မဿဲ ၇:၁-၂၉

  • တောင်​ပေါ် ဒေ​သနာ (၁-၂၇)

    • ဝေ​ဖန်​အကဲ​ဖြတ်​တာ​မျိုး မလုပ်​ပါ​နဲ့​တော့ (၁-၆)

    • တောင်း​မြဲတောင်း​ပါ၊ ရှာ​မြဲရှာ​ပါ၊ ခေါက်မြဲ​ခေါက်ပါ (၇-၁၁)

    • ရွှေ​ပညတ် (၁၂)

    • ကျဉ်း​တဲ့​တံခါး (၁၃၊ ၁၄)

    • အသီး​ကို ကြည့်​ပြီး ခွဲ​ခြား​သိ​နိုင် (၁၅-၂၃)

    • ကျောက်​သား​ပေါ် ဆောက်​တဲ့​အိမ်၊ သဲ​ပေါ် ဆောက်တဲ့အိမ် (၂၄-၂၇)

  • ယေရှု​ရဲ့​သွန်သင်​ပုံ​ကို လူ​တွေ အံ့​သြ (၂၈၊ ၂၉)

 “ကိုယ်​တိုင် ဝေ​ဖန်​ အကဲ​ဖြတ်​မခံ​ရ​ဖို့ သူ​တစ်ပါး​ကို ဝေ​ဖန်​အကဲ​ဖြတ်​တာ​မျိုး မလုပ်​ပါ​နဲ့​တော့။+ ၂  သူ​တစ်ပါး​ကို ဝေ​ဖန်​အကဲ​ဖြတ်​တဲ့​အတိုင်း ကိုယ်​တိုင် ပြန်​ခံ​ရ​လိမ့်​မယ်။+ ကိုယ်​ချိန်​ပေး​လိုက်​တဲ့ ပမာဏ​အတိုင်း ပြန်​ရ​လိမ့်​မယ်။+ ၃  ကိုယ့်​မျက်​စိ​ထဲ​မှာ သစ်​သား​ချောင်း ခံ​နေ​တာ​ကို သတိ​မထား​ဘဲ​နဲ့ ညီ​အစ်ကို​ရဲ့ မျက်​စိ​ထဲ​က သစ်စ​လေးကို​ပဲ ဘာ​လို့ ကြည့်​နေ​တာ​လဲ။+ ၄  ကိုယ့်​မျက်​စိ​ထဲ​မှာ သစ်​သား​ချောင်း ခံ​နေ​လျက်​နဲ့ ညီ​အစ်ကို​ကို ‘မင်း​ရဲ့ မျက်​စိ​ထဲ​က သစ်စ​လေး ထုတ်​ပေး​ပါ​ရ​စေ’ လို့ ဘယ်​လို​လုပ် ပြော​နိုင်​မှာ​လဲ။ ၅  သူ​တော်​ကောင်း ယောင်​ဆောင်​သူတို့၊ ကိုယ့်​မျက်​စိ​ထဲ​က သစ်​သား​ချောင်း​ကို အရင် ထုတ်​လိုက်​ပါ​ဦး။ ဒါ​မှ ရှင်းရှင်း​လင်းလင်း မြင်​ရ​ပြီး ညီ​အစ်ကို​ရဲ့ မျက်​စိ​က သစ်စ​လေး​ကို ထုတ်​ပေး​နိုင်​မှာ​ပေါ့။ ၆  “ခွေး​ကို မြင့်မြတ်​တဲ့​အရာတွေ မပေး​ပါ​နဲ့။ ဝက်​ရှေ့​မှာ​လည်း ပုလဲ​တွေ မချ​ထား​ပါ​နဲ့။+ အဲ​ဒါ​တွေ​ကို နင်း​ချေ​ပြီး ခင်​ဗျား​တို့​ကို ပြန်​ကိုက်​လိမ့်​မယ်။ ၇  “တောင်းမြဲ​တောင်း​ပါ၊ ရ​လိမ့်​မယ်။+ ရှာ​မြဲ​ရှာ​ပါ၊ တွေ့​လိမ့်​မယ်။ ခေါက်​မြဲ​ခေါက်​ပါ၊ တံခါး​ပွင့်​လာ​လိမ့်​မယ်။+ ၈  တောင်း​တဲ့​သူ​တိုင်း ရ​လိမ့်​မယ်။+ ရှာ​တဲ့​သူ​တိုင်း တွေ့​လိမ့်​မယ်။ ခေါက်​တဲ့​သူ​တိုင်း​အတွက် တံခါး​ပွင့်​လာ​လိမ့်​မယ်။ ၉  ကိုယ့်​ရဲ့ သား​က မုန့်​ကို တောင်း​ရင် ကျောက်​ခဲ ပေး​မလား။ ၁၀  ငါး​ကို တောင်း​ရင် မြွေ ပေး​မလား။ ၁၁  ခင်ဗျား​တို့ အပြစ်​သား​တွေ​တောင် ကိုယ့်​သား​သမီး​ကို ကောင်း​တာ​တွေ ပေး​တတ်​ရင် ခင်ဗျား​တို့​ရဲ့ ကောင်းကင်​ဘုံ​စံ အဖ​ဘုရား​က တောင်း​တဲ့​သူ​တွေ​ကို ကောင်း​တဲ့​အရာတွေ+ ပို​လို့​တောင် ပေး​မှာ မဟုတ်​လား။+ ၁၂  “ဒါ​ကြောင့် ကိုယ့်​ကို ပြု​မူ​ဆက်​ဆံ​စေ​ချင်​တဲ့​အတိုင်း သူ​တစ်ပါး​ကို ပြု​မူ​ဆက်ဆံ​ပါ။+ ဒါ​ဟာ ပညတ်​ကျမ်း​နဲ့ ပရော​ဖက်​ကျမ်း​ရဲ့* အနှစ်​ချုပ်​ပဲ။+ ၁၃  “ကျဉ်း​တဲ့ တံခါး​က​နေ ဝင်​ကြ​ပါ။+ ပျက်​စီး​ခြင်း​ကို ပို့​ဆောင်​တဲ့ တံခါး​ဟာ ကျယ်​ဝန်း​ပြီး လမ်း​က​လည်း ပြန့်​ပြူး​တဲ့​အတွက် ဝင်​တဲ့​သူ​တွေ များ​တယ်။ ၁၄  အသက်​ရှင်​ခြင်း​ကို ပို့​ဆောင်​တဲ့ တံခါး​က​တော့ ကျဉ်း​မြောင်း​ပြီး လမ်း​က​လည်း ကြမ်း​တဲ့​အတွက် ရှာ​တွေ့​သူ​တွေ နည်း​တယ်။+ ၁၅  “သိုး​ရေ​ခြုံ​ပြီး ဝင်​လာ​တဲ့+ ပရော​ဖက် အတု​အယောင်​တွေ​ကို+ သတိ​ထား​ကြ။ တကယ်​တော့ သူတို့​ဟာ ငမ်း​ငမ်း​တက် ဖြစ်​နေ​တဲ့ ဝံပုလွေတွေ​ပဲ။+ ၁၆  သူတို့​ရဲ့ အသီး​ကို* ကြည့်​ပြီး သူတို့​ကို ခွဲ​ခြား​သိ​လိမ့်​မယ်။ ဆူး​ပင်​က​နေ စပျစ်​သီး ခူး​လို့​မှ မရ​တာ။ ဆူး​လေ​ပင်​က​နေ သဖန်း​သီး ခူး​လို့​မှ မရ​တာ။+ ၁၇  အလား​တူ​ပဲ၊ ကောင်း​တဲ့ အပင်​ဟာ ကောင်း​တဲ့ အသီး​ သီး​တတ်​တယ်။ မကောင်း​တဲ့ အပင်​က​တော့ မကောင်း​တဲ့ အသီး​ပဲ သီး​တတ်​တယ်။+ ၁၈  ကောင်း​တဲ့ အပင်​ဟာ မကောင်း​တဲ့ အသီး မသီး​ဘူး။ မကောင်း​တဲ့ အပင်​လည်း ကောင်း​တဲ့ အသီး မသီး​ဘူး။+ ၁၉  ကောင်း​တဲ့ အသီး မသီး​ရင် ခုတ်​လှဲ​ပြီး မီး​ထဲ ပစ်​ချ​ခံ​ရ​တတ်​တယ်။+ ၂၀  ဒါ​ကြောင့် သူတို့​ရဲ့ အသီး​ကို ကြည့်​ပြီး သူတို့​ကို ခွဲ​ခြား​သိ​လိမ့်​မယ်။+ ၂၁  “‘သခင်၊ သခင်’ လို့ ကျွန်တော့်​ကို ခေါ်​တဲ့​သူ​တိုင်း ကောင်းကင်​နိုင်ငံ​ကို ဝင်​ရ​မှာ မဟုတ်​ဘူး။ ကောင်း​ကင်​မှာ စံ​မြန်း​တဲ့ ကျွန်တော့်​အဖရဲ့ အလို​တော်​ကို ဆောင်​တဲ့​သူ​ပဲ ဝင်​ရ​လိမ့်​မယ်။+ ၂၂  အဲဒီ​နေ့​မှာ လူ​အများ​က ‘သခင်၊ သခင်၊+ ကျွန်တော်​တို့ သခင့်​နာ​မည်​ကို သုံး​ပြီး ပရော​ဖက်​ပြု​ခဲ့​တယ်၊ နတ်​ဆိုး​တွေ​ကို နှင်​ထုတ်​ခဲ့​တယ်၊ အံ့ဖွယ်​အမှု​တွေ​ကို​လည်း လုပ်​ပြခဲ့​တယ် မဟုတ်​လား’+ ဆို​ပြီး ပြော​ကြ​လိမ့်​မယ်။ ၂၃  အဲဒီ​အခါ ကျွန်တော်​က ‘တရား​မဲ့​သူတို့၊ မင်း​တို့​ကို ငါ လုံး​ဝ မသိ​ဘူး။ ငါ့​ရှေ့​က ထွက်​သွား​ကြ’+ ဆို​ပြီး သူတို့​ကို ပြော​မယ်။ ၂၄  “ဒါ​ကြောင့် ကျွန်တော် ပြော​နေ​တဲ့ ဒီ​စကား​တွေ​ကို ကြား​ပြီး လိုက်​နာ​တဲ့​သူ​ဟာ ကျောက်​သား​ပေါ်​မှာ အိမ်​ဆောက်​တဲ့ သတိ​ပညာ​ရှိ​သူ​နဲ့ တူ​တယ်။+ ၂၅  မိုး​သဲသဲ​မဲမဲ ရွာ​လို့ ရေတွေ တက်​လာ​ပြီး လေ​ပြင်း တိုက်​ခတ်​တဲ့​အခါ အဲဒီ​အိမ်​ဟာ ကျောက်​ဆောင်​ပေါ်​မှာ ဆောက်​ထား​တဲ့​အတွက် မပြို​လဲ​ဘူး။ ၂၆  ကျွန်​တော် ပြော​နေ​တဲ့ ဒီ​စကား​တွေ​ကို ကြား​ပေမဲ့ မလိုက်​နာ​သူ​က​တော့ သဲ​ပေါ်​မှာ အိမ်​ဆောက်​တဲ့ ဉာဏ်​မရှိ​သူ​နဲ့ တူ​တယ်။+ ၂၇  မိုး​သဲသဲ​မဲမဲ ရွာ​လို့ ရေတွေ တက်​လာ​ပြီး လေ​ပြင်း တိုက်​ခတ်​တဲ့​အခါ+ အဲဒီ​အိမ် ပြို​လဲ​ပြီး လုံး​ဝ ပျက်​စီး​သွား​တယ်။” ၂၈  အဲဒီ​လို ပြော​ပြီး​သွား​တဲ့​အခါ လူ​အုပ်​က ယေရှု​ရဲ့ သွန်သင်​ပုံ​ကို အံ့​သြကြ​တယ်။+ ၂၉  ယေရှု​က ကျမ်း​တတ်​တွေ​လို မဟုတ်​ဘဲ ဘုရား​ပေး အခွင့်​အာဏာ ရှိ​သူ​တစ်​ယောက်​လို သွန်သင်​ပေး​လို့​ပဲ။+

အောက်ခြေမှတ်ချက်များ

‘ပညတ်​ကျမ်း​နဲ့ ပရော​ဖက်​ကျမ်း’ ဆို​တာ ဟီ​ဘ​ရူး​ကျမ်း​စောင်​အားလုံး​ကို ရည်​ညွှန်း။
လုပ်​ရပ်​ကို​ဆိုလို။