မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

သတင်းမီဒီယာတွေကို ယုံကြည်နိုင်ပါသလား

သတင်းမီဒီယာတွေကို ယုံကြည်နိုင်ပါသလား

လူများစွာဟာ သူတို့ဖတ်ရ၊ ကြားရတဲ့ သတင်းတွေကို သံသယစိတ်ဝင်လာကြတယ်။ ဥပမာ၊ ၂၀၁၂ ခုနှစ် အမေရိကန်ပြည်ထောင်စုမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုမှာ တီဗွီ၊ ရေဒီယို၊ သတင်းစာတွေမှာပါတဲ့ သတင်းတွေရဲ့ အကြောင်းအရာပြည့်စုံမှု၊ ဘက်မလိုက်မှု၊ တိကျမှန်ကန်မှုနဲ့ ပတ်သက်ပြီး “ဘယ်လောက်ထိ ယုံကြည်စိတ်ချသလဲ” ဆိုတာကို မေးမြန်းခဲ့တယ်။ အမေးခံရသူ ၁၀ ယောက်မှာ ၆ ယောက်က “သိပ်မယုံဘူး” ဒါမှမဟုတ် “လုံးဝမယုံဘူး” လို့ ပြောကြတယ်။ ဒီလိုပြောရအောင် ခိုင်လုံတဲ့အကြောင်းရင်းရှိလို့လား။

သတင်းထောက်တွေနဲ့ ထုတ်ဝေသူတွေဟာ တိကျပြီးဗဟုသုတရစေတဲ့ အကြောင်းအရာတွေကိုပဲ ထုတ်ဝေဖြန့်ချိတယ်လို့ အခိုင်အမာပြောကြတယ်။ ဒါပေမဲ့ ထည့်သွင်းသုံးသပ်စရာ အကြောင်းရင်းတွေရှိပါသေးတယ်။ အောက်ပါအချက်တွေကို သုံးသပ်ကြည့်ပါ–

  • မီဒီယာလုပ်ငန်းရှင်–မီဒီယာလုပ်ငန်းတွေကို ပိုင်ဆိုင်ထားတဲ့သူတွေက အရေးကြီးတဲ့ သတင်းရင်းမြစ်တွေကို ရရှိထားကြတယ်။ ဘယ်သတင်းကို ထုတ်ပြန်မယ်၊ ဘယ်လိုနည်းနဲ့ ထုတ်ပြန်မယ်၊ သတင်းထုတ်ပြန်တဲ့အခါ ပွင့်လင်းမြင်သာမှု ဘယ်လောက်ရှိမလဲ ဆိုတာတွေအပေါ် သူတို့သြဇာလွှမ်းမိုးထားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အများစုက စီးပွားရေးအကျိုးအမြတ်ကိုပဲ ကြည့်ပြီး အကြောင်းအရာတွေကို တင်ဆက်လို့ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့အကျိုးအမြတ်ကို ထိခိုက်မယ့်သတင်းတွေကို ထုတ်လွှင့်လေ့မရှိကြဘူး။

  • အစိုးရ–မီဒီယာတွေမှာတင်ဆက်တဲ့ အကြောင်းအရာအများစုက နိုင်ငံရေးနဲ့အစိုးရရဲ့ လုပ်ဆောင်ချက်တွေဖြစ်တယ်။ အစိုးရက ပြည်သူလူထုကို အစိုးရနဲ့ အာဏာပိုင်တွေအပေါ် ထောက်ခံစေချင်ကြတယ်။ မီဒီယာလုပ်ငန်းလုပ်ကိုင်သူတွေက အစိုးရဆီကမျက်နှာသာရချင်လို့ တစ်ခါတလေ အစိုးရအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ကြတယ်။

  • ကြော်ငြာပေးခြင်း–နိုင်ငံအများစုမှာ မီဒီယာလုပ်ငန်းတွေ ဆက်လည်ပတ် စေဖို့ လိုအပ်တဲ့ငွေကြေးကို ကြော်ငြာဝန်ဆောင်မှုကနေ အများစုရရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ မဂ္ဂဇင်းထုတ်ဝေရေးလုပ်ငန်းတွေက ကြော်ငြာကနေ ဝင်ငွေ ၅၀ ရာခိုင်နှုန်းနဲ့ ၆၀ ရာခိုင်နှုန်းရရှိပြီး သတင်းစာလုပ်ငန်းတွေက ကြော်ငြာကနေ ဝင်ငွေ ၈၀ ရာခိုင်နှုန်း၊ တီဗွီနဲ့ ရေဒီယိုထုတ်လွှင့်ခြင်းလုပ်ငန်းတွေက ကြော်ငြာကနေ ဝင်ငွေ ၁၀၀ ရာခိုင်နှုန်း ရရှိကြတယ်။ ကြော်ငြာရှင်တွေက သူတို့ရဲ့ကုန်ပစ္စည်းတွေကို လူကြိုက်များပြီး နှစ်ခြိုက်စွဲမက်စရာကောင်းတဲ့ နည်းတွေနဲ့ပဲ ကြော်ငြာစေချင်ကြတယ်။ တကယ်လို့ မီဒီယာလုပ်ငန်းတစ်ခုရဲ့ ထုတ်လွှင့်မှုကို မကြိုက်ဘူးဆိုရင် ကြော်ငြာရှင်တွေက တခြားမီဒီယာမှာ သွားကြော်ငြာနိုင်တယ်။ ဒါကိုသိထားတဲ့အတွက် အယ်ဒီတာတွေက ကြော်ငြာရှင်တွေမကြိုက်တဲ့ သတင်းတွေကို တင်ဆက်လေ့မရှိကြဘူး။

  • မရိုးသားခြင်း-ရိုးသားတဲ့ သတင်းထောက်တွေရှိသလို မရိုးသားတဲ့ သတင်းထောက်တွေလည်းရှိတယ်။ တချို့သတင်းထောက်တွေက သတင်းအချက်အလက်တွေကို လုပ်ကြံရေးသားကြတယ်။ ဥပမာ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျပန်နိုင်ငံက သတင်းထောက်တစ်ယောက်ဟာ ရေငုပ်သမားတွေကြောင့် အိုကီနာဝါကမ်းခြေမှာရှိတဲ့ သန္တာကျောက်တန်းတွေ ပျက်စီးယိုယွင်းနေပုံကို သတင်းဆောင်းပါးရေးချင်ခဲ့တယ်။ ဒါနဲ့ပျက်စီးယိုယွင်းနေတဲ့ သန္တာကျောက်တန်းတွေ ဘယ်မှာမှ မတွေ့တဲ့အခါ သူ့ဘာသာသူ သန္တာကျောက်တန်းတချို့ကို ဖျက်ဆီးပြီး ဓာတ်ပုံရိုက်ယူခဲ့တယ်။ ဓာတ်ပုံတွေကလည်း လူထုကို ကောင်းကောင်းလှည့်စားနိုင်စွမ်းရှိပါတယ်။ ဒီနေ့ခေတ်မှာ ကွန်ပျူတာသုံးပြီး ဓာတ်ပုံတွေကို ပြင်တဲ့ပညာက ခေတ်စားလာပြီး ပြင်ထားတဲ့ တချို့ပုံတွေဆိုရင် အတုအစစ်ခွဲခြားဖို့တောင် ခက်ပါတယ်။

  • တစ်ဖက်လှည့်ရေးခြင်း–သတင်းတစ်ပုဒ်မှာ ဘယ်အချက်ကို ထည့်သွင်းရေးသားပြီး ဘယ်အချက်ကို ချန်လှပ်ကြသလဲ။ သတင်းအချက်အလက်တွေက ဘယ်လောက်ပဲတိကျမှန်ကန်နေပါစေ သတင်းထောက်က သူရေးချင်တဲ့ ရှုထောင့်ကနေ ရေးသားနိုင်ပါတယ်။ ဥပမာ၊ ဘောလုံးအသင်းတစ်သင်းဟာ တစ်ဖက်အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ၡုံးသွားတယ်။ ဒါကတိကျမှန်ကန်တဲ့ အချက်ဖြစ်တယ်။ ဒါပေမဲ့ သတင်းထောက်က ဒီဘောလုံးအသင်းၡုံးသွားတာကို နည်းအမျိုးမျိုးနဲ့ တစ်ဖက်လှည့်ရေးသားနိုင်ပါတယ်။

  • ချန်လှပ်ခြင်း–စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ဖြစ်ဖို့ အချက်အလက်တွေကို ထည့်သွင်းတဲ့နေရာမှာ မီဒီယာသမားတွေက ခက်ခဲရှုပ်ထွေးတဲ့ အသေးစိတ်အချက်အလက်တွေကို ထည့်ရေးလေ့ မရှိကြဘူး။ ဒီနည်းနဲ့ရေးခြင်းက တချို့အချက်အလက်တွေကို ချဲ့ကားရေးမိစေနိုင်ပြီး တချို့အချက်တွေကိုကျတော့ လျှော့ပေါ့ရေးမိစေနိုင်တယ်။ ရုပ်မြင်သံကြား သတင်းကြေညာသူတွေနဲ့ သတင်းထောက်တွေဟာ ခက်ခဲရှုပ်ထွေးတဲ့ သတင်းကို မိနစ်ပိုင်းလေးအတွင်းမှာပဲ တင်ဆက်နေရလို့ အရေးကြီးတဲ့ အသေးစိတ်အချက်အလက်တွေ ကျန်ခဲ့နိုင်တယ်။

  • အပြိုင်အဆိုင်–ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာ ရုပ်မြင်သံကြား ထုတ်လွှင့်တဲ့ ဌာနအများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ အရင်တုန်းက တီဗွီလိုင်းတစ်လိုင်းလောက်ပဲ ကြည့်လို့ရတယ်။ အခုဆိုရင်တော့ လိုင်းပေါင်းစုံ ကြည့်နိုင်ပြီ။ ကြည့်ရှုသူတွေ စိတ်ဝင်စားလာအောင် သတင်းဌာနတွေက ထူးခြားဆန်းပြားတာလေးတွေကို အပြိုင်အဆိုင်တင်ဆက်လာကြတယ်။ ဒါနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ် (Media Bias) က “ရုပ်မြင်သံကြားသတင်းမှာ ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ ပုံတွေကို ဖော်ပြလာကြတယ်။ ပရိသတ်တွေက အချိန်ကြာကြာ မကြည့်ချင်ကြတဲ့အတွက် သတင်းတိုတွေကို ဦးစားပေးပြီး တင်ဆက်လာကြတယ်” လို့ ပြောထားတယ်။

  • အမှားများ–သတင်းစာဆရာတွေလည်း အမှားမကင်းတဲ့ လူသားတွေပဲမို့ မရည်ရွယ်ဘဲ မှားတတ်ကြတာမျိုးလည်းရှိပါတယ်။ စာလုံးပေါင်းအမှား၊ ပုဒ်ဖြတ်ပုဒ်ရပ်အမှား၊ သဒ္ဒါအမှားတွေက အဓိပ္ပာယ်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ အချက်အလက်တွေကို သေသေ ချာချာမစစ်ဆေးမိလို့လည်း ဖြစ်နိုင်တယ်။ သတင်းအချိန်မီထုတ်ဝေနိုင်ဖို့ အသည်းအသန်ကြိုးစားနေတဲ့အတွက် ကိန်းဂဏန်း အရေအတွက်ကို ၁၀၀,၀၀၀ လို့ ရေးရမယ့်အစား ၁၀,၀၀၀ ဆိုပြီး မှားရေးမိနိုင်တယ်။

  • နားလည်မှုပြောင်းသွားခြင်း–တိကျမှန်ကန်တဲ့ သတင်းဖြစ်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ ဒီနေ့မှန်နေတဲ့ အချက်အလက်က မနက်ဖြန်ဆိုရင် မှန်ချင်မှမှန်ပါလိမ့်မယ်။ ဥပမာ၊ အရင်က ကမ္ဘာကြီးကို နေကလှည့်ပတ်နေတယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ အခုဆိုရင် ကမ္ဘာကြီးကသာ နေကိုလှည့်ပတ်နေတယ်ဆိုတာ သိလာကြတယ်။

မျှမျှတတရှုမြင်ဖို့လို

သတင်းတိုင်းကို မယုံသင့်ဘူးဆိုပေမဲ့ ဘယ်သတင်းမှ ယုံကြည်လို့မရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အဓိကအချက်ကတော့မျှမျှတတရှုမြင်ပြီး ဆန်းစစ်ဖို့ ဖြစ်ပါတယ်။

သမ္မာကျမ်းစာမှာ ဒီလိုပြောထားပါတယ်– “ခံတွင်းသည် အစာကိုမြည်းစမ်းသကဲ့သို့ နားသည် စကားကို စုံစမ်းသည်မဟုတ်လော။” (ယောဘ ၁၂:၁၁) ဖတ်တဲ့စာ၊ ကြားတဲ့စကားတွေကို ဆန်းစစ်နိုင်အောင် ထောက်ကူပေးနိုင်တဲ့ အကြံပြုချက်တချို့ကို သုံးသပ်ကြည့်ပါ။

  • ပံ့ပိုးပေးသူ– သတင်းတွေက ခိုင်လုံပြီးယုံကြည်စိတ်ချရတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကနေလာတာလား။ တင်ဆက်တဲ့ အစီအစဉ်၊ ထုတ်ဝေထားတဲ့ စာပေက နာမည်ကောင်းရှိသလား။ ဒါမှမဟုတ် လူပြိန်းကြိုက်သတင်း ရေးထားတာလား။ ဒီသတင်းဌာနကို ဘယ်သူက ငွေကြေးပံ့ပိုးပေးထားတာလဲ။

  • ရင်းမြစ်များ– သေသေချာချာ သုတေသနလုပ်ထားတယ်ဆိုတဲ့ အထောက်အထားရှိသလား။ ဒီသတင်းက ရင်းမြစ်တစ်ခုကိုပဲ အခြေခံပြီး တင်ဆက်ထားတာလား။ ဒီရင်းမြစ်တွေက ယုံကြည်စိတ်ချရပြီး ဘက်လိုက်မှုကင်းရဲ့လား။ တင်ဆက်ထားတာတွေက ကျိုးကြောင်းညီညွတ်သလား ဒါမှမဟုတ် ရှုထောင့်တစ်ခုတည်းကိုပဲ တစ်ယူသန်ဆန်ဆန်ရွေးချယ် ဖော်ပြနေသလား။

  • ရည်ရွယ်ချက်– မိမိကိုယ်ကိုယ် ဒီလိုမေးပါ– ‘သတင်းက ဗဟုသုတရစေဖို့လား ဒါမှမဟုတ် ဖျော်ဖြေဖို့သက်သက်ပဲလား။ ဒါက တစ်ခုခု ရောင်းဖို့ ကြိုးစားနေတာလား ဒါမှမဟုတ် တစ်ခုခုကို ထောက်ခံခိုင်း နေတာလား။’

  • တင်ဆက်ဟန်– သတင်းတစ်ပုဒ်ကို ဒေါသသံ၊ ထိုးနှက်တဲ့အသံ၊ ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုသံနဲ့ တင်ဆက်နေရင် ဒါကတစ်ဖက်သတ် တိုက်ခိုက်ပြောဆိုနေတာဖြစ်တယ်။

  • အကြောင်းအရာ ကိုက်ညီမှု– အချက်အလက်တွေက တခြားဆောင်းပါးတွေနဲ့ ကိုက်ညီသလား။ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ကွဲလွဲနေတယ်ဆိုရင် သတိထားဖို့လိုနေပြီ။

  • အချိန်ကာလ– သတင်းအချက်အလက်တွေက လောလောဆယ် ယုံကြည်လက်ခံနိုင်တဲ့ သတင်းလား။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က မှန်တဲ့ အကြောင်းအရာတစ်ခုဟာ ဒီနေ့ခေတ်မှာ မမှန်တော့တာလည်းဖြစ်နိုင်တယ်။ အဲဒီအပြင် အရေးပေါ်သတင်းတစ်ပုဒ်ကို တင်ဆက်နေတယ်ဆိုရင်လည်း သတင်းအချက်အလက် ပြည့်ပြည့်စုံစုံပါဝင်ဖို့ ခဲယဉ်းနိုင်ပါတယ်။

ဒါဆိုရင် သတင်းမီဒီယာတွေကို ယုံကြည်နိုင်ပါသလား။ ရှေးခေတ်ပညာရှိ ရှောလမုန်ရဲ့စကားမှာ ဒီပညာရှိအကြံပေးချက်ကို တွေ့ နိုင်ပါတယ်– “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကိုယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။” —သုတ္တံ ၁၄:၁၅