မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲချို့တဲ့ခြင်းသည် ဘုရားသခင့်မျက်နှာသာ မရရှိခြင်း၏ လက္ခဏာလော

ဆင်းရဲချို့တဲ့ခြင်းသည် ဘုရားသခင့်မျက်နှာသာ မရရှိခြင်း၏ လက္ခဏာလော

ဆင်းရဲချို့တဲ့ခြင်းသည် ဘုရားသခင့်မျက်နှာသာ မရရှိခြင်း၏ လက္ခဏာလော

ရှေးခေတ်အစ္စရေးလူမျိုးကို ဘုရားသခင်က “သင်တို့တွင် ဆင်းရဲနွမ်းပါးသောသူရှိမည်မဟုတ်” ဟုမိန့်တော်မူ၏။ ယင်းသို့ဖြစ်ရသည့်အကြောင်းမှာ သူတို့ကိုပေးထားသောပညတ်တရားတွင် ဆင်းရဲသားများကို ဂရုစိုက်ခြင်းနှင့် အကြွေးများကိုပင် လျှော်ပစ်ခြင်းနှင့်ဆိုင်သောပညတ်များ ပါသောကြောင့်ဖြစ်သည်။ (တရားဟောရာ ၁၅:၁-၄၊ ၇-၁၀သမ္မာ) သူတို့ကို ကောင်းချီးပေးမည်ဟု ယေဟောဝါ ကတိပြုထားသောကြောင့် အစ္စရေးလူမျိုးတွင် ဆင်းရဲသားရှိမည်မဟုတ်ပေ။ သို့သော် ထိုကောင်းချီးသည် ပညတ်တရားကို နာခံခြင်းအပေါ် မူတည်သည်။ အစ္စရေးလူမျိုးသည် ယင်းသို့နာခံရန် ပျက်ကွက်ခဲ့ကြသည်။

သို့သော် ယင်းက ဆင်းရဲချို့တဲ့သူတို့သည် ဘုရားသခင့်မျက်နှာသာ မရရှိဘဲ ချမ်းသာကြွယ်ဝသူတို့မူ ဘုရားသခင့်မျက်နှာသာရရှိသည်ဟု မဆိုလိုပေ။ ဘုရားသခင်၏ သစ္စာရှိကျေးကျွန်များစွာသည် ဆင်းရဲချို့တဲ့သူများဖြစ်သည်။ ပရောဖက်အာမုတ်သည် ဆင်းရဲသောနွားကျောင်းသားဖြစ်ပြီး ရာသီအလိုက် ကြုံရာကျပန်းလုပ်သူဖြစ်သည်။ (အာမုတ် ၁:၁; ၇:၁၄) ပရောဖက်ဧလိယခေတ်တွင် အစ္စရေးပြည်၌ အငတ်ဘေးကျရောက်စဉ် ဧလိယသည် ဆင်းရဲသောမုဆိုးမတစ်ဦး၏ ဧည့်ဝတ်ကျေပွန်မှုကို မှီခိုခဲ့ရသည်။ ထိုအငတ်ဘေးအတွင်း မုဆိုးမ၏ အနည်းငယ်သောဂျုံမှုန့်နှင့်ဆီမှာ မပြတ်လပ်သွားဘဲ အံ့ဖွယ်ကောင်းစွာ ဆက်ရှိနေသည်။ ဧလိယနှင့်မုဆိုးမနှစ်ဦးစလုံးမှာ မချမ်းသာလာပေ။ သို့သော် သူတို့၏အခြေခံလိုအပ်ရာများကို ယေဟောဝါဖြည့်ဆည်းပေးခဲ့သည်။—၃ ဓမ္မရာဇဝင် ၁၇:၈-၁၆

ကြိုတင်မျှော်မှန်းမထားသောဖြစ်ရပ်တို့က လူတို့ကို ဆင်းရဲချို့တဲ့စေသည်။ မတော်တဆမှုများနှင့် ဖျားနာမှုသည် လူတစ်ဦးကို ယာယီဖြစ်စေ၊ တစ်သက်လုံးဖြစ်စေ အလုပ်မလုပ်နိုင်သည့်ဘဝသို့ ရောက်သွားစေနိုင်သည်။ သေခြင်းကြောင့် မိဘမဲ့ကလေးများ၊ မုဆိုးမများ ဖြစ်ကျန်ခဲ့နိုင်သည်။ ထိုအကြောင်းမလှသောအခြေအနေများသည်ပင် ဘုရားသခင့်မျက်နှာသာမရရှိခြင်း၏ လက္ခဏာမဟုတ်ပေ။ နောမိနှင့်ရုသ၏မှတ်တမ်းက လိုအပ်နေသူများအပေါ် ယေဟောဝါ၏မေတ္တာပါစောင့်ရှောက်မှုကို ဖော်ကျူးသည့် အားတက်ဖွယ်မှတ်တမ်းဖြစ်သည်။ နောမိနှင့်ရုသသည် သူတို့၏ခင်ပွန်းများ သေဆုံးသွားခြင်းကြောင့် အလွန်ဆင်းရဲမွဲတေသွားသော်လည်း ယေဟောဝါဘုရားသခင်သည် သူတို့ကိုကောင်းချီးပေးကာ သူတို့၏လိုအပ်ရာကို ဖြည့်ဆည်းပေးခဲ့သည်။—ရုသ ၁:၁-၆; ၂:၂-၁၂; ၄:၁၃-၁၇

ဆင်းရဲချို့တဲ့ခြင်းသည် ဘုရားသခင့်မျက်နှာသာမရရှိခြင်း၏ လက္ခဏာမဟုတ်သည်မှာ ထင်ရှားသည်။ ယေဟောဝါဘုရားသခင်ကို သစ္စာရှိသူတို့သည် ဘုရင်ဒါဝိဒ်၏ ဤစကားများကို ယုံကြည်စိတ်ချနိုင်သည်– “ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင်မမြင်စဖူး။”—ဆာလံ ၃၇:၂၅

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

နောမိနှင့်ရုသသည် ဆင်းရဲမွဲတေသူများဖြစ်သော်လည်း သူတို့ကို ဘုရားသခင်ကောင်းချီးပေးပြီး မေတ္တာပါစွာဂရုစိုက်စောင့်ရှောက်ခဲ့သည်