မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး

ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ စစ်ပွဲ

ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ စစ်ပွဲ

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက သန်းနဲ့ချီတဲ့ လူငယ်တွေဟာ မျိုးချစ်စိတ်ကြောင့် လုံခြုံတဲ့ ကိုယ့်အိမ်၊ ကိုယ့်ယာကို စွန့်ခွာပြီး စစ်မြေပြင်ကို အားတက်သရော ချီတက်သွားကြတယ်။ ၁၉၁၄ ခုနှစ်မှာ ရှေ့တန်းထွက်ခဲ့တဲ့ အမေရိကန်လူငယ်တစ်ယောက် ဒီလိုရေးခဲ့တယ်– “ကျွန်တော် အရမ်းပျော်တယ်။ ရှေ့မှာကြုံရမယ့် နေ့ရက်တွေအတွက် စိတ်လှုပ်ရှားနေတယ်။”

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူတို့ရဲ့ စိတ်ထက်သန်မှုဟာ စိတ်ပျက်အားလျော့မှုအဖြစ်ကို ပြောင်းလဲသွားတယ်။ အင်အားကြီးမားတဲ့ စစ်တပ်တွေဟာ ဘယ်လ်ဂျီယံနိုင်ငံနဲ့ ပြင်သစ်နိုင်ငံရဲ့ ရွံ့နွံတွေကြားမှာ နှစ်အတော်ကြာ ရုန်းကန်တိုက်ခိုက်ရမယ်ဆိုတာကို ဘယ်သူမှ ကြိုမသိလိုက်ကြဘူး။ အဲဒီစစ်ပွဲကို အဲဒီအချိန်တုန်းက “စစ်ပွဲကြီး” လို့ ခေါ်ခဲ့ကြပြီး ဒီနေ့အချိန်မှာတော့ ပထမကမ္ဘာစစ်လို့ ခေါ်ကြတယ်။

ပထမကမ္ဘာစစ်ကြောင့် သေကြေဒဏ်ရာရသူ အမြောက်အမြား ရှိခဲ့တယ်။ ခန့်မှန်းချက်တစ်ခုအရ ၁၀ သန်းလောက် သေဆုံးပြီး သန်း ၂၀ လောက်က ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့တယ်။ ဒီစစ်ပွဲဟာ မမှားသင့်တဲ့ အမှားတွေကြောင့် ဖြစ်ပွားခဲ့ရတယ်။ ဥရောပနိုင်ငံရေးသမားတွေဟာ နိုင်ငံတကာ တင်းမာမှုတွေကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ကြဘူး။ အဲဒီစစ်ပွဲကြောင့် ကမ္ဘာကြီးဟာ ဖျောက်ဖျက်လို့မရနိုင်တဲ့ ဒဏ်ရာဒဏ်ချက်တွေ ရရှိခဲ့ပြီး ဒီနေ့ထက်ထိလည်း အဲဒီဒဏ်တွေကို ကျွန်ုပ်တို့ ခံစားနေရဆဲပဲ။

ယုံကြည်မှုတွေ ပျက်စေခဲ့တဲ့ အမှားအယွင်းများ

ပထမကမ္ဘာစစ်ဟာ အတွက်အချက်မှားယွင်းမှုတွေကြောင့် ဖြစ်ပွားခဲ့ရတာဖြစ်တယ်။ ဥရောပမှာရှိတဲ့ နိုင်ငံရေး၊ ဘာသာရေးနဲ့ စစ်ရေး ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် ကမ္ဘာနဲ့ချီပြီး ဒုက္ခရောက်သွားမယ်ဆိုတာကို ကြိုမသိလိုက်ဘူးလို့ စာအုပ်တစ်အုပ်က ရှင်းပြတယ်။—The Fall of the Dynasties—The Collapse of the Old Order 1905- 1922.

ဩစတြီးယားအိမ်ရှေ့မင်းသားကြီး လုပ်ကြံခံရပြီး အပတ်အနည်းငယ်အကြာမှာပဲ ဥရောပမှာရှိတဲ့ အင်အားကြီးနိုင်ငံအားလုံးဟာ စစ်တလင်းကို မဝင်ချင်ဘဲ ဝင်ရောက်လာခဲ့ကြတယ်။ စစ်ဖြစ်ပွားပြီး ရက်အနည်းငယ်အကြာမှာ “ဒါတွေအားလုံး ဘယ်လိုလုပ် ဖြစ်ပွားခဲ့တာလဲ” လို့ ဂျာမန်ဝန်ကြီးချုပ်ကို မေးတဲ့အခါ သူက “ဖြစ်လာမယ့် အကျိုးဆက်ကို ဘယ်သူမှမသိခဲ့လို့ပါ” ဆိုပြီး ဝမ်းနည်းစွာနဲ့ ပြန်ဖြေတယ်။

ပထမကမ္ဘာစစ်ဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို ချခဲ့တဲ့ခေါင်းဆောင်တွေဟာ အကျိုးဆက်ကို ရေးရေးလေးတောင် ကြိုမြင်ခဲ့ပုံ မရဘူး။ ဒါပေမဲ့ စစ်မြေပြင် ကတုတ်ကျင်းမှာရောက်နေတဲ့ စစ်သားတွေကတော့ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို မကြာခင်မှာပဲ သဘောပေါက်လာတယ်။ နိုင်ငံရေးခေါင်းဆောင်တွေက ကတိပျက်တယ်၊ ဘာသာရေးခေါင်းဆောင်တွေက လှည့်စားတယ်၊ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေက သစ္စာဖောက်တယ်ဆိုတာ သူတို့ သိလာကြတယ်။ ဘယ်လိုနည်းနဲ့ သိလာသလဲ။

နိုင်ငံရေးခေါင်းဆောင်တွေက ကတိပျက်တယ်၊ ဘာသာရေးခေါင်းဆောင်တွေက လှည့်စားတယ်၊ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေက သစ္စာဖောက်တယ်

နိုင်ငံရေးခေါင်းဆောင်တွေက ဒီစစ်ပွဲဟာ လက်ရှိထက်ပိုကောင်းတဲ့ ကမ္ဘာသစ်ကို ဖြစ်ပေါ်စေမယ်လို့ ကတိပြုခဲ့ကြတယ်။ ဂျာမန်ဝန်ကြီးချုပ် ခုလိုပြောတယ်– “အရင်ခေတ်ကလိုပဲ အလုပ်သမားတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်ဖို့၊ ဂျာမနီနိုင်ငံ စည်ပင်ဝပြောပြီး လုံခြုံစေဖို့၊ ကျွန်ုပ်တို့ရဲ့ အနာဂတ်လှပစေဖို့ တိုက်ခိုက်နေခြင်းဖြစ်တယ်။” ဒီစစ်ပွဲဟာ “ကမ္ဘာတစ်ခွင် ဒီမိုကရေစီရရှိစေဖို့” ဖြစ်တယ်ဆိုတဲ့ ဆောင်ပုဒ်ကလည်း အမေရိကန်သမ္မတ ဝတ်ဒရော ဝီလ်ဆင်ကြောင့် ကျော်ကြားလာခဲ့တယ်။ ဗြိတိန်နိုင်ငံသားတွေကလည်း ဒီစစ်ပွဲဟာ “စစ်ကို ငြိမ်းစေမယ့်စစ်ပွဲ” လို့ ယုံကြည်ခဲ့ကြတယ်။ သူတို့ထင်ထားတာတွေအားလုံးက မှားယွင်းနေခဲ့ပါတယ်။

ဘာသာရေးခေါင်းဆောင်တွေလည်း ဒီစစ်ပွဲကို ထက်ထက်သန်သန် ထောက်ခံအားပေးခဲ့တယ်။ စာအုပ်တစ်အုပ် (The Columbia History of the World) ရဲ့ ဖော်ပြချက်အရ သူတို့ဟာ လူတွေကို သမ္မာကျမ်းစာသင်ပေးမယ့်အစား စစ်ထဲဝင်ဖို့ တိုက်တွန်းခဲ့ကြတယ်။ ဒီစစ်ပွဲကြောင့် အမုန်းတရားတွေ ကမ္ဘာ့နေရာအနှံ့မှာ ပျံ့နှံ့သွားတယ်။ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ အမုန်းမီးတောက်တွေကို ငြိမ်းသတ်ဖို့ ကြိုးစားမယ့်အစား မီးထိုးယပ်ခတ်ပေးကြတယ်။ “ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ အမျိုးသားရေးထက် ခရစ်ယာန်ခံယူချက်ကို ဦးစားထားသင့်ပေမဲ့ မထားနိုင်ခဲ့ကြဘူး။ အများအားဖြင့် ဦးစားမထားချင်ခဲ့ကြဘူး။ အများစုက ခရစ်ယာန်ဘာသာတရားနဲ့ မျိုးချစ်စိတ်ကို ရောနှောပစ်လိုက်ပြီး အလွယ်လမ်း လိုက်ခဲ့ကြတယ်။ ဂိုဏ်းဂဏအသီးသီးက ခရစ်ယာန်စစ်သားတွေဟာ တစ်ဖက်မှာရှိတဲ့ ခရစ်ယာန်ချင်းတွေကို ဘုရားသခင့်နာမည်နဲ့ သတ်ပစ်ဖို့ အားပေးခံခဲ့ရတယ်” လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားပါတယ်။—A History of Christianity.

စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေက လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် အောင်ပွဲရမယ်လို့ ကတိပေးခဲ့ကြပေမဲ့ သူတို့ပြောတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး။ စစ်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ စစ်တပ်တွေဟာ တစ်ဖက်နဲ့တစ်ဖက် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမှာ ပိတ်မိလာခဲ့ကြတယ်။ အဲဒီနောက်မှာတော့ သန်းနဲ့ချီတဲ့ စစ်သားတွေဟာ “ကာယပိုင်းရော စိတ်ပိုင်းဆိုင်ရာပါ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ကြတယ်” လို့ သမိုင်းပညာရှင်တစ်ယောက်က ပြောခဲ့တယ်။ ထိတ်လန့်တုန်လှုပ်စရာ ကောင်းလောက်အောင် အကျအၡုံးတွေ များနေပေမဲ့ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေဟာ သူတို့စစ်သားတွေကို သံဆူးကြိုးတွေ၊ စက်သေနတ်တွေရှိနေတဲ့ ရှေ့တန်းစစ်မျက်နှာပြင်ဆီ စေလွှတ်နေဆဲပဲ။ ဒါကြောင့်လည်း အမိန့်ဖီဆန်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့တယ်။

ပထမကမ္ဘာစစ်က လူ့အဖွဲ့အစည်းအပေါ် ဘယ်လိုဆိုးကျိုးတွေ သက်ရောက်ခဲ့သလဲ။ ‘စစ်ပွဲကြောင့် လူတွေရဲ့ အတွေးအခေါ်နဲ့ အပြုအမူတွေ ပျက်စီးကုန်ပြီ’ ဆိုတဲ့ စစ်ပြန်တစ်ယောက်ရဲ့ စကားတွေကို စာအုပ်တစ်အုပ်က ကိုးကားဖော်ပြခဲ့ပါတယ်။ ဒီစစ်ပွဲကြောင့် အင်ပါယာတွေလည်း မရှိတော့ဘူး။ ကြောက်မက်ဖွယ် ဒီစစ်ပွဲကြီးဟာ လူ့သမိုင်းမှာ တစ်ခါမှမရှိခဲ့တဲ့ သွေးအစွန်းဆုံး ရာစုနှစ်ကို အစပျိုးပေးခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ တော်လှန်ပုန်ကန်မှုတွေ၊ သပိတ်မှောက်မှုတွေဟာ နိုင်ငံအားလုံးနီးပါးမှာ ဖြစ်ပေါ်လာတယ်။

ဒီစစ်ကြီးက ကမ္ဘာကြီးကို ဘာကြောင့် ကပြောင်းကပြန် ဖြစ်သွားစေတာလဲ။ မတော်တဆကြောင့် ဒီစစ်ကြီး ဖြစ်ပေါ်ခဲ့တာလား။ အဲဒီမေးခွန်းတွေရဲ့ အဖြေက ကျွန်ုပ်တို့ရဲ့ အနာဂတ်အကြောင်း တစ်ခုခု ဖော်ပြနေသလား။