မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှုနဲ့ပတ်သက်ပြီး ဘာသာရေးအဖွဲ့အစည်းကို ယုံကြည်စိတ်ချနိုင်သလား

စစ်မှုနဲ့ပတ်သက်ပြီး ဘာသာရေးအဖွဲ့အစည်းကို ယုံကြည်စိတ်ချနိုင်သလား

အယ်လ်ဘာတိုဟာ ဆယ်နှစ်နီးပါးအထိ စစ်မှုထမ်းခဲ့ပါတယ်။ သူဒီလိုပြောပြတယ်– “ကျွန်တော်တို့ရဲ့ ခရစ်ယာန်ဘုန်းတော်ကြီးဟာ ‘ဘုရားသခင် မင်းတို့နဲ့အတူ ရှိပါစေ’ ဆိုပြီး ဆုတောင်းပေးတယ်။ ကျမ်းစာထဲမှာ “လူ့အသက်ကို မသတ်ရ” လို့ ဆိုထားပေမဲ့ ‘ငါက လူသတ်ဖို့ သွားနေပါလား’ လို့စဉ်းစားမိတယ်။”

ရေးဟာ ဒုတိယကမ္ဘာစစ်အတွင်း ရေတပ်မှာ စစ်မှုထမ်းခဲ့တယ်။ တစ်ခါတုန်းက ခရစ်ယာန်ဘုန်းတော်ကြီးကို သူ ဒီလိုမေးခဲ့ဖူးတယ်– “စစ်အောင်နိုင်ဖို့အတွက် ကျွန်တော်တို့သင်္ဘောပေါ် ဘုန်းတော်ကြီး တက်လာပြီး ဆုတောင်းပေးတယ်။ ရန်သူတွေဘက်မှာလည်း အဲဒီလိုပဲဆုတောင်းကြမှာ မဟုတ်ဘူးလား။” အဲဒီအခါ ခရစ်ယာန်ဘုန်းတော်ကြီးက သခင်လုပ်ဆောင်နေတာကို ငါတို့ နားမလည်နိုင်ဘူးလို့ ပြန်ဖြေခဲ့တယ်။

အဲဒီအဖြေကို သင် ကျေနပ်အားရမှုမရှိဘူးဆိုရင် အဲဒီလိုခံစားရတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။

ကျမ်းစာသွန်သင်ရာ

“လူသားချင်းကို ကိုယ်နှင့်အမျှချစ်လော့” ဆိုတဲ့ အကြီးမြတ်ဆုံးပညတ်တစ်ခုကို ယေရှု ပြောပြခဲ့တယ်။ (မာကု ၁၂:၃၁) ယေရှုဟာ နေရာဒေသ လူမျိုးအပေါ်မူတည်ပြီး လူသားချင်းကိုချစ်တဲ့ မေတ္တာကို ကန့်သတ်ထားသလား။ မကန့်သတ်ထားပါဘူး။ တပည့်တွေကို ကိုယ်တော် ဒီလိုမိန့်မှာခဲ့တယ်– “သင်တို့ အချင်းချင်း ချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၄၊ ၃၅) တပည့်အချင်းချင်း ချစ်တဲ့မေတ္တာဟာ အင်မတန်ထူးခြားပြီး ထင်ရှားတဲ့ အမှတ်အသားတစ်ခု ဖြစ်ပါလိမ့်မယ်။ သူတို့အချင်းချင်း သတ်ရမှာမဟုတ်ဘဲ အချင်းချင်းအတွက် အသက်စွန့်ရမှာ ဖြစ်တယ်။

ပထမရာစုခရစ်ယာန်တွေဟာ ယေရှုရဲ့ မိန့်မှာချက်တွေနဲ့အညီ နေထိုင်ခဲ့ကြပါတယ်။ စွယ်စုံကျမ်းတစ်ကျမ်းမှာ (The Encyclopedia of Religion) ဒီလိုဖော်ပြထားတယ်– “ခရစ်ယာန်တွေဟာ လူ့အသက်ကို မသတ်ရဆိုတဲ့ မူကြောင့် ရောမစစ်တပ်ထဲ မဝင်ကြတာလို့ တာတူလျန်နဲ့ ဩရီဂျင်အပါအဝင် အစောပိုင်းခရစ်ယာန်ခေါင်းဆောင်တွေ အခိုင်အမာပြောဆိုကြတယ်။”

ယေဟောဝါသက်သေတွေ လုပ်ဆောင်ရာ

ယေဟောဝါသက်သေတွေဟာ စစ်ဖြစ်နေတဲ့နိုင်ငံတွေအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ နေထိုင်ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ထင်ရှားတဲ့ အမှတ်အသားဖြစ်တဲ့ ချစ်ခြင်းမေတ္တာကို ဆက်ထိန်းသိမ်းထားဖို့ ကြိုးစားကြတယ်။

ဘာသာရေးခေါင်းဆောင်တွေဟာ စစ်မှန်တဲ့ ခရစ်ယာန်မေတ္တာအကြောင်း သွန်သင်ပေးကြသလား

ဥပမာ၊ ရဝမ်ဒါနိုင်ငံက ဟူတူနဲ့တွတ်စီ လူမျိုးရေးပဋိပက္ခဖြစ်နေချိန် ၁၉၉၄ ခုနှစ်မှာ ယေဟောဝါသက်သေတွေဟာ ဘယ်သူ့ဘက်မှ ဘက်မလိုက်ဘဲ ကြားနေခဲ့ကြတယ်။ လူမျိုးစုတစ်စုက သက်သေခံတွေဟာ တခြားလူမျိုးစုတစ်စုက သက်သေခံတွေကို အသက်အန္တရာယ်ကြားကနေ ဝှက်ထားပေးခဲ့ကြတယ်။ တွတ်စီညီအစ်ကိုတွေကို ဝှက်ထားပေးခဲ့တဲ့ ဟူတူသက်သေခံတွေကို ဖမ်းမိတဲ့အခါ ဟူတူအင်တာဟာမွေ ပြည်သူ့စစ်အဖွဲ့က ဒီလိုပြောတယ်– “တွတ်စီတွေကို မင်းတို့ဝှက်ထားပေးတဲ့အတွက် မင်းတို့ကို သတ်ပစ်ရမယ်။” တကယ်ပဲ ဟူတူသက်သေခံနှစ်ယောက် အသတ်ခံလိုက်ရပါတယ်။—ယောဟန် ၁၅:၁၃

သင် ဘယ်လိုထင်ပါသလဲ– ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုတွေဟာ ကိုယ်ကျိုးစွန့်မေတ္တာရှိပါဆိုတဲ့ ယေရှုပြောခဲ့တာနဲ့ ကိုက်ညီမှုရှိပါသလား။