မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲဒုက္ခတွေ ဘာကြောင့် ဒီလောက်တောင်များနေရတာလဲ

ဆင်းရဲဒုက္ခတွေ ဘာကြောင့် ဒီလောက်တောင်များနေရတာလဲ

ဆင်းရဲဒုက္ခတွေ ဘာကြောင့် ဒီလောက်တောင်များနေရတာလဲ၊ ဆင်းရဲဒုက္ခတွေ ပပျောက်အောင် လူတွေရဲ့ကြိုးစားအားထုတ်မှုတွေက ဘာကြောင့် မအောင်မြင်ရတာလဲဆိုတာတွေကို နားလည်ဖို့ ဆင်းရဲဒုက္ခ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းတွေကို ကွဲကွဲပြားပြားသိအောင် လုပ်ဖို့လိုတယ်။ အဲဒီအကြောင်းရင်းတွေက အမျိုးမျိုးရှိပြီး နားလည်ရခက်ပေမဲ့ သမ္မာကျမ်းစာကနေ ရှင်းရှင်းလင်းလင်းသိရှိရတဲ့အတွက် ကျေးဇူးတင်စရာပါပဲ။ ဒီဆောင်းပါးမှာ ဆင်းရဲဒုက္ခတွေ ဘာကြောင့်ဒီလောက်များနေရတာလဲဆိုတဲ့ အခြေခံအကြောင်းရင်းငါးခုကို ဆန်းစစ်ကြမယ်။ သမ္မာကျမ်းစာက ဒီအရေးကြီးကိစ္စရဲ့ အကြောင်းရင်းမှန်ကို နားလည်နိုင်အောင် ဘယ်လိုကူညီပေးသလဲဆိုတာ ကြည့်ကြရအောင်။—၂ တိမောသေ ၃:၁၆

အုပ်ချုပ်ရေး ညံ့ဖျင်းမှုရဲ့ ဆိုးကျိုးများ

“ဆိုးသောသူတို့ အုပ်စိုးသောအခါမူကား ပြည်သူပြည်သားတို့သည် ညည်းတွားတတ်ကြ၏” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—သုတ္တံ ၂၉:၂သမ္မာ။

သမိုင်းတစ်လျှောက်ကို ကြည့်မယ်ဆိုရင် အာဏာရှင်တွေက နိုင်ထက်စီးနင်း အုပ်ချုပ်ခဲ့ကြတယ်။ ဒါကြောင့် ပြည်သူတွေ အကြီးအကျယ် ဆင်းရဲဒုက္ခ ရောက်ခဲ့ရတယ်။ အုပ်စိုးရှင်အားလုံးတော့ အဲဒီလိုမအုပ်ချုပ်ခဲ့ကြပါဘူး။ လူတချို့က လူသားချင်းအပေါ် စိတ်ရင်းစေတနာနဲ့ ကူညီပေးချင်စိတ် ရှိကြမှာပဲ။ ဒါပေမဲ့ သူတို့အာဏာရလာတဲ့အခါ အချင်းချင်းယှဉ်ပြိုင်မှုတွေ၊ အာဏာလုမှုတွေကြောင့် သူတို့ရဲ့ကြိုးစားကူညီပေးမှုတွေက ထင်သလောက် မဖြစ်မြောက်တော့ဘူး။ ဒါမှမဟုတ် သူတို့ရဲ့အာဏာကို ကိုယ်ကျိုးအတွက် အသုံးပြုလာတဲ့အခါ ပြည်သူတွေ ထိခိုက်နစ်နာခဲ့ကြတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာက ဒီလိုပြောခဲ့တယ်– “သမိုင်းဆိုတာ အောင်မြင်မှုမရခဲ့တဲ့ ကြိုးစားအားထုတ်မှုတွေ၊ မဖြစ်မြောက်လာခဲ့တဲ့ ရည်မှန်းချက်တွေနဲ့ ပြည့်နှက်နေတဲ့ ပုံပြင်တစ်ပုဒ်ပါပဲ။”

သမ္မာကျမ်းစာမှာလည်း ဒီလို ဖော်ပြထားတယ်– “လူသည် မိမိသွားရာလမ်းကို အစိုးမရ။” (ယေရမိ ၁၀:၂၃) မစုံလင်တဲ့လူသားတွေမှာ ကိုယ့်အရေးကိစ္စတွေကို ကောင်းစွာကိုင်တွယ်နိုင်ဖို့ ဉာဏ်ပညာ၊ အမြော်အမြင်တွေ အလုံအလောက် မရှိကြပါဘူး။ ကိုယ့်အရေးကိစ္စတွေကိုတောင်မှ ကောင်းစွာ မကိုင်တွယ်နိုင်ဘူးဆိုရင် တိုင်းပြည်တစ်ခုလုံးရဲ့အရေးကိစ္စကို ဘယ်လို ကိုင်တွယ်နိုင်မှာလဲ။ ဒါကြောင့် လူ့အုပ်စိုးရှင်တွေက ဆင်းရဲဒုက္ခတွေကို ဘာကြောင့် ပယ်ဖျက်နိုင်စွမ်း မရှိဘူးလဲဆိုတာ သင် သိပြီမဟုတ်လား။ အုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့် ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်ခဲ့ရတာပါ။

ဘာသာရေးအတုအယောင်ရဲ့ လွှမ်းမိုးမှု

“သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်” လို့ ယေရှုမိန့်ဆိုခဲ့တယ်။—ယောဟန် ၁၃:၃၅

ဘာသာရေးခေါင်းဆောင်တွေက မေတ္တာရှိကြပါ၊ စည်းလုံးကြပါလို့ ဟောပြောကြတယ်။ ဒါပေမဲ့ မျက်နှာလိုက်မှုကို ဖယ်ရှားနိုင်တဲ့အထိ မေတ္တာတရားကို စွဲမှတ်သွားအောင် ဘာသာဝင်တွေကို မသွန်သင်ပေးနိုင်ကြဘူး။ ဘာသာတရားက လူတွေကို မေတ္တာတရားရှိဖို့ ကူညီပေးမယ့်အစား စိတ်ဝမ်းကွဲဖို့၊ အစွန်းရောက်ဖို့၊ လူသားအချင်းချင်းကြားနဲ့ လူမျိုးစုတွေကြား ပဋိပက္ခဖြစ်ဖို့ မီးထိုးယပ်ခတ်ပေးတတ်တယ်။ ဓမ္မပညာရှင် ဟန်စ်ခူမ်က သူ့စာအုပ် (Christianity and the World Religions) ရဲ့ နိဂုံးချုပ်မှာ ဒီလိုဖော်ပြခဲ့တယ်– “ဘာသာရေးရဲ့ လွှမ်းမိုးမှု၊ သွေးထိုးမှုနဲ့ အစပျိုးပေးမှုတွေကြောင့် အစွန်းရောက်ပြီး အရက်စက်ဆုံး ယှဉ်ပြိုင်မှုတွေ ဖြစ်ပေါ်လာတယ်။”

ဒါ့အပြင် လက်မထပ်ဘဲ အတူနေတာ၊ အိမ်ထောင်ရေးဖောက်ပြန်တာ၊ လိင်တူမေထုန်ဆက်ဆံတာတွေကို ဘာသာရေးခေါင်းဆောင်တွေ ပေါ်ပေါ်ထင်ထင် မသိကျိုးကျွန် ပြုလာကြတယ်။ အဲဒါကြောင့် ရောဂါတွေ၊ ကိုယ်ဝန်ဖျက်ချမှုတွေ၊ မလိုချင်တဲ့ ကိုယ်ဝန်တွေ၊ အိမ်ထောင်နဲ့ မိသားစုပြိုကွဲမှုတွေဖြစ်လာပြီး စကားလုံးနဲ့ ဖော်ပြလို့မရနိုင်တဲ့ စိတ်ရောကိုယ်ပါနာကျင်မှုတွေ ရလာကြတယ်။

လူတွေရဲ့ မွေးရာပါ အပြစ်ပြုလိုစိတ်နဲ့ တစ်ကိုယ်ကောင်းစိတ်

“လူတစ်ဦးစီသည် မိမိတပ်မက်မှု၏ ဖြားယောင်းသွေးဆောင်ခြင်းအားဖြင့် စမ်းသပ်ခံရ၏။ ထို့နောက် တပ်မက်မှုသည် သန္ဓေတည်သောအခါ အပြစ်ကို ဖွားတတ်၏။”—ယာကုပ် ၁:၁၄၊ ၁၅

ကျွန်ုပ်တို့အားလုံးဟာ မွေးရာပါ အပြစ်ပြုလိုစိတ်ကြောင့် အမှားပြုချင်တဲ့အတွက် “လူ့ဇာတိအလိုဆန္ဒအတိုင်း ကျင့်ကြံပြုမူ” လိုစိတ်ကို တိုက်လှန်နေကြရတယ်။ (ဧဖက် ၂:၃) အမှားပြုချင်တဲ့ စိတ်ဆန္ဒအတိုင်းလုပ်ဖို့ အခွင့်အခါသင့်လာတဲ့အခါ အဲဒီစိတ်ကိုချိုးနှိမ်ဖို့ အတော်လေးကို ခက်ခဲပါတယ်။ အဲဒီစိတ်ဆန္ဒအတိုင်း လုပ်မိသွားခဲ့ရင် နောက်ပိုင်းမှာ ယူကျုံးမရအောင် ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်။

စာရေးဆရာ ပီ. ဒီ. မက်တာက ခုလိုရေးခဲ့တယ်– “ကျွန်တော်တို့ကိုယ်တိုင်ရဲ့ တပ်မက်စိတ်၊ အထိန်းအကွပ်မဲ့ အပျော်အပါးလိုက်စားမှုနဲ့ စိတ်အလိုလိုက်မှု၊ လောဘကြီးမှု၊ ရည်မှန်းချက်ကြီးမှုတွေကြောင့် ဆင်းရဲဒုက္ခတွေ ဒီလောက်အထိ များပြားနေရတာဖြစ်တယ်။” လူများစွာဟာ အရက်၊ မူးယစ်ဆေးဝါး၊ လောင်းကစား၊ လိင်ကိစ္စ စတဲ့အရာတွေကို ငမ်းငမ်းတက်စွဲလမ်းတာကြောင့် ဘဝပျက်သွားပြီး သူတို့ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ တခြားသူတွေလည်း ဒုက္ခရောက်ကြရတယ်။ လူတွေရဲ့ မွေးရာပါ အပြစ်ပြုလိုစိတ်ကြောင့် ကျမ်းစာမှာပြောထားသလိုပဲ ‘အဖန်ဆင်းခံ ကမ္ဘာလောကတစ်ခုလုံးသည် ပြင်းပြသောဝေဒနာဖြင့် ယခုအချိန်တိုင်အောင် ညည်းတွားလျက်ရှိ’ နေကြတယ်။—ရောမ ၈:၂၂ခမ။

နတ်ဆိုးတွေရဲ့ ဩဇာ

စာတန်မာရ်နတ်ဟာ “ဤလောကစနစ်၏ဘုရား” ဖြစ်ပြီး တန်ခိုးရှိတဲ့ နတ်ဆိုးတွေက သူ့ရဲ့ အပေါင်းအပါတွေ ဖြစ်ကြတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—၂ ကောရိန္သု ၄:၄; ဗျာဒိတ် ၁၂:၉

စာတန်မာရ်နတ်လိုပဲ နတ်ဆိုးတွေဟာ လူတွေကို ချုပ်ကိုင်ပြီး လမ်းလွဲအောင် အစွမ်းကုန်ကြိုးစားနေကြတယ်။ တမန်တော်ပေါလုက အဲဒီအချက်ကို အသိအမှတ်ပြုပြီး ဒီလိုပြောခဲ့တယ်– “ငါတို့သည် အသွေးအသားဖြစ်သော လူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်နေကြသည်မဟုတ်။ အစိုးရများ၊ အာဏာပိုင်များနှင့်လည်းကောင်း၊ ဤမှောင်မိုက်လောက၏ အုပ်စိုးရှင်များနှင့်လည်းကောင်း၊ ကောင်းကင်အရပ်ရှိ နတ်ဆိုးများနှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်နေကြ၏။”—ဧဖက် ၆:၁၂

နတ်ဆိုးတွေက လူတွေဒုက္ခရောက်တဲ့အခါ ဝမ်းသာအားရကြပေမဲ့ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က အမြင့်မြတ်ဆုံးဘုရားသခင် ယေဟောဝါနဲ့ လူတွေ ဝေးကွာသွားအောင် လုပ်ဖို့ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) နက္ခတ်ဗေဒင်၊ စုန်းအတတ်၊ မှော်အတတ်နဲ့ ဗေဒင်အတတ်စတဲ့ အလေ့အထတွေဟာ လူတွေကို လှည့်စားချုပ်ကိုင်ဖို့ နတ်ဆိုးတွေအသုံးပြုတဲ့ နည်းလမ်းတချို့သာဖြစ်တယ်။ ဒါကြောင့် ယေဟောဝါဘုရားက ဒီအန္တရာယ်တွေအကြောင်း သတိပေးနေပြီး စာတန်မာရ်နတ်နဲ့ နတ်ဆိုးတွေကို တွန်းလှန်နေသူအားလုံးကို ကာကွယ်ပေးနေပါတယ်။—ယာကုပ် ၄:၇

“နောက်ဆုံးသောနေ့ရက်” တွေမှာ ကျွန်ုပ်တို့ အသက်ရှင်နေကြ

လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်လောက်က သမ္မာကျမ်းစာမှာ ဒီလိုကြိုဟောထားတယ်– “နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသောကာလ ဖြစ်မည်ကို သိမှတ်လော့။”

ခက်ခဲကျပ်တည်းတဲ့ကာလမှာ ဖြစ်ပျက်မယ့်အရာတွေကို ဒီလိုဆက်ဖော်ပြထားတယ်– ‘အကြောင်းမူကား လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ ငွေကိုတပ်မက်သူ၊ ဘဝင်မြင့်သူ၊ မောက်မာသူ၊ မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ၊ ဖီလာဆန့်ကျင်တတ်သူ၊ အသရေဖျက်သူ၊ ချုပ်တည်းခြင်းမရှိသူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ခြင်းကို မနှစ်သက်သူ၊ သစ္စာဖောက်သူ၊ ခေါင်းမာသူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို ချစ်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်သူ ဖြစ်ကြလိမ့်မည်။’ ယနေ့ တွေ့မြင်နေရတဲ့ ဆင်းရဲဒုက္ခအားလုံးရဲ့ အဓိကအကြောင်းရင်းတစ်ခုက “နောက်ဆုံးသောနေ့ရက်” တွေမှာ ကျွန်ုပ်တို့ အသက်ရှင်နေရတဲ့အတွက် ဖြစ်တယ်။—၂ တိမောသေ ၃:၁-၄

ကျွန်ုပ်တို့ သုံးသပ်ခဲ့ပြီးတဲ့ အချက်တွေအရ လူသားတွေဟာ စိတ်ရင်းစေတနာကောင်း ရှိပေမဲ့ ဆင်းရဲဒုက္ခတွေကို ဘာကြောင့် ပပျောက်အောင် မလုပ်ပေးနိုင်သလဲဆိုတာ ထင်ရှားပေါ်လွင်နေတယ် မဟုတ်လား။ ဒါဆိုရင် ကျွန်ုပ်တို့ ဘယ်သူ့ဆီကနေ အကူအညီရနိုင်သလဲ။ “မာရ်နတ်” နဲ့ နတ်ဆိုးတွေရဲ့ “အမှုအရာများကို ချိုးဖျက်” ဖို့ ကတိပေးထားတဲ့ ဖန်ဆင်းရှင် ယေဟောဝါဆီကနေ ရနိုင်ပါတယ်။ (၁ ယောဟန် ၃:၈) ဆင်းရဲဒုက္ခ ဖြစ်ရတဲ့အကြောင်းရင်း အားလုံးကို ဘုရားသခင် ပယ်ဖျက်ပေးမယ်ဆိုတာ နောက်ဆောင်းပါးမှာ လေ့လာကြမယ်။