မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သောမတ်စ် အမ်လဲန်​—ဘုရားတရားစော်ကားသူလား၊ အမှန်တရားကိုထောက်ခံသူလား

သောမတ်စ် အမ်လဲန်​—ဘုရားတရားစော်ကားသူလား၊ အမှန်တရားကိုထောက်ခံသူလား

သောမတ်စ် အမ်လဲန်က ဘယ်သူလဲ။ အမှန်တရားဘက်မှာ သူ ဘာကြောင့် ရပ်တည်ခဲ့တာလဲ။ သူ့ဆီကနေ ဘာသင်ခန်းစာရရှိနိုင်သလဲ။ အဲဒီသင်ခန်းစာက ဒီနေ့ ကျွန်ုပ်တို့ကို ဘယ်လိုထောက်ကူပေးနိုင်မလဲ။

အဲဒီအဖြေတွေရဖို့ ၁၇ ရာစုနှောင်းပိုင်းနဲ့ ၁၈ ရာစုအစပိုင်းက အင်္ဂလန်နဲ့ အိုင်ယာလန်နိုင်ငံမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို လေ့လာကြည့်ဖို့လိုပါတယ်။ အဲဒီအချိန်မှာ အင်္ဂလီကန်ချာ့ခ်ျဟာ အတော်လေးကို အခွင့်အာဏာရှိနေတယ်။ ဒါပေမဲ့ လူတော်တော်များများဟာ အင်္ဂလီကန်ချာ့ခ်ျရဲ့ သွန်သင်ချက်တွေ၊ ဓလေ့တွေကို ဆန့်ကျင်လာကြတယ်။

သူက ဘယ်သူလဲ

အဲဒီလိုဖြစ်ပျက်နေချိန် ၁၆၆၃၊ မေ ၂၇ ရက်နေ့၊ အင်္ဂလန်နိုင်ငံ၊ လင်ဂွန်ရှယ်ပြည်နယ်၊ စတဲမ်ဖော့ဒ်မြို့မှာ သောမတ်စ် အမ်လဲန်ကို မွေးဖွားခဲ့တယ်။ အသက် ၁၉ နှစ်အရွယ်မှာ သူ စတင်တရားဟောခဲ့တယ်။ နောက်ပိုင်းမှာ သူဟာ လန်ဒန်မြို့ရဲ့ မြို့စားကတော်အတွက် တရားဟောဆရာ ဖြစ်လာတယ်။ နောက်တော့ အိုင်ယာလန်နိုင်ငံ၊ ဘဲလ်ဖတ်စ်မြို့ကို ပြောင်းသွားတယ်။

အမ်လဲန်ဟာ ဘဲလ်ဖတ်စ်မြို့က ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းရဲ့ တရားဟောဆရာဖြစ်လာတယ်။ နောက်ပိုင်း ဒါဘလဲန်မြို့အပါအဝင် တခြားနေရာအတော်များများမှာလည်း တရားဟောဆရာ လုပ်ခဲ့တယ်။

ဘုရားတရားစော်ကားသူလို့ ဘာကြောင့် စွပ်စွဲခံခဲ့ရတာလဲ

အဲဒီအချိန်အတွင်းမှာ အမ်လဲန်ဟာ သမ္မာကျမ်းစာကို သေသေချာချာ လေ့လာခဲ့တယ်။ အဲဒီလိုလေ့လာရင်းနဲ့ သူယုံကြည်နေတဲ့ သုံးပါးပေါင်းတစ်ဆူသွန်သင်ချက်ကို သံသယဖြစ်လာတယ်။ သမ္မာကျမ်းစာမှာပါတဲ့ ခရစ်ဝင်ကျမ်းတွေကို လေ့လာတဲ့အခါ သုံးပါးပေါင်းတစ်ဆူသွန်သင်ချက် မှားတယ်ဆိုတာ သူ နားလည်လာတယ်။

အမ်လဲန်ဟာ တွေ့ရှိလာတဲ့အချက်တွေကို ချက်ချင်း မပြောပြခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ ဟောပြောချက်တွေထဲမှာ သုံးပါးပေါင်းတစ်ဆူအကြောင်း မပါတော့တာကို ဒါဘလဲန်မြို့က ခရစ်ယာန်အသင်းသားတချို့ သတိပြုမိလာတယ်။ သူတွေ့ရှိလာတဲ့အချက်ကို တခြားသူတွေ လက်ခံမှာမဟုတ်ဘူးဆိုတာ သိတဲ့အတွက် ဒီလိုရေးခဲ့တယ်– “ကျွန်တော် ဖွင့်ပြောလိုက်ရင် ဒီနေရာမှာ ဒီရာထူးကို ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူး။” ၁၇၀၂၊ ဇွန်လမှာ တရားဟောဆရာနှစ်ယောက်က ဟောပြောချက်တွေမှာ သုံးပါးပေါင်းတစ်ဆူအကြောင်း သူထည့်မပြောရတော့တဲ့အကြောင်းရင်းကို တိုက်ရိုက်လာမေးကြတယ်။ အဲဒီအခါ အမ်လဲန်ဟာ သုံးပါးပေါင်းတစ်ဆူသွန်သင်ချက်ကို လက်မခံတော့ကြောင်း ဖွင့်ပြောပြီး နုတ်ထွက်စာ တင်လိုက်တယ်။

ယေရှုဟာ အကြီးမြတ်ဆုံးဘုရားသခင် မဖြစ်နိုင်ဘူးဆိုတာ ကျမ်းချက်အထောက်အထားတွေနဲ့ ဖော်ပြထားတဲ့ အမ်လဲန်ရဲ့ စာအုပ်

ရက်အနည်းငယ်မှာ အမ်လဲန်ဟာ အိုင်ယာလန်နိုင်ငံ၊ ဒါဘလဲန်မြို့ကနေ အင်္ဂလန်နိုင်ငံကို ပြောင်းသွားတယ်။ အဲဒီနောက် ၁၀ ပတ်အကြာမှာ အလုပ်ကိစ္စတချို့ကို အဆုံးသတ်ဖို့ ဒါဘလဲန်မြို့ကို ပြန်လာတယ်။ ရည်ရွယ်ချက်က လန်ဒန်မှာ အပြီးအပိုင် သွားနေဖို့ဖြစ်တယ်။ ဒါဘလဲန်မြို့မှာရှိနေတုန်း သုံးပါးပေါင်းတစ်ဆူနဲ့ပတ်သက်တဲ့ သူ့ရဲ့တွေ့ရှိချက်ကို သက်သေပြဖို့ စာအုပ်တစ်အုပ် (An Humble Inquiry Into the Scripture-Account of Jesus Christ) ကို ထုတ်ဝေခဲ့တယ်။ အဲဒီစာအုပ်ထဲမှာ ယေရှုဟာ အကြီးမြတ်ဆုံးဘုရားသခင် ဘာကြောင့် မဖြစ်နိုင်တာလဲဆိုတာကို ကျမ်းချက်အထောက်အထားနဲ့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဒါကြောင့် ဒါဘလဲန်မြို့က အမ်လဲန်ရဲ့ အသင်းသားဟောင်းတချို့ ဒေါသပေါက်ကွဲကုန်တယ်။ ဒါနဲ့ တရားရုံးမှာ အမှုဖွင့်ခဲ့ကြတယ်။

၁၇၀၃၊ ဇွန် ၁၄ ရက်နေ့မှာ အမ်လဲန်ကို ဖမ်းပြီး ဒါဘလဲန်မြို့က တရားရုံးကို ခေါ်လာကြတယ်။ ယေရှုခရစ်ဟာ ခမည်းတော်ဘုရားနဲ့ တန်းတူမဟုတ်ပါဘူးဆိုပြီး ရေးသားထားတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့တဲ့အတွက် သူဟာ ဘုရားတရားစော်ကားတဲ့သူ၊ မကောင်းတဲ့စိတ်ရှိတဲ့သူဆိုပြီး စွဲချက်တင်ခံရတယ်လို့ သူ့ရဲ့နောက်စာအုပ်တစ်အုပ် (True Narrative of the Proceedings) မှာဖော်ပြထားတယ်။ ရုံးတင်စစ်ဆေးချက်က တရားမျှတမှု မရှိခဲ့ဘူး။ အိုင်ယာလန်ချာ့ခ်ျရဲ့ ဂိုဏ်းချုပ်ခုနစ်ယောက်က တရားသူကြီးတွေနဲ့အတူ ထိုင်နေကြတယ်။ အမ်လဲန်ကို ပြန်ချေပခွင့် မပေးကြဘူး။ နာမည်ကြီးရှေ့နေဖြစ်တဲ့ ရစ်ချက် လဲန်ဗန်က “ဝံပုလွေလိုမျိုး လိုက်ဖမ်းခံရလိမ့်မယ်” လို့ အမ်လဲန်ကို ပြောခဲ့တယ်။ ရုံးတင်စစ်ဆေးချက်နိဂုံးပိုင်းမှာ တရားသူကြီးချုပ်ရစ်ချက်ပိုင်န်က သူတို့မျှော်လင့်ထားတဲ့အတိုင်း အမ်လဲန်ကို အပြစ်မပေးဘူးဆိုရင် “ဂိုဏ်းချုပ်ကြီးတွေ ဒီမှာထိုင်နေတယ်” လို့ ဂျူရီအဖွဲ့ကို ပြောလိုက်တယ်။ ဆိုလိုတာက ဂျူရီအဖွဲ့ဟာ ပြစ်ဒဏ်ခံရမယ်လို့ ပြောလိုက်တာဖြစ်တယ်။

“ဘုရားသခင်နဲ့ ကိုယ်တော့်ဘုန်းတော်အကြောင်း ကျွန်တော်ယုံကြည်တဲ့ အမှန်တရားတွေအတွက် ဆင်းရဲဒုက္ခခံဖို့ အဆင်သင့်ပါပဲ။”—သောမတ်စ် အမ်လဲန်။

အမ်လဲန် အပြစ်ရှိကြောင်း ကြေညာလိုက်တဲ့အခါ တရားရုံးရှေ့နေချုပ်က အမ်လဲန်ကို သူ့ရဲ့ သွန်သင်ချက် မှားတယ်လို့ ဝန်ခံခိုင်းတယ်။ ဒါပေမဲ့ အမ်လဲန်က လက်မခံခဲ့ဘူး။ ဒါနဲ့ သူ့ကို ဒဏ်ငွေတပ်ပြီး ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်တယ်။ သူ့မှာ ပေးစရာငွေမရှိဘူး။ ဒါကြောင့် သူ့မိတ်ဆွေတစ်ယောက်က ဒဏ်ငွေလျှော့ချဖို့ အာဏာပိုင်တွေကို ဖျောင်းဖျနိုင်တဲ့အထိ ထောင်ထဲမှာ ၂ နှစ်နေခဲ့ရတယ်။ ၁၇၀၅၊ ဇူလိုင် ၂၁ ရက်နေ့မှာ အမ်လဲန် ထောင်ထဲက လွတ်လာတယ်။ အရှက်ခွဲခံလိုက်ရတဲ့အတွက် “ဘုရားသခင်နဲ့ ကိုယ်တော့်ဘုန်းတော်အကြောင်း ကျွန်တော်ယုံကြည်တဲ့ အမှန်တရားတွေအတွက် ဆင်းရဲဒုက္ခခံဖို့ အဆင်သင့်ပါပဲ” လို့ သူပြောခဲ့တယ်။

အမ်လဲန်ဟာ လန်ဒန်ကို ပြောင်းသွားပြီး နောက်ပိုင်းမှာ ဝီလျံ ဝီစ်တဲန်နဲ့ ပူးပေါင်းခဲ့တယ်။ ဝီစ်တဲန်က သူ ယုံကြည်တဲ့ ကျမ်းစာအမှန်တရားကို ရေးသားထုတ်ဝေခဲ့တဲ့အတွက် ခရစ်ယာန်အသိုင်းအဝိုင်းကနေ အပယ်ခံရတဲ့ ကျမ်းပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဝီစ်တဲန်က အမ်လဲန်ကို လေးစားပြီး “‘ရှေးခရစ်ယာန်ဘာသာ’ အကြောင်း ‘ဦးဆုံးဖွင့်ချပြောဆိုတဲ့ ခေါင်းဆောင်ကြီး’” လို့ ခေါ်ခဲ့တယ်။

သုံးပါးပေါင်းတစ်ဆူ သွန်သင်ချက်ကို ဘာကြောင့် ငြင်းပယ်ခဲ့တာလဲ

ဝီလျံ ဝီစ်တဲန်နဲ့ လေးစားရတဲ့ကျမ်းပညာရှင် နောက်တစ်ဦးဖြစ်တဲ့ အိုက်ဇက်နယူတန်တို့လိုပဲ အမ်လဲန်ကလည်း သုံးပါးပေါင်းတစ်ဆူ သွန်သင်ချက်ကို ကျမ်းစာမှာ မဖော်ပြထားဘူးဆိုတာ တွေ့ရှိခဲ့တယ်။ သူ ဒီလိုရှင်းပြခဲ့တယ်– “သမ္မာကျမ်းစာကို သေသေချာချာ လေ့လာပြီး လေးလေးနက်နက် စဉ်းစားတွေးတောပြီးတဲ့နောက်မှာ . . . သုံးပါးပေါင်းတစ်ဆူနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့အမြင်ကို ပြောင်းလဲဖို့ . . . ခိုင်လုံတဲ့အကြောင်းရင်းကို တွေ့ရှိခဲ့တယ်။” သူ ဒီလို ကောက်ချက်ချခဲ့တယ်– “ဘုရားသခင်ဟာ ယေရှုခရစ်ရဲ့ဖခင်ဖြစ်ပြီး အကြီးမြတ်ဆုံးဘုရားလည်းဖြစ်တယ်။”

အမ်လဲန်ဟာ ဘာကြောင့် အဲဒီလိုကောက်ချက်ချခဲ့တာလဲ။ ယေရှုနဲ့ သူ့ရဲ့ဖခင်ဟာ မတူဘူးဆိုတာဖော်ပြထားတဲ့ ကျမ်းချက်အတော်များများကို သူတွေ့ရှိခဲ့လို့ဖြစ်တယ်။ ကျမ်းချက်တချို့ကို အောက်မှာဖော်ပြထားပါတယ် (ကျမ်းချက်နဲ့ပတ်သက်တဲ့ အမ်လဲန်ရဲ့ မှတ်ချက်တွေကို စာလုံးအစောင်းနဲ့ ရေးထားပါတယ်)–

  •  ယောဟန် ၁၇:၃“ခရစ်တော်ကို အနန္တတန်ခိုးရှင်၊ အမြင့်မြတ်ဆုံးဘုရား၊ တစ်ဆူတည်းသောဘုရားလို့ တစ်ခါမှ မဖော်ပြထားပါဘူး။” ခမည်းတော်တစ်ပါးတည်းကိုပဲ “မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။

  •  ယောဟန် ၅:၃၀“သားတော်ဟာ ကိုယ့်ဆန္ဒအတိုင်း မလုပ်ဘဲ ခမည်းတော်ရဲ့ ဆန္ဒအတိုင်း လုပ်ဆောင်တယ်။”

  •  ယောဟန် ၅:၂၆“ခမည်းတော်က သားတော်ကို အသက်ပေးထားတယ်။”

  •  ဧဖက် ၁:၃“ယေရှုခရစ်ကို ဘုရားသခင်ရဲ့ သားတော်လို့ ခေါ်ကြပေမဲ့ ခမည်းတော်ကို ဘုရားသခင်ရဲ့ ခမည်းတော်လို့ခေါ်တာ မရှိဘူး။ ကျွန်တော်တို့သခင် ယေရှုရဲ့ ခမည်းတော်လို့ပဲ ခေါ်ထားတယ်။”

ကျမ်းချက်အထောက်အထားအားလုံးကို အမ်လဲန် စဉ်းစားသုံးသပ်ပြီးနောက် သူ ဒီလို လေးလေးနက်နက် ပြောခဲ့တယ်– “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်က တစ်ပါးတည်းဖြစ်တယ် ဒါမှမဟုတ် အတူတူဖြစ်တယ်လို့ ဖော်ပြထားတာ သမ္မာကျမ်းစာမှာ လုံးဝမတွေ့ရပါဘူး။”

သူ့ဆီကနေ ဘာသင်ယူနိုင်သလဲ

ဒီနေ့ခေတ် လူအတော်များများက ကျမ်းစာအမှန်တရားဘက် ရပ်တည်ဖို့ ကြောက်ရွံ့ကြတယ်။ အမ်လဲန်ကတော့ ကျမ်းစာအမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်ခဲ့တယ်။ “လူတစ်ယောက်က သမ္မာကျမ်းစာကနေ အထောက်အထားတွေနဲ့ ရှင်းရှင်းလင်းလင်း တွေ့ရှိထားတဲ့ အရေးကြီးဆုံးအမှန်တရားတွေကို ထုတ်မပြောဘူးဆိုရင် ဘာအတွက် ကျမ်းစာဖတ်ပြီး လေ့လာနေရတာလဲ” ဆိုပြီး အမ်လဲန် မေးခွန်းထုတ်ခဲ့တယ်။ အမှန်တရားနဲ့ပတ်သက်လာရင် အလျှော့ပေးလိုက်လျောတာမျိုး သူ မလုပ်ခဲ့ဘူး။

အမ်လဲန်နဲ့ တခြားသူတွေပြခဲ့တဲ့ ပုံနမူနာကိုကြည့်ပြီး ကျွန်ုပ်တို့လည်း ကိုယ့်ရဲ့ယုံကြည်ချက်တွေကို ကဲ့ရဲ့ခံရတဲ့အခါ အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်ဖို့ အသင့်ရှိ၊ မရှိဆိုတာကို စဉ်းစားသုံးသပ်ဖို့ လှုံ့ဆော်ခံရနိုင်ပါတယ်။ ‘ဘယ်အရာက ပိုအရေးကြီးသလဲ၊ လူတွေရဲ့ ချီးမြှောက်တာ ခံရဖို့လား၊ ကျမ်းစာအမှန်တရားကို စွဲကိုင်ထားတာလား’ ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် မေးနိုင်ပါတယ်။