မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိမိတို့ကိုယ်ကို တလိုတလား ပေးဆက်ကြသူများ—မက္ကဆီကိုနိုင်ငံ

မိမိတို့ကိုယ်ကို တလိုတလား ပေးဆက်ကြသူများ—မက္ကဆီကိုနိုင်ငံ

မိမိတို့အသက်တာကို ရိုးရှင်းစေပြီး အမှုဆောင်လုပ်ငန်းမှာ တိုးချဲ့ပါဝင်လာနိုင်တဲ့ သက်သေခံလူငယ်တွေ တိုးများလာတာကိုတွေ့ရတာ ဝမ်းသာစရာပါပဲ။ (မ. ၆:၂၂) သူတို့ ဘာအပြောင်းအလဲတွေ လုပ်ခဲ့ကြရသလဲ။ ဘာအခက်အခဲတွေ ကြုံခဲ့ရသလဲ။ အဲဒါတွေကိုသိနိုင်ဖို့ မက္ကဆီကိုနိုင်ငံမှာ လက်ရှိ အမှုဆောင်နေသူတချို့အကြောင်း လေ့လာကြည့်ကြစို့။

“အပြောင်းအလဲတစ်ခု လုပ်ရမယ်”

ဒတ်စတင်နဲ့ ဂျေစာ

အမေရိကန်နိုင်ငံက ဒတ်စတင်နဲ့ ဂျေစာဟာ ၂၀၀၇၊ ဇန်နဝါရီလမှာ လက်ထပ်ခဲ့ကြတယ်။ သိပ်မကြာခင်မှာပဲ သူတို့နှစ်ဦးဟာ နှစ်ရှည်လများ စောင့်မျှော်ခဲ့တဲ့ သူတို့ရဲ့စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တယ်၊ အဲဒါကတော့ ရွက်လှေတစ်စင်းဝယ်ပြီး တစ်နှစ်ပတ်လုံး အဲဒီပေါ်မှာပဲ နေထိုင်တာဖြစ်တယ်။ အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်မှာရှိတဲ့ သစ်တောတွေအုပ်ဆိုင်းနေတဲ့တောင်ကုန်းတွေ၊ နှင်းဖုံးနေတဲ့ တောင်တန်းတွေနဲ့ ဝိုင်းရံနေပြီး ပန်းချီကားတစ်ချပ်လို လှချင်တိုင်းလှနေတဲ့ အက်စတိုးရီယားမြို့အနားမှာ သူတို့ရဲ့ရွက်လှေကို ကျောက်ချထားတယ်၊ အဲဒီနေရာက ပစိဖိတ်သမုဒ္ဒရာနဲ့ သိပ်မဝေးဘူး။ “မြင်မြင်သမျှက အသက်ရှူမှားလောက်အောင် သာယာလှပတဲ့ မြင်ကွင်းတွေချည်းပဲ” လို့ ဒတ်စတင်က ပြောတယ်။ ဒီမောင်နှံက သူတို့ကိုသူတို့ ရိုးရှင်းတဲ့အသက်တာနဲ့နေထိုင်ပြီး ယေဟောဝါကို မှီခိုအားကိုးတယ်လို့ ထင်နေကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ၂၆ ပေ (၇.၉ မီတာ) ရှိတဲ့ လှေပေါ်မှာနေတယ်၊ အချိန်ပိုင်းအလုပ်လုပ်တယ်၊ နိုင်ငံခြားဘာသာစကားပြော အသင်းတော်တစ်ခုနဲ့ ပူးပေါင်းပြီး တစ်ခါတလေ အရန်ရှေ့ဆောင်လုပ်ကြတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူတို့ကိုသူတို့ လှည့်စားနေတယ်ဆိုတာ နားလည်လာတယ်။ “အသင်းတော်ကို ကူညီမယ့်အစား ကျွန်တော်တို့ရဲ့အချိန် အတော်များများက ရွက်လှေပြင်နေတာနဲ့ပဲ ကုန်သွားတယ်။ ကျွန်တော်တို့ဘဝမှာ ယေဟောဝါကို တကယ် ပထမနေရာထားချင်တယ်ဆိုရင် အပြောင်းအလဲတစ်ခုလုပ်ရမယ်ဆိုတာ ကျွန်တော်တို့သိလာတယ်” လို့ဒတ်စတင်က ပြောပြတယ်။

“ကျွန်မ လက်မထပ်ခင်ကတုန်းက မက္ကဆီကိုမှာ နေခဲ့တယ်၊ အဲဒီက အင်္ဂလိပ်စကားပြောအသင်းတော်တစ်ခုနဲ့ ပူးပေါင်းခဲ့တယ်။ ကျွန်မ အဲဒီမှာ အမှုဆောင်ရတာပျော်တယ်၊ ကျွန်မ အဲဒီကို ပြန်သွားချင်နေတယ်” လို့ ဂျေစာက ပြောတယ်။ ဒတ်စတင်နဲ့ ဂျေစာဟာ တိုင်းတစ်ပါးမှာ အမှုဆောင်ချင်တဲ့ သူတို့ရဲ့ဆန္ဒကို အားဖြည့်ဖို့အတွက် ညီအစ်ကိုညီအစ်မတွေရဲ့ ဘဝအတ္ထုပ္ပတ္တိတွေကို မိသားစုဝတ်ပြုမှုမှာ စဖတ်ကြတယ်။ အဲဒီညီအစ်ကိုညီအစ်မတွေဟာ ရိတ်စရာစပါးတွေဝင်းမှည့်နေတဲ့ အမှုဆောင်လယ်ကွင်းတွေရှိတဲ့ တိုင်းပြည်တွေကို ပြောင်းရွှေ့အမှုဆောင်ခဲ့ကြသူတွေဖြစ်တယ်။ (ယော. ၄:၃၅) “ကျွန်တော်တို့လည်း အဲဒီလိုပျော်ရွှင်မှုမျိုး ခံစားချင်တယ်” လို့ ဒတ်စတင်ပြောပြတယ်။ မက္ကဆီကိုမှာ အသစ်ဖွဲ့လိုက်တဲ့အုပ်စုမှာ အကူအညီလိုနေတယ်လို့ မိတ်ဆွေတွေကတစ်ဆင့် ကြားရတဲ့အခါ သူတို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အလုပ်ကနေထွက်၊ ရွက်လှေကိုရောင်းပြီး မက္ကဆီကိုနိုင်ငံကို ပြောင်းသွားကြတယ်။

“ကျွန်တော်တို့ဘဝမှာ အကောင်းဆုံးလုပ်ရပ်ပဲ”

ဒတ်စတင်နဲ့ ဂျေစာတို့ဟာ တီကိုမန်မြို့မှာ အခြေချခဲ့ကြတယ်၊ အဲဒီမြို့ကလည်း ပစိဖိတ်သမုဒ္ဒရာအနားမှာ တည်ရှိပေမဲ့ အက်စတိုးရီးယားမြို့ရဲ့တောင်ဘက် မိုင် ၂,၇၀၀ (၄,၃၄၅ ကီလိုမီတာ) အကွာလောက်မှာ တည်ရှိတယ်။ “အေးမြတဲ့လေနဲ့ တောတောင်ရှုခင်းတွေအစား ခြစ်ခြစ်တောက် အပူရှိန်ကို ခံစားရတယ်၊ ရှောက်ပင်တွေကတော့ မျက်စိတစ်ဆုံးပဲ” လို့ ဒတ်စတင်က ပြောပြတယ်။ အစပိုင်းမှာတော့ သူတို့ အလုပ်မရကြဘူး။ ဝင်ငွေလည်းမရှိလို့ တစ်ပတ်ပြီးတစ်ပတ် တစ်ရက်မှာ နှစ်ခါ ထမင်းနဲ့ပဲကိုပဲ စားခဲ့ကြရတယ်။ “ဒီအစားအစာကို ဆက်မစားနိုင်တော့ဘူးလို့ ခံစားလာရတဲ့အခါမှာ ကျွန်မတို့ရဲ့ ကျမ်းစာသင်သားတွေက သရက်သီး၊ ငှက်ပျောသီး၊ သင်္ဘောသီးတွေနဲ့ ရှောက်သီးအပြည့်ထည့်ထားတဲ့အိတ်တွေကို စပြီးပေးကြတယ်” လို့ဂျေစာက ပြောတယ်။ နောက်တော့ ဒီမောင်နှံဟာ ထိုင်ဝမ်အခြေစိုက် အွန်လိုင်း ဘာသာစကားကျောင်းတစ်ခုမှာ အလုပ်ရသွားတယ်။ အဲဒီအလုပ်ကရတဲ့ ဝင်ငွေက အခု သူတို့ရဲ့နေ့စဉ်လိုအပ်ရာတွေအတွက် ဖူဖူလုံလုံရှိတယ်။

ဒတ်စတင်နဲ့ ဂျေစာဟာ သူတို့ရဲ့ဘဝပုံစံအသစ်နဲ့ပတ်သက်ပြီး ဘယ်လိုခံစားခဲ့ရသလဲ။ “ဒီအပြောင်းအရွှေ့က ကျွန်တော်တို့ဘဝမှာ အကောင်းဆုံးလုပ်ရပ်ပဲ။ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးနဲ့ ကျွန်တော်တို့အချင်းချင်းရဲ့ ဆက်ဆံရေးက ထင်ထားတာထက် ပိုခိုင်မြဲလာတယ်။ နေ့တိုင်း ကျွန်တော်တို့ အလုပ်အတော်များများကို အတူတူလုပ်ကြတယ်။ အတူ အမှုဆောင်သွားတယ်၊ ကျမ်းစာသင်သားတွေကို ဘယ်လိုကူညီပေးမလဲဆိုတာ ဆွေးနွေးကြတယ်၊ အစည်းအဝေးတွေအတွက် အတူပြင်ဆင်ကြတယ်။ အရင်က ခံစားခဲ့ရတဲ့ ဖိစီးမှုတွေလည်း မရှိတော့ဘူး။ ဆာလံ ၃၄:၈ မှာပါတဲ့ ‘ယေဟောဝါကောင်းမြတ်တယ်ဆိုတာ မြည်းစမ်းကြည့်ပြီး သိနားလည်ပါ’ ဆိုတဲ့ကျမ်းချက်ကို ကျွန်တော်တို့ အရင်က အပြည့်အဝ နားမလည်ခဲ့ဘူးဆိုတာ အခု သိလာရတယ်” လို့ သူတို့က ပြောပြတယ်။

ထောင်နဲ့ချီတဲ့လုပ်သားတွေကို ဘာက လှုံ့ဆော်

အိမ်ထောင်သည်နဲ့ တစ်ကိုယ်ရေသမား ၂,၉၀၀ ကျော်ဟာ ဟောပြောသူတွေ လိုအပ်နေဆဲဖြစ်တဲ့ မက္ကဆီကိုရဲ့ဒေသတွေမှာ အမှုဆောင်ဖို့ ပြောင်းရွှေ့ခဲ့ကြတယ်။ သူတို့ထဲက များစွာဟာ အသက် ၂၀ ကျော်နဲ့ ၃၀ ကျော်ရှိသူတွေဖြစ်တယ်။ စိန်ခေါ်ချက်တွေရှိတဲ့ ဒီအလုပ်ကို သူတို့ ဘာကြောင့် လုပ်ခဲ့ကြတာလဲ။ သူတို့ထဲကတချို့ကို အဲဒီမေးခွန်းမေးကြည့်တဲ့အခါ အကြောင်းရင်းသုံးခုကို တွေ့ရတယ်။ ဘာအကြောင်းရင်းတွေလဲ။

လက်တီးစီယာနဲ့ အယ်မီးလို

ယေဟောဝါနဲ့ လူသားချင်းတွေကို မေတ္တာပြဖို့။ လက်တီးစီယာဟာ အသက် ၁၈ နှစ်မှာ နှစ်ခြင်းခံခဲ့တယ်။ သူ ဒီလိုပြောပြတယ်– “ကျွန်မ ကိုယ့်ကိုယ်ကို ယေဟောဝါထံ အပ်နှံခဲ့တုန်းက ဒီအပ်နှံမှုဟာ ကျွန်မ စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော့်ကို အမှုဆောင်မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဆိုတာ ကျွန်မနားလည်တယ်။ ဒါကြောင့် ယေဟောဝါကို ကျွန်မ စိတ်နှလုံးအကြွင်းမဲ့ချစ်တယ်ဆိုတာ ဖော်ပြဖို့အတွက် ကျွန်မရဲ့အချိန်နဲ့ခွန်အားတွေကို ကိုယ်တော့်အမှုတော်ဆောင်ရာမှာ ပိုအသုံးပြုချင်ခဲ့တယ်။ (မာ. ၁၂:၃၀) အခု လက်တီးစီယာနဲ့ လက်ထပ်ထားတဲ့ အယ်မီးလိုဟာ ဘုရားသခင့်နိုင်ငံတော်အကြောင်းဟောပြောသူတွေ ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ဖို့ ပြောင်းရွှေ့တဲ့အချိန်မှာ အသက် ၂၀ ကျော်စပဲ ရှိသေးတယ်။ သူ ဒီလိုပြောတယ်– “လူတွေကို ဘုရားသခင်နဲ့ ကောင်းတဲ့ဆက်ဆံရေးရှိအောင် ကူညီပေးတာက လူသားချင်းကိုချစ်ကြောင်း ဖော်ပြတဲ့ အကောင်းဆုံးနည်းပဲဆိုတာ ကျွန်တော်သိတယ်။” (မာ. ၁၂:၃၁) ဒါကြောင့် သူဟာ ဘဏ်ဝန်ထမ်းလုပ်ပြီး ဇိမ်ကျကျနေခဲ့ရတဲ့ ချမ်းသာကြွယ်ဝတဲ့ မွန်တရေးမြို့ကနေ မြို့ငယ်လေးတစ်မြို့ကို ပြောင်းရွှေ့ခဲ့တယ်။

အက်စလီ

စစ်မှန်ပြီး တည်မြဲတဲ့ ပျော်ရွှင်မှုရဖို့။ လက်တီးစီယာဟာ နှစ်ခြင်းခံပြီးမကြာခင်မှာပဲ အတွေ့အကြုံရှိတဲ့ ရှေ့ဆောင်ညီအစ်မတစ်ယောက်နဲ့အတူ သီးခြားမြို့လေးတစ်မြို့မှာ တစ်လကြာ ဟောပြောခဲ့တယ်။ သူဒီလိုပြောပြတယ်– “ကျွန်မ အရမ်းအံ့သြသွားတယ်။ ကျွန်မတို့ဟောတဲ့ နိုင်ငံတော်သတင်းကို လူတွေ ကောင်းကောင်းနားထောင်တာကို တွေ့ရတဲ့အခါ ကျွန်မအရမ်းပျော်တယ်။ တစ်လပြီးသွားတဲ့အခါ ‘ငါ့ဘဝမှာ ဖြစ်ချင်တာ ဒါပဲ’ လို့ ကိုယ့်ကိုယ်ကို ပြောခဲ့တယ်။” အခု အသက် ၂၀ ကျော်ရှိတဲ့ တစ်ကိုယ်ရေညီအစ်မ အက်စလီလည်း အဲဒီအတိုင်းပဲ၊ သူမြင်တွေ့ခဲ့ရတဲ့ ရွှင်လန်းမှုက ဟောပြောသူပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်လိုတဲ့ဆန္ဒကို ဖြစ်ပေါ်စေခဲ့တယ်။ သူ အထက်တန်းကျောင်းသူဘဝကတည်းက ဟောပြောသူလိုအပ်တဲ့ နေရာတွေမှာ အမှုဆောင်ခဲ့တဲ့ ထက်သန်တဲ့ညီအစ်ကိုညီအစ်မတွေနဲ့ သူတွေ့ဆုံခဲ့ရတယ်။ သူ ဒီလိုပြောတယ်– “အဲဒီညီအစ်ကိုညီအစ်မတွေရဲ့ ပျော်ရွှင်နေတဲ့မျက်နှာတွေကို တွေ့ရတဲ့အခါကျွန်မလည်း သူတို့လိုဘဝမျိုး လိုချင်လာတယ်။” ညီအစ်မများစွာကလည်း အက်စလီလို တုံ့ပြန်ခဲ့ကြတယ်။ မက္ကဆီကိုနိုင်ငံမှာ တစ်ကိုယ်ရေညီအစ်မ ၆၈၀ ကျော်ဟာ ဟောပြောသူလိုအပ်တဲ့ နေရာတွေမှာ အမှုဆောင်နေကြတယ်။ လူကြီးလူငယ်အားလုံးအတွက် တကယ်ကောင်းတဲ့ ပုံသက်သေပါပဲ။

ရည်ရွယ်ချက်ပြည့်ဝပြီး ကျေနပ်တဲ့အသက်တာနဲ့ အသက်ရှင်ဖို့။ အထက်တန်းကျောင်းပြီးသွားတဲ့အခါ အက်စလီဟာ တက္ကသိုလ်ပညာသင်ဆု ကမ်းလှမ်းခံရတယ်။ အဲဒီကမ်းလှမ်းမှုကိုလက်ခံဖို့၊ “သာမန်ဘဝပုံစံ” ဖြစ်တဲ့ တက္ကသိုလ်ဘွဲ့တစ်ခုယူပြီး အလုပ်လုပ်ဖို့၊ ကားဝယ်ဖို့နဲ့ ခရီးတွေသွားဖို့ ရွယ်တူချင်းတွေက သူ့ကို အားပေးခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့အကြံဉာဏ်ကို အက်စလီ လက်မခံခဲ့ပါဘူး။ သူ ဒီလိုပြောပြတယ်– “ကျွန်မရဲ့ခရစ်ယာန်မိတ်ဆွေတချို့ဟာ အဲဒါတွေကို ရှာဖွေလိုက်စားကြတယ်။ သူတို့မှာ ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ ပန်းတိုင် မရှိကြတော့ဘူးဆိုတာ ကျွန်မ သတိထားမိတယ်။ ဒီလောကရဲ့အရေးကိစ္စတွေနဲ့ သူတို့ ပိုလုံးထွေးလာတာနဲ့အမျှ သူတို့မှာ စိတ်ရှုပ်စရာပြဿနာတွေ ရင်ဆိုင်လာရတယ်ဆိုတာကိုလည်း ကျွန်မ မြင်တွေ့ခဲ့ရတယ်။ ကျွန်မရဲ့ငယ်ရွယ်နုပျိုမှုကို ယေဟောဝါရဲ့အမှုတော်မှာ အပြည့်အဝ အသုံးပြုချင်တယ်။”

ရာကယ်နဲ့ ဖိလစ်

အက်စလီဟာ ရှေ့ဆောင်လုပ်ရင်းနဲ့ သူ့ကိုယ်သူ ထောက်ပံ့နိုင်ဖို့ သင်တန်းတချို့ တက်ခဲ့တယ်။ ပြီးတဲ့နောက် နိုင်ငံတော်သတင်းဟောပြောသူတွေ အရေးတကြီးလိုအပ်နေတဲ့နေရာကို ပြောင်းရွှေ့သွားခဲ့တယ်။ ဒါ့အပြင် သူဟာ အိုတိုမီးနဲ့ တလာပါနီကိုးလူမျိုးတွေပြောတဲ့ တိုင်းရင်းဘာသာစကားကိုတောင် သင်ယူခဲ့တယ်။ အခု အဲဒီသီးခြားဖြစ်နေတဲ့ဒေသမှာ အမှုဆောင်ခဲ့တဲ့ သုံးနှစ်တာအချိန်ကာလကို ပြန်ပြောင်းကြည့်ရင်း သူ ဒီလိုပြောပြတယ်– “ဟောပြောသူလိုအပ်တဲ့နေရာမှာ အမှုဆောင်တာက ကျွန်မကို ကျေနပ်ပျော်ရွှင်စေပြီး စစ်မှန်တဲ့ဘဝအဓိပ္ပာယ်ကို ရရှိစေတယ်။ အဲဒါတွေထက် ယေဟောဝါနဲ့ ကျွန်မရဲ့ဆက်ဆံရေး ပိုခိုင်မြဲလာတယ်။” အမေရိကန်နိုင်ငံက အသက် ၃၀ ကျော်စဖြစ်တဲ့ ဖိလစ်နဲ့ ရာကယ်တို့စုံတွဲဟာ အဲဒီအချက်ကို သဘောတူတယ်။ “ဒီလောကရဲ့အပြောင်းအလဲက မြန်ဆန်လွန်းလို့ လူတွေက သူတို့ရဲ့ဘဝ မတည်မငြိမ်ဖြစ်နေတယ်လို့ ခံစားကြရတယ်။ ဒါပေမဲ့ ကျမ်းစာသတင်းတရားကို နားထောင်သူတွေ အများအပြားရှိတဲ့နေရာမှာ အမှုဆောင်ရတာက ကျွန်တော်တို့ဘဝကို တကယ်အဓိပ္ပာယ်ရှိစေတယ်။ အဲဒါက တကယ်ကျေနပ်စရာကောင်းတယ်။”

အခက်အခဲတွေကို ဖြေရှင်းပုံ

ဘရွန်နီကာ

နိုင်ငံတော်သတင်းဟောပြောသူတွေ လိုအပ်တဲ့နေရာမှာ အမှုဆောင်တာက အခက်အခဲတွေတော့ ရှိပါတယ်။ အခက်အခဲတစ်ခုက ကိုယ့်ကိုယ်ကို ထောက်ပံ့ဖို့ဖြစ်တယ်။ အဲဒီလိုလုပ်ဖို့အတွက် သင်အမှုဆောင်တဲ့နေရာဒေသနဲ့ ကိုက်ညီတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တလိုတလားရှိရမယ်။ အတွေ့အကြုံရှိတဲ့ရှေ့ဆောင်ဖြစ်တဲ့ ဘရွန်နီကာ ဒီလိုပြောပြတယ်– “ကျွန်မအမှုဆောင်ခဲ့တဲ့နေရာတစ်ခုမှာဆိုရင် ကျွန်မ စျေးသက်သာတဲ့ အမြန်ရအစာတွေကို ပြင်ဆင်ပြီး ရောင်းခဲ့တယ်။ နောက်တစ်နေရာမှာဆိုရင် ကျွန်မ အဝတ်အစားတွေရောင်းတယ်၊ ဆံပင်ညှပ်တယ်။ လက်ရှိအချိန်မှာတော့ ကျွန်မ အိမ်သန့်ရှင်းရေး လိုက်လုပ်တယ်၊ မိဘတွေ မိမိတို့ရဲ့ကလေးတွေနဲ့ ဘယ်လိုပြောဆိုဆက်သွယ်ရမယ်ဆိုတာ သင်ပေးတဲ့ သင်တန်းတစ်ခုကိုလည်း မိဘဖြစ်ခါစသူတွေအတွက် ဖွင့်ထားတယ်။”

သီးခြားဒေသတစ်ခုရဲ့ ဒေသခံတိုင်းရင်းသားတွေအလယ်မှာ နေထိုင်တဲ့အခါ သူတို့ရဲ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနဲ့ လိုက်လျောညီထွေနေဖို့ဆိုတာ အရမ်းခက်နိုင်တယ်။ နာဝါတယ်စကားပြောတဲ့ဒေသမှာ အမှုဆောင်ခဲ့တဲ့ ဖိလစ်နဲ့ ရာကယ်တို့ အဲဒီအခက်အခဲနဲ့ ကြုံတွေ့ခဲ့ရတယ်။ “ယဉ်ကျေးမှုချင်း အရမ်းကွာတယ်” လို့ ဖိလစ်က ပြောပြတယ်။ သူတို့ဘယ်လို ပြုပြင်ပြောင်းလဲနိုင်ခဲ့သလဲ။ “နာဝါတယ်လူမျိုးတွေမှာရှိတဲ့ ကောင်းတဲ့အချက်တွေကို ကျွန်တော်တို့ အာရုံစိုက်ခဲ့ကြတယ်၊ သူတို့တွေဟာ မိသားစုရင်းနှီးမှုရှိတယ်၊ တစ်ယောက်ကိုတစ်ယောက် စိတ်အရိုးခံနဲ့ဆက်ဆံကြတယ်၊ ရက်ရောတယ်။” ရာကယ်က “အဲဒီမှာနေပြီး အဲဒီက ညီအစ်ကိုညီအစ်မတွေနဲ့ အတူတွဲအမှုဆောင်ရာကနေ ကျွန်မတို့ အများကြီး သင်ယူခဲ့ရတယ်” လို့ပြောပြတယ်။

ကိုယ့်ကိုယ်ကို ပြင်ဆင်နိုင်ပုံ

သင်ဟာ အကူအညီလိုအပ်နေတဲ့ သီးခြားဒေသတွေမှာ အမှုဆောင်ချင်တယ်ဆိုရင် အခု ဘယ်လိုပြင်ဆင်နိုင်သလဲ။ ဒီကဏ္ဍမှာ အတွေ့အကြုံရှိတဲ့ ညီအစ်ကိုညီအစ်မတွေ ဒီလိုပြောတယ်– သင်မပြောင်းရွှေ့ခင်မှာ သင့်ဘဝကို ရိုးရှင်းအောင်လုပ်ပြီး ရောင့်ရဲတတ်အောင် သင်ယူပါ။ (ဖိ. ၄:၁၁၊ ၁၂) နောက်ထပ် ဘာလုပ်နိုင်သေးသလဲ။ လက်တီးစီယာ ဒီလိုပြောတယ်– “တစ်နေရာတည်းမှာပဲ အကြာကြီးတာဝန်ယူလုပ်ရတဲ့ အလုပ်မျိုးကို ကျွန်မ မလုပ်ဘူး။ လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့နေရာကို အချိန်မရွေး ပြောင်းလို့ရတာမျိုး ဖြစ်ချင်တယ်။” အယ်မီးလိုက ဒီလိုပြောတယ်– “ကျွန်မက ချက်ပြုတ်တာ၊ လျှော်ဖွပ်တာနဲ့ မီးပူတိုက်တာကို သင်ထားတယ်။” ဘရွန်နီကာက ဒီလိုပြောတယ်– “ကျွန်မမိသားစုနဲ့အတူနေတုန်းက သန့်ရှင်းရေးလုပ်ရာမှာ ကူညီပေးခဲ့တယ်၊ အာဟာရရှိပြီး စျေးသက်သာတဲ့ အစားအသောက်ပြင်ဆင်တာကို သင်ယူခဲ့တယ်။ စုဆောင်းတတ်အောင်လည်း သင်ယူခဲ့တယ်။”

အမီးယာနဲ့ လီဗိုင်း

အမေရိကန်နိုင်ငံက လက်ထပ်တာ ရှစ်နှစ်ရှိပြီဖြစ်တဲ့ လီဗိုင်းနဲ့ အမီးယာက မက္ကဆီကိုမှာအမှုဆောင်ဖို့ ပြင်ဆင်ရာမှာ သတ်သတ်မှတ်မှတ် ဆုတောင်းချက်တွေက သူတို့ကို ကူညီပေးခဲ့တဲ့အကြောင်း ပြောပြတယ်။ လီဗိုင်း ဒီလိုပြောတယ်– “တခြားနိုင်ငံမှာ အမှုဆောင်ရင် တစ်နှစ်ကို ငွေ ဘယ်လောက်လိုမလဲဆိုတာကို ကျွန်တော်တို့ တွက်ချက်ခဲ့ကြတယ်။ ပြီးတဲ့နောက် အဲဒီငွေပမာဏကိုစုမိဖို့ ကူညီပေးပါလို့ ယေဟောဝါထံ ဆုတောင်းခဲ့ကြတယ်။” လအနည်းငယ်အတွင်းမှာပဲ သူတို့ရဲ့ဆုတောင်းချက်မှာ ဖော်ပြခဲ့တဲ့ ငွေပမာဏအတိုင်း စုမိလို့ သူတို့ ချက်ချင်း ပြောင်းရွှေ့ခဲ့ကြတယ်။ လီဗိုင်း ဒီလိုပြောတယ်– “ယေဟောဝါက ကျွန်တော်တို့ရဲ့ သတ်သတ်မှတ်မှတ်ဆုတောင်းချက်ကို အဖြေပေးခဲ့တယ်၊ ဒါကြောင့် အခုတော့ ကျွန်တော်တို့ဘက်က လုပ်ရမယ့်အလှည့်ပဲ။” အမီးယာက ထပ်ပြီး “ကျွန်မတို့ တစ်နှစ်လောက်ပဲ နေနိုင်မယ်လို့ ထင်ခဲ့ပေမဲ့ အခု ခုနစ်နှစ်ရှိပြီ၊ ပြန်ဖို့ စိတ်မကူးသေးဘူး။ ဒီမှာနေတာက ယေဟောဝါရဲ့အကူအညီကို တိုက်ရိုက်ရရှိသလို ခံစားရတယ်။ ကျွန်မတို့ နေ့တိုင်း ကိုယ်တော်ရဲ့ကောင်းမြတ်မှုကို မြင်တွေ့ရတယ်” လို့ပြောတယ်။

အဒမ်နဲ့ ဂျနီဖာ

မက္ကဆီကိုနိုင်ငံ၊ အင်္ဂလိပ်စကားပြောလယ်ကွင်းမှာ အမှုဆောင်နေတဲ့ အမေရိကန်နိုင်ငံက အဒမ်နဲ့ ဂျနီဖာတို့ စုံတွဲအတွက် ဆုတောင်းခြင်းကလည်း အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်ခဲ့တယ်။ သူတို့ကလည်း အခုလို ထောက်ခံပြောဆိုခဲ့တယ်– “အခြေအနေတွေ အရမ်းကောင်းတဲ့အထိ မစောင့်ပါနဲ့။ တိုင်းတစ်ပါးမှာအမှုဆောင်လိုတဲ့ ခင်ဗျားတို့ရဲ့ဆန္ဒအကြောင်း ဆုတောင်းပါ၊ ဆုတောင်းချက်နဲ့အညီ လုပ်ဆောင်ပါ။ ခင်ဗျားတို့ရဲ့အသက်တာကို ရိုးရှင်းအောင်လုပ်ပါ၊ ခင်ဗျားတို့အမှုဆောင်ချင်တဲ့နိုင်ငံရဲ့ ဌာနခွဲကို စာရေးပါ။ ပြီးတဲ့နောက် အကုန်အကျကို တွက်ချက်ပါ၊ ပြောင်းရွှေ့ပါ။” * အဲဒီလိုလုပ်ရင် စိတ်လှုပ်ရှားစရာကောင်းပြီး ယေဟောဝါရဲ့ကောင်းချီး အလျှံပယ်ခံစားရမှာဖြစ်တယ်။

^ စာပိုဒ်၊ 21 ထပ်ဆင့်အချက်အလက်တွေအတွက် ဩဂုတ် ၂၀၁၁၊ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှာပါတဲ့ “သင် ‘မက်ဆီဒိုးနီးယားပြည်သို့ ကူးလာ’ နိုင်မလား” ဆောင်းပါးကိုကြည့်ပါ။