မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | သေလွန်သူတွေ​—အသက်ပြန်ရှင်လာနိုင်မလား

သေလွန်သူတွေအတွက် မျှော်လင့်ချက် ရှိတယ်ဆိုတာ ဘယ်လိုလုပ်ယုံနိုင်မလဲ

သေလွန်သူတွေအတွက် မျှော်လင့်ချက် ရှိတယ်ဆိုတာ ဘယ်လိုလုပ်ယုံနိုင်မလဲ

သေလွန်သူတွေ အသက်ပြန်ရှင်လာမယ့်အကြောင်း စဉ်းစားလိုက်တိုင်း မဖြစ်နိုင်ဘူးလို့ သင် ထင်တယ်မဟုတ်လား။ တမန်တော်ပေါလုကတော့ အဲဒီလို မထင်ခဲ့ပါဘူး။ ဘုရားသခင်ရဲ့လမ်းညွှန်မှုနဲ့ သူဒီလိုရေးသားခဲ့တယ်– “ငါတို့သည် ဤအသက်တာတွင်သာ ခရစ်တော်ကို မျှော်လင့်သည်မှန်လျှင် လူခပ်သိမ်းတို့တွင် သနားစရာအကောင်းဆုံး ဖြစ်ကြလိမ့်မည်။ သို့သော် ယခုမူကား ခရစ်တော်သည် သေခြင်း၌ အိပ်ပျော်သူတို့တွင် ဦးဆုံး ထမြောက်တော်မူပြီ။” (၁ ကောရိန္သု ၁၅:၁၉၊ ၂၀) ရှင်ပြန်ထမြောက်ခြင်း တကယ်ဖြစ်လာမယ်ဆိုတာကို ပေါလုယုံပါတယ်။ ယေရှုကိုယ်တိုင် အသက်ပြန်ရှင်လာတာက အာမခံချက်ဖြစ်လို့ပါ။ * (တမန်တော် ၁၇:၃၁) ထာဝစဉ်အသက်ရှင်ဖို့ ယေရှု အရင်ဆုံး ရှင်ပြန်ထမြောက်ခဲ့တာကြောင့် ကိုယ်တော်ဟာ “ဦးဆုံးထမြောက်” သူလို့ ပေါလု ပြောရတာဖြစ်တယ်။ ယေရှုဟာ ဦးဆုံးဖြစ်တယ်ဆိုရင် နောက်ထပ် အသက်ပြန်ရှင်လာမယ့်သူတွေ ရှိအုံးမယ်မဟုတ်လား။

ဘုရားသခင်က “လက်တော်ဖြင့် ဖန်ဆင်းတော်မူရာကို တောင့်တတော်မူပါလိမ့်မည်” လို့ ယောဘပြောခဲ့တယ်။—ယောဘ ၁၄:၁၄၊ ၁၅

ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို ယုံကြည်နိုင်တဲ့အကြောင်းရင်း နောက်ထပ်ရှိပါသေးတယ်။ ယေဟောဝါက အမှန်တရားရဲ့ဘုရားသခင်ဖြစ်တဲ့အပြင် “မုသားနှင့်ကင်းစင်သော ဘုရားသခင်” လည်းဖြစ်တယ်။ (တိတု ၁:၂) ယေဟောဝါဘုရားက တစ်ခါမှ မလိမ်ညာခဲ့ဖူးဘူး။ နောင်လည်း ဘယ်တော့မှ လိမ်ညာမှာမဟုတ်ဘူး။ ကိုယ်တော်က သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်လို့ ကတိပေးထားရုံသာမက လုပ်ပေးနိုင်စွမ်းလည်း ရှိတယ်ဆိုတာ သက်သေပြသပြီးမှ ကတိပေးထားတဲ့အတိုင်း မလုပ်ဘဲနေပါ့မလား။ ကတိအတိုင်း လုပ်ကိုလုပ်ပေးပါလိမ့်မယ်။

သေလွန်သူတွေ အသက်ပြန်ရှင်လာအောင်လုပ်ပေးဖို့ ယေဟောဝါဘုရား ဘာကြောင့် စီစဉ်ခဲ့တာလဲ။ အကြောင်းကတော့ လူသားတွေကို ချစ်လို့ပါ။ ယောဘက “လူသည်သေလျှင် အသက်ရှင်ဦးမည်လော” လို့မေးပြီးနောက် “အကျွန်ုပ်ကိုခေါ်တော်မူ၍ အကျွန်ုပ်ပြန်လျှောက်ပါမည်။ လက်တော်ဖြင့် ဖန်ဆင်းတော်မူရာကို တောင့်တတော်မူပါလိမ့်မည်” လို့ပြောခဲ့တယ်။ (ယောဘ ၁၄:၁၄၊ ၁၅သမ္မာ) ယောဘက မိမိကို မေတ္တာရှင်ကောင်းကင်ဖခင် အသက်ပြန်ရှင်စေချင်တယ်ဆိုတာ ယုံကြည်စိတ်ချခဲ့တယ်။ ဒီနေ့အချိန်မှာကော ဘုရားသခင်ရဲ့စိတ်သဘောထား ပြောင်းလဲသွားပြီလား။ “ငါသည် ထာဝရဘုရားဖြစ်၏။ ပြောင်းလဲခြင်းမရှိ။” (မာလခိ ၃:၆) သေလွန်သူတွေ အသက်ပြန်ရှင်လာပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်စေချင်တဲ့စိတ် ဘုရားသခင်မှာ ရှိနေတုန်းပါ။ မေတ္တာရှိတဲ့ဘယ်မိဘမဆို သေဆုံးသွားတဲ့ ကိုယ့်ကလေးကို အဲဒီအတိုင်း ဖြစ်စေချင်မှာပဲ။ ဘုရားသခင်မှာ မိမိရဲ့စိတ်ဆန္ဒအတိုင်း လုပ်ပေးနိုင်စွမ်းရှိပေမဲ့ လူသားမိဘတွေမှာတော့ မရှိပါဘူး။—ဆာလံ ၁၃၅:၆

သေခြင်းတရားကို ဘယ်သူမှ မလွန်ဆန်နိုင်ပေမဲ့ ဘုရားသခင်က အပြီးအပိုင်ဖယ်ရှားပေးတော့မှာဖြစ်

ချစ်ရတဲ့သူတွေသေဆုံးသွားလို့ ဝမ်းနည်းနေသူတွေကို အတိုင်းမသိပျော်ရွှင်လာအောင် ယေရှု လုပ်ပေးနိုင်ဖို့ ယေဟောဝါဘုရား တန်ခိုးပေးပါလိမ့်မယ်။ ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီး ယေရှု ဘယ်လိုခံစားရသလဲ။ လာဇရုကိုအသက်ပြန်ရှင်လာအောင် မလုပ်ပေးခင် သူ့အမတွေနဲ့ မိတ်ဆွေတွေ ဝမ်းနည်းကြေကွဲနေတာကိုမြင်တော့ ယေရှုလည်း “မျက်ရည်ကျ” လာတယ်။ (ယောဟန် ၁၁:၃၅) နောက်တစ်ကြိမ်မှာ တစ်ဦးတည်းသောသား သေဆုံးသွားလို့ ဝမ်းနည်းကြေကွဲနေတဲ့ နာဣနမြို့က မုဆိုးမကို ယေရှုတွေ့မြင်ခဲ့တယ်။ အဲဒီအခါ “သနားသောစိတ်ရှိသဖြင့် ‘မငိုနှင့်’” လို့ပြောပြီး သူ့ရဲ့သားကို အသက်ပြန်ရှင်လာအောင် ချက်ချင်းလုပ်ပေးခဲ့တယ်။ (လုကာ ၇:၁၃) ဒါကြောင့် ယေရှုက သေခြင်းနဲ့ ဝမ်းနည်းကြေကွဲမှုရဲ့ အတိမ်အနက်ကို သိရှိတယ်။ လူတွေရဲ့ဝမ်းနည်းကြေကွဲမှုတွေ ပပျောက်သွားပြီး ပျော်ရွှင်လာအောင် လုပ်ပေးတဲ့အချိန်မှာ ယေရှု ဘယ်လောက်တောင် ဝမ်းသာပီတိဖြစ်လိုက်မလဲ။

သင်ကော ဝမ်းနည်းကြေကွဲဖူးပါသလား။ သေခြင်းတရားကို ပပျောက်သွားအောင် ဘယ်သူမှ မလုပ်ပေးနိုင်ဘူးလို့ သင်ယူဆမိနိုင်တယ်။ ဘုရားသခင်က သားတော်ယေရှုကို အသုံးပြုပြီး သေခြင်းကိုဖယ်ရှားပေးမယ့်အပြင် သေလွန်သူတွေ အသက်ပြန်ရှင်လာအောင် လုပ်ပေးပါလိမ့်မယ်။ သင့်ကို အဲဒီအကြောင်း ဘုရားသခင် သိစေချင်တယ်။ ဒါ့အပြင် သင်ချစ်ရတဲ့သူတွေနဲ့ ပြန်လည်ဆုံဆည်းခွင့် ရစေချင်တယ်။ အနာဂတ်မှာ တစ်ဦးနဲ့တစ်ဦး ဘယ်တော့မှ ခွဲခွာနှုတ်ဆက်စကားမပြောရတော့ဘဲ ထာဝစဉ် အတူနေရမယ့်အကြောင်း စိတ်ကူးကြည့်လိုက်ပါ။

ရှေ့ဆောင်းပါးမှာဖော်ပြခဲ့တဲ့ လိုင်ရာနယ်ဒီလိုပြောပြတယ်– “အစပိုင်းမှာ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုရော၊ အဲဒီအကြောင်း လာပြောသူတွေကိုပါ ကျွန်တော် မယုံဘူး။ ဒါပေမဲ့ ကျမ်းစာကို ဆန်းစစ်လေ့လာကြည့်လိုက်မှ အဲဒီအကြောင်းက အမှန်တရားဖြစ်မှန်း သိသွားတယ်။ ခုတော့ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကောင်းကောင်း သဘောပေါက်သွားပါပြီ။ အဘိုးနဲ့ ပြန်တွေ့ရမယ့်အချိန် မြန်မြန်ရောက်ချင်ပြီ။”

ဒီထက်မက သင် သိချင်ပါသလား။ ယေဟောဝါသက်သေတွေက အနာဂတ်မှာ သေလွန်သူတွေ ပြန်ရှင်လာမယ်ဆိုတာကို ယုံကြည်မှုအပြည့်ရှိတယ်။ အဲဒီလိုယုံရတဲ့အကြောင်းရင်းကို သင့်ကိုယ်ပိုင်ကျမ်းစာအုပ်နဲ့ ဝမ်းသာအားရ ရှင်းပြပါလိမ့်မယ်။ *

^ စာပိုဒ်၊ 3 ယေရှုအသက်ပြန်ရှင်လာတယ်ဆိုတဲ့ အထောက်အထားကို ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နူတ်ထွက်လော စာအုပ်ရဲ့ စာမျက်နှာ ၇၈-၈၆ ကိုကြည့်ပါ။