျက်စီးသွားမယ်ဆိုရင်တောင် ညစ်ညမ်းမှုရင်းမြစ်ကို ဖယ်ရှားလိုက်ရင် သိပ်မကြာခင်မှာပဲ ဒီရှုပ်ထွေးတဲ့ဂေဟစနစ်ဟာ ပြန်အသက်ဝင်လာပါလိမ့်မယ်။ ကမ္ဘာပေါ်က သက်ရှိစနစ်တစ်ခုလုံးရဲ့ဒဏ်ခံနိုင်မှုကို စဉ်းစားကြည့်တဲ့အခါ ဒါကို ဘုရားသခင်ပုံစံပြုထားတယ်ဆိုတာ ကျွန်တော် အခိုင်အမာယုံကြည်တယ်။

ယေဟောဝါသက်သေတစ်ယောက် ဘယ်လိုလုပ်ဖြစ်လာတာလဲ။

လူ့အဖွဲ့အစည်းတွေက သဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးနေလို့ ကျွန်တော် တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။ ဂေဟစနစ်က ဒဏ်ခံနိုင်တယ်ဆိုပေမဲ့ မပျက်စီးနိုင်တာတော့မဟုတ်ဘူး။ ဘုရားသခင်က “မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” မယ်ဆိုတာကို ယေဟောဝါသက်သေတွေဆီကနေ ကျွန်တော် သိလာတယ်။ (ဗျာဒိတ် ၁၁:၁၈) ဒီစကားက ကျွန်တော့်အတွက် အရေးပါတယ်။ ကျွန်တော်ကျမ်းစာဆက်လေ့လာတယ်၊ ကျမ်းစာကပေးတဲ့မျှော်လင့်ချက်က မှန်ကန်မှုရှိတယ်ဆိုတာကို တဖြည်းဖြည်းနဲ့ သဘောပေါက်လာတယ်။

ကျွန်တော့်ရဲ့ယုံကြည်ချက်ကို တခြားသူတွေကို ပြောပြရတာ နှစ်သက်တယ်။ သိပ္ပံပညာရှင်တချို့ကိုလည်း ကျမ်းစာလေ့လာရာမှာ ကူညီပေးနေပါတယ်။ အသက် ၅၅ နှစ်မှာ စောစောစီးစီးအငြိမ်းစားယူလိုက်ပြီး အသက်ပေးပိုင်ရှင်အကြောင်း၊ မြေကြီးနဲ့ပတ်သက်တဲ့ ကိုယ်တော်ရဲ့ရည်ရွယ်ချက်အကြောင်း လူတွေသိလာဖို့ ကူညီပေးတဲ့နေရာမှာ အချိန်ကို ပိုအသုံးပြုနေပါတယ်။