မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ | သမ္မာကျမ်းစာဟာ ဒီနေ့ခေတ်မှာ လက်တွေ့ကျသေးရဲ့လား

ခေတ်ကုန်သွားခြင်းမရှိဘဲ အမြဲလက်တွေ့ကျနေတဲ့ ကိုယ်ကျင့်တရားစံနှုန်းများ—ရိုးသားခြင်း

ခေတ်ကုန်သွားခြင်းမရှိဘဲ အမြဲလက်တွေ့ကျနေတဲ့ ကိုယ်ကျင့်တရားစံနှုန်းများ—ရိုးသားခြင်း

ကျမ်းစာလမ်းညွှန်ချက်– ‘ဘုရားသခင်ရဲ့ တဲတော်မှာ ဧည့်သည်အဖြစ် ဘယ်သူ တည်းခိုခွင့်ရမလဲ။ အမှားကင်းအောင် လျှောက်လှမ်းသူ၊ မှန်ရာကို ပြုကျင့်သူ၊ အမှန်တရားကို စိတ်ရင်းမှန်နဲ့ ပြောသူ’ ပါ။—ဆာလံ ၁၅:၁၊ ၂ကဘ။

အကျိုးကျေးဇူး– လူတွေက ရိုးသားဖြောင့်မတ်တာကို တန်ဖိုးထားတယ်။ ဒါပေမဲ့ လူတစ်ယောက် မရိုးမသားလုပ်တာကို ဘယ်သူမှမသိနိုင်ဘူး၊ အဲဒီလိုလုပ်တာကနေ အကျိုးအမြတ်ရမယ်ဆိုရင်ကော။ အဲဒီအခါမှာ သူ့စိတ်နှလုံးက အခရာပဲ။

ရာခဲလ်ဟာ အဝယ်တော်တစ်ယောက်ပါ။ သူဒီလိုပြောပြတယ်။ “အရောင်းကိုယ်စားလှယ်တချို့ ကျွန်မကို လာဘ်ထိုးဖို့ ကြိုးစားတယ်။ သူတို့ဆီကနေ ပစ္စည်းဝယ်မယ်ဆိုရင် ‘လျှော့ပေးထားတဲ့နှုန်း’ ကို ပြေစာမှာမဖော်ပြဘဲ ကျွန်မကို ပေးမယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ရိုးသားမှုနဲ့ပတ်သက်တဲ့ ကျမ်းစာဆုံးမစကားကို ကျွန်မ ပြန်သတိရတယ်။ ဒါကြောင့် သူတို့ကမ်းလှမ်းတာကို ကျွန်မ လက်မခံခဲ့ဘူး။ ဒီအကြောင်းကို အလုပ်ရှင်ကြားသွားတော့ ကျွန်မကို သူ ပိုပြီး ယုံကြည်စိတ်ချလာတယ်။”

ရာခဲလ်က ငွေမက်မောမယ်ဆိုရင် ရေတိုအတွက်တော့ အဆင်ပြေမှာပါ။ ဒါပေမဲ့ အလုပ်ရှင်သိသွားရင် အလုပ်ပြုတ်သွားမယ် မဟုတ်လား။ နောက်နောင် အလုပ်ရနိုင်ပါဦးမလား။ အဲဒါထက်အရေးကြီးတာက ရာခဲလ်ဟာ စိတ်သန့်နိုင်ပါဦးမလား၊ သူ့ကိုယ်သူ လေးစားနိုင်တော့မလား။ “ကျိကျိတက်ချမ်းသာဖို့ထက် နာမည်ကောင်းရဖို့ ရွေးချယ်သင့်တယ်။ ရိုသေလေးစားခံရတာက ရွှေငွေတွေထက် ပိုကောင်းတယ်” လို့ သုတ္တံ ၂၂:၁ [ကဘ] မှာ ဖော်ပြထားတယ်။

ဂျက်စီဟာ ရိုးသားပြီး ယုံကြည်စိတ်ချရတဲ့သူပါ။ ဒါကြောင့် နာမည်ကောင်းရထားတယ်။ သူ့အလုပ်ရှင်က သူ့ကို မန်နေဂျာခန့်လိုက်တယ်၊ ခွင့်ယူချင်ရင်လည်း အလွယ်တကူရတယ်။ အဲဒါကြောင့် သူ့မိသားစုကို အချိန်ပိုပေးနိုင်သလို ဘုရားဝတ်ပြုရေးလုပ်ငန်းမှာ များများပါဝင်နိုင်ခဲ့တယ်။

တချို့အလုပ်ရှင်တွေက ဝန်ထမ်းအလိုရှိတဲ့အခါ ရိုးသားတယ်လို့ နာမည်ကောင်းရထားတဲ့ အဖွဲ့တွေထဲကနေ ရွေးချယ်ကြတယ်။ ဖိလစ်ပိုင်နိုင်ငံက ကုမ္ပဏီမန်နေဂျာတစ်ယောက်က ယေဟောဝါသက်သေ ခရစ်ယာန်တွေကို အလုပ်လျှောက်ဖို့ ဖိတ်ခေါ်တယ်ဆိုတဲ့အကြောင်း ဒေသခံရုံးခွဲကို စာရေးခဲ့တယ်။ “သူတို့ဟာ အလုပ်ကို စွဲစွဲမြဲမြဲ လုပ်တယ်၊ ရိုးသားပြီး ကြိုးစားတယ်” လို့ အဲဒီမန်နေဂျာက ပြောတယ်။ ဒီလိုချီးမွမ်းခံရတာက ‘မကောင်းမှုကို မုန်းပါ၊ ကောင်းမှုကိုချစ်ပါ’ လို့ သွန်သင်ပေးတဲ့ ယေဟောဝါဘုရားကို ဂုဏ်တင်တယ်။—အာမုတ် ၅:၁၅ကဘ။