မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

အစ်ဆက် နှံကောင်မှာရှိတဲ့ ခွေးသွားစိပ်များ

အစ်ဆက် နှံကောင်မှာရှိတဲ့ ခွေးသွားစိပ်များ

ခွေးသွားစိပ်တွေဆိုတာ လူတွေပဲတီထွင်နိုင်တဲ့ ပစ္စည်းတစ်ခုလို့ သိထားခဲ့ကြတာပါ။ အခု အဲဒီအမြင် မှားတယ်ဆိုတာ ပေါ်သွားပြီ။ တစ်ခုနဲ့တစ်ခု တိတိကျကျ အချိတ်အဆက်မိတဲ့ ခွေးသွားစိပ်တွေကို သက်ရှိသတ္တဝါငယ်လေးဖြစ်တဲ့ အစ်ဆက် နှံကောင်မှာ ရှာတွေ့ ခဲ့ကြတယ်၊ အဲဒီအကောင်ငယ်လေးကို ဥရောပတိုက်မှာရှိတဲ့ ဥယျာဉ်တွေမှာ တွေ့ရတတ်တယ်။ *

အစ်ဆက် နှံကောင်ပေါက်လေးဟာ တစ်စက္ကန့်မှာ ၃.၉ မီတာ (၁၂.၈ ပေ) နှုန်းနဲ့ တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံ နှစ်ပုံ အချိန်လေးအတွင်းမှာ မြေကြီးဆွဲငင်အားကို အံတုပြီး သူ့ကိုယ်ခန္ဓာရဲ့ အဆလေးရာနီးပါးအမြင့်ကို ခုန်နိုင်တယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်သွားတတ်တယ်။ အဲဒီလိုခုန်ဖို့ သူ့ရဲ့နောက်ခြေထောက်နှစ်ချောင်းဟာ တူညီတဲ့အားသုံးပြီး တစ်ပြိုင်တည်း ခုန်ဖို့လိုတယ်။ အဲဒီလိုခုန်နိုင်ရတဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ။

သုံးသပ်ကြည့်ပါ– နှံကောင်ရဲ့ နောက်ခြေအရင်းမှာ တစ်ခုနဲ့တစ်ခု တိတိကျကျ အချိတ်အဆက်မိတဲ့ ခွေးသွားစိပ်တွေ ရှိနေတာကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြတယ်။ အဲဒီခွေးသွားစိပ်တွေက ခြေထောက်နှစ်ချောင်းစလုံးကို တစ်ပြိုင်တည်း ခုန်နိုင်အောင် ကူညီပေးတယ်။ အဲဒီလို တစ်ပြိုင်တည်း ခုန်တာမဟုတ်ရင် ဟန်ချက်မထိန်းနိုင်ဘဲ ချာချာလည်နေမှာဖြစ်တယ်။

သတ္တဝါကြီးတွေကတော့ ခုန်တဲ့အခါ ခြေတစ်ပြိုင်တည်း ဖြစ်ဖို့အတွက် အာရုံကြောစနစ်က ကူညီပေးတယ်။ ဒါပေမဲ့ အစ်ဆက် နှံကောင်ပေါက်လေးတွေရဲ့ အာရုံခံနိုင်မှုဟာ အလွန်နှေးကွေးတာကြောင့် ခွေးသွားစိပ်တွေက အကူအညီပေးရတယ်။ စာရေးဆရာလည်းဖြစ်၊ သုတေသီတစ်ဦးလည်းဖြစ်သူ ဂရယ်ဂိုရီ စတ်တန်က “ခွေးသွားစိပ်တွေလို့ပြောရင် ကျွန်တော်တို့က လူတွေတီထွင်ထားတဲ့ စက်ပစ္စည်းတွေကိုပဲ သွားမြင်မိတယ်” လို့ပြောတယ်။ အကြောင်းကတော့ “[တခြားနေရာတွေမှာ] မရှာဖွေမိသေးလို့ပါ” လို့ဆက်ပြောပါတယ်။

သင်ဘယ်လိုထင်ပါသလဲ။ အစ်ဆက် နှံကောင်မှာရှိတဲ့ ခွေးသွားစိပ်တွေ တိတိကျကျ ချိတ်ဆက်နေတာဟာ သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် ပြုလုပ်ဖန်ဆင်း ခံထားရတာလား။

^ စာပိုဒ်၊ 3 အစ်ဆက် နှံကောင်လေး သက်ကြီးဘဝပြောင်းဖို့ အရေခွံလဲတဲ့အခါ အဲဒီခွေးသွားစိပ်တွေ ပျောက်သွားတယ်။