ယောဟန် ၁၀:၁-၄၂

  • သိုးထိန်း​နဲ့ သိုး​ခြံ (၁-၂၁)

    • သိုးထိန်း​ကောင်း ယေရှု (၁၁-၁၅)

    • ‘တ​ခြား​သိုး​တွေ​ကို ပိုင်​သေး​တယ်’ (၁၆)

  • ဆက်​ကပ်​အပ်​နှံ​ပွဲ​အတွင်း ယေရှု​နဲ့​ဂျူး​တွေ တွေ့ဆုံ (၂၂-၃၉)

    • ဂျူး​အများ​စု မယုံ (၂၄-၂၆)

    • “ကျွန်​တော့်​သိုး​မှန်​ရင် ကျွန်​တော့်​အသံ​ကို နားထောင်” (၂၇)

    • တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​တဲ့ သား​အဖ (၃၀၃၈)

  • ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​က လူ​အတော်​များ​များ ယုံ​ကြည်​လာ (၄၀-၄၂)

၁၀  “ကျွန်​တော် မှန်​တာ​ကို ပြော​မယ်၊ အမှန်​အတိုင်း ပြော​မယ်။ သိုး​ခြံ​ထဲ​ကို တံခါး​ပေါက်​က​နေ မဝင်​ဘဲ တ​ခြား​နေ​ရာ​က​နေ ကျော်​ဝင်​တဲ့​သူ​ဟာ သူ​ခိုး​ဓား​ပြပဲ။+ ၂  သိုးထိန်း​မှန်​ရင် တံခါး​ပေါက်​က​နေ​ပဲ ဝင်​တယ်။+ ၃  သူ့​ကို တံခါး​စောင့်​က တံခါး​ဖွင့်​ပေး​တယ်။+ သိုး​တွေ​လည်း သူ့​အသံ​ကို နား​ထောင်​တယ်။+ သူ​က သိုး​တစ်​ကောင်​စီ​ကို နာ​မည်​နဲ့​ခေါ်​ပြီး ခြံ​ပြင် ခေါ်​ထုတ်​တတ်​တယ်။ ၄  ရှေ့​က​နေ ဦး​ဆောင်​ပြီး ခေါ်​ထုတ်​သွား​တဲ့​အခါ သိုး​တွေ​ဟာ သူ့​အသံ​ကို သိ​တဲ့​အတွက် နောက်​က​နေ လိုက်​တတ်​တယ်။ ၅  သူ​စိမ်း​တွေရဲ့ အသံ​ကို​တော့ သူတို့ မသိ​တဲ့​အတွက် သူ​စိမ်း​နောက်​ကို လုံး​ဝ​မလိုက်​ဘဲ ထွက်​ပြေး​တတ်​တယ်။” ၆  ဒီ​ပုံ​ဥပမာ​ကို ယေရှု​ပြော​ပြပေမဲ့ အဓိပ္ပာယ်​ကို သူတို့ နား​မလည်​ကြ​ဘူး။ ၇  ဒါ​ကြောင့် ယေရှု​ဆက်​ပြော​တာ​က “ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်၊ အမှန်​အတိုင်း ပြော​မယ်။ ကျွန်​တော်​ဟာ သိုး​တွေ​ဝင်​တဲ့ တံခါး​ပေါက်​ပဲ။+ ၈  ကျွန်​တော့်​အယောင်​ဆောင်​ပြီး လာ​တဲ့​သူ​အားလုံး​ဟာ သူ​ခိုး​ဓား​ပြတွေ​ပဲ။ ဒါ​ပေမဲ့ သူတို့​အသံ​ကို သိုး​တွေ နား​မထောင်​ဘူး။ ၉  ကျွန်​တော်​ဟာ တံခါး​ပေါက်​ပါ။ ကျွန်​တော့်​ဆီ​က​နေ ဝင်​တဲ့​သူ​ဟာ ကယ်​တင်​ခံ​ရ​မယ်။ ဝင်​ထွက်​သွား​လာ​ပြီး စား​ကျက်​ကို တွေ့​လိမ့်​မယ်။+ ၁၀  သူ​ခိုး​က ခိုး​ယူ၊ သတ်​ဖြတ်၊ ဖျက်​ဆီး​ဖို့​ပဲ လာ​တယ်။+ ကျွန်​တော်​က​တော့ သိုး​တွေ​ကို အသက်​ရ​စေ​ဖို့၊ အသက်​တာ​ရှည်​စေ​ဖို့ လာ​တယ်။ ၁၁  ကျွန်​တော်​ဟာ သိုးထိန်း​ကောင်း​ပါ။+ သိုးထိန်း​ကောင်း​ဆို​တာ သိုး​တွေ​အတွက် အသက်* စွန့်​တယ်။+ ၁၂  သိုးထိန်း​လည်း မဟုတ်၊ သိုး​ပိုင်​ရှင်​လည်း မဟုတ်​တဲ့ လူ​ငှား​က​တော့ ဝံ​ပု​လွေ​လာ​တာ​ကို မြင်​တာ​နဲ့ သိုး​တွေ​ကို  ပစ်​ထား​ပြီး  ထွက်​ပြေး​တတ်​တယ်။ ဝံ​ပု​လွေ ကိုက်​ဖမ်း​တဲ့​အခါ သိုး​တွေ  တ​ကွဲ​တ​ပြား  ဖြစ်​ကုန်​တယ်။ ၁၃  သူ​က ငှား​ထား​တဲ့​သူ​ဆို​တော့ သိုး​တွေ​ကို  ဂရု​မစိုက်​ဘူး။ ၁၄  ကျွန်​တော်​က​တော့ သိုးထိန်း​ကောင်း​ဖြစ်​တဲ့​အတွက်  ကျွန်​တော့်​သိုး​တွေ​ကို သိ​တယ်။ သိုး​တွေ​က​လည်း ကျွန်​တော့်​ကို​သိ​တယ်။+ ၁၅  အဖဘု​ရား​က ကျွန်​တော့်​ကို​သိ​ပြီး ကျွန်​တော်​က​လည်း အဖဘု​ရား​ကို  သိ​သလို​မျိုး​ပေါ့။+  သိုး​တွေအတွက်  ကျွန်​တော်  အသက်​စွန့်​တယ်။+ ၁၆  “ဒီ​သိုး​ခြံ​ထဲ​က​မဟုတ်​တဲ့ တ​ခြား​သိုး​တွေ​ကို ကျွန်​တော်​ပိုင်​သေး​တယ်။+ အဲဒီ​သိုး​တွေ​ကို​လည်း ဦး​ဆောင်​ရ​မယ်။ သူတို့​က ကျွန်​တော့်​အသံ​ကို နား​ထောင်​တယ်။ ဒါ​ကြောင့် သိုး​တစ်​အုပ်​တည်း၊ သိုးထိန်း​တစ်​ယောက်​တည်း ဖြစ်​လိမ့်​မယ်။+ ၁၇  ကျွန်​တော်​က အသက်​ပြန်​ရ​ဖို့ အသက်​စွန့်​တဲ့​အတွက်+ အဖဘုရား​က  ကျွန်​တော့်​ကို  ချစ်​တယ်။+ ၁၈  ကျွန်​တော့်​အသက်​ကို ဘယ်​သူ​မှ နုတ်​ယူ​တာ မဟုတ်​ဘူး။ ကိုယ့်​သဘော​နဲ့​ကိုယ် အသက်​စွန့်​တာ​ပါ။ ကျွန်​တော့်​မှာ အသက်​ကို စွန့်​ပိုင်​ခွင့်၊ ပြန်​ရ​ပိုင်​ခွင့် ရှိ​တယ်။+ ဒီ​အမိန့်​ကို အဖဘု​ရား​ဆီ​က ကျွန်​တော်ရ​တယ်။” ၁၉  အဲဒီ​စကား​တွေ​ကြောင့် ဂျူး​တွေ စိတ်​ဝမ်း​ကွဲ​ကြ​ပြန်​တယ်။+ ၂၀  လူ​အများ​စု​က “ဒီ​လူ​ဟာ နတ်​ဆိုး​ပူး​နေ​တဲ့ အရူး​ပဲ။ သူ့​စကား​ကို ဘာ​လို့ နား​ထောင်​ကြ​တာ​လဲ” လို့​ပြော​တယ်။ ၂၁  တ​ချို့​ကျ​တော့ “နတ်​ဆိုး​ပူး​တဲ့​လူ​က ဒီ​လို​ပြော​ပါ့​မလား။ နတ်​ဆိုး​က မျက်​မမြင်​ကို မြင်​အောင် လုပ်​နိုင်​လို့​လား” လို့​ပြော​ကြ​တယ်။ ၂၂  အဲဒီ​အချိန်​ဟာ ဂျေရု​ဆ​လင်​မြို့​မှာ ဆက်​ကပ်​အပ်​နှံ​ပွဲ* ကျင်း​ပချိန်​ပဲ။ ဆောင်း​တွင်း​လည်း  ဖြစ်​နေ​တယ်။ ၂၃  ဗိမာန်​တော်​ထဲ​က  ရှော​လ​မုန်​စင်္ကြံ​မှာ+ ယေရှု  လမ်း​လျှောက်​လာ​နေ​တုန်း၊ ၂၄  ဂျူး​တွေ ဝိုင်း​အုံ​လာ​ပြီး “ကျုပ်​တို့​ကို ဘယ်​လောက်​ကြာ​ကြာ ဇဝေ​ဇ​ဝါ​ဖြစ်​အောင် လုပ်​နေ​မှာ​လဲ။ ခရစ်​တော် ဟုတ်​မဟုတ် ပွင့်​ပွင့်​လင်း​လင်း ပြော​စမ်း​ပါ” ဆို​တော့၊ ၂၅  ယေရှု​က “ကျွန်​တော် ပြော​ပြီး​ပြီပဲ။ ခင်​ဗျား​တို့​မှ မယုံ​တာ။ အဖဘု​ရားရဲ့​နာ​မည်​ကို သုံး​ပြီး ကျွန်​တော်​လုပ်​နေ​တဲ့ အလုပ်​တွေ​ဟာ ကျွန်​တော့်​အကြောင်း သက်သေခံ​နေ​တယ်။+ ၂၆  ခင်​ဗျား​တို့​က ကျွန်​တော့်​သိုး​တွေ မဟုတ်​တော့ ဘယ်​ယုံ​ပါ့​မလဲ။+ ၂၇  ကျွန်​တော့်​သိုး​မှန်​ရင် ကျွန်​တော့်​အသံ​ကို နား​ထောင်​တယ်။ သူတို့​ကို ကျွန်​တော်​သိ​တယ်။ သူတို့​လည်း ကျွန်​တော့်​နောက်​ကို လိုက်​ကြ​တယ်။+ ၂၈  ကျွန်​တော်​က သူတို့​ကို ထာ​ဝ​ရ​အသက်​ပေး​တယ်။+ သူတို့ လုံး​ဝ ဖျက်​ဆီး​ခံ​ရ​မှာ မဟုတ်​ဘူး။ သူတို့​ကို ကျွန်​တော့်​လက်​က​နေ ဘယ်​သူ​မှ လုယူ​လို့ရ​မှာ မဟုတ်​ဘူး။+ ၂၉  ကျွန်​တော့်​ကို အဖဘု​ရား ပေး​အပ်​ထား​သူ​တွေ​ဟာ အရာ​ခပ်​သိမ်း​ထက် အဖိုး​ထိုက်​တယ်။ သူတို့​ကို အဖဘု​ရား​လက်​က​နေ ဘယ်​သူ​မှ  လုယူ​လို့ရ​မှာ  မဟုတ်​ဘူး။+ ၃၀  ကျွန်​တော်​နဲ့ အဖဘု​ရား​ဟာ တစ်​စိတ်​တစ်​ဝမ်း​တည်း​ပဲ”+ လို့​ဖြေတယ်။ ၃၁  အဲဒီ​အခါ ဂျူး​တွေ​က ကျောက်​ခဲ​ကောက်​ပြီး ယေရှု​ကို​ပေါက်​ဖို့ လုပ်​ကြ​ပြန်​တယ်။ ၃၂  ယေရှု​က  “အဖဘုရား​ရဲ့ အမိန့်​နဲ့ ကောင်း​မှု​တွေ အများ​ကြီး ကျွန်​တော်​လုပ်​ခဲ့​တယ်။ အဲဒီ​ကောင်း​မှု​တွေ​ထဲ​က ဘယ်​တစ်​ခု​ကြောင့် ကျွန်​တော့်​ကို ခဲ​နဲ့​ပေါက်​မှာ​လဲ”  လို့​မေး​တယ်။ ၃၃  ဂျူး​တွေ​က  “ကောင်း​မှု​လုပ်​လို့ မဟုတ်​ဘူး၊ ဘု​ရား​ကို စော်​ကား​ပြော​ဆို​နေ​လို့ ခင်​ဗျား​ကို ခဲ​နဲ့​ပေါက်​မှာ။+  လူ​စင်​စစ်​ဖြစ်​လျက်​နဲ့  ကိုယ့်​ကိုယ်​ကိုယ် ဘုရား​ပါ​ဆို​ပြီး ခင်​ဗျား​ပြော​နေ​တာ​ကိုး” လို့​ဖြေတယ်။ ၃၄  ဒါ​နဲ့ ယေရှု​က  “‘ငါ​ပြော​မယ်–  “မင်း​တို့​ဟာ​ဘု​ရားတွေ​ပဲ”’ ဆို​ပြီး  ပညတ်​ကျမ်း​မှာ  ရေး​ထား​တယ်  မဟုတ်​လား။+ ၃၅  ကျမ်း​စကား​ဆို​တာ ပယ်​ဖျက်​လို့​မှ မရ​တာ။ ဘု​ရား​သခင်​က တ​ရား​စကား​မှာ​  ပြစ်​တင်​ရှုတ်​ချ​ထား​ သူတွေ​ကို​တောင် ‘ဘု​ရားတွေ’+  လို့​ခေါ်​တယ်​ဆိုရင်၊ ၃၆  အဖဘု​ရား​ကိုယ်​တိုင် သန့်​ရှင်း​မြင့်မြတ်​စေ​ပြီး ဒီ​လော​က​ကို စေလွှတ်​လိုက်​တဲ့ ကျွန်​တော်​က ကိုယ့်​ကိုယ်​ကိုယ် ‘ဘုရား​သခင်​ရဲ့​ သား​ပါ’ လို့​ပြော​တဲ့​အတွက် ‘ဒါ​ဟာ ဘု​ရား​ကို စော်​ကား​ပြော​ဆို​တာ​ပဲ’ ဆို​ပြီး ခင်​ဗျား​တို့ စွပ်​စွဲ​ရ​သလား။+ ၃၇  အဖဘု​ရား ခိုင်း​တာ​ကို ကျွန်​တော် မလုပ်​ရင် ကျွန်​တော့်​ကို မယုံ​ပါ​နဲ့။ ၃၈  ကျွန်​တော် လုပ်​နေ​တယ်​ဆို​ရင်​တော့ ကျွန်​တော့်​ကို မယုံ​ရင်​တောင် အဲဒီ​လုပ်​ရပ်တွေ​ကို ယုံ​ကြ​ပါ။+ ဒါ​ဆို​ရင် အဖဘု​ရား​က ကျွန်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​ပြီး ကျွန်​တော်​လည်း အဖဘု​ရား​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​မှန်း ခင်​ဗျား​တို့ သိ​မြင်​နား​လည်​လာ​လိမ့်​မယ်”+ လို့​ပြော​လိုက်​တော့၊ ၃၉  ယေရှု​ကို​ဖမ်း​ဖို့  သူတို့ ထပ်​ကြိုး​စား​ကြ​တယ်။ ဒါ​ပေမဲ့ ယေရှု ရှောင်​ထွက်​သွား​တယ်။ ၄၀  အဲဒီ​နောက် ယေရှု​က ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း၊ ယောဟန် ဦး​ဆုံး နှစ်ခြင်း​ပေး​ခဲ့​တဲ့​နေ​ရာ​ဆီ ပြန်​သွား​ပြီး+ အဲဒီ​မှာ နေ​တယ်။ ၄၁  သူ့​ဆီ လူ​အများ​ကြီး ရောက်​လာ​ပြီး “ယောဟန်​က အံ့​ဖွယ်​အမှု​တစ်​ခု​တောင် မလုပ်​ပြခဲ့​ပေမဲ့ ဒီ​လူ​အကြောင်း သူ​ပြော​သမျှ​ဟာ အမှန်​တွေ​ချည်း​ပဲ”+ လို့ အချင်း​ချင်း​ပြော​ကြ​တယ်။ ၄၂  အဲဒီ​မှာ လူ​အတော်​များ​များ ယေရှု​ကို ယုံ​ကြည်​လာ​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်ကို​ကြည့်။
ဆီး​ရီး​ယား​နဲ့ ဂရိတွေရဲ့ လက်​အောက်​က​နေ ဂျူး​တွေ လွတ်​မြောက်​လာ​ပြီး​နောက် ဘီ​စီ​ ၁၆၅ ခု​နှစ်​မှာ ဗိမာန်​တော်​ကို ယေဟောဝါ​ဆီ ပြန်​ဆက်​ကပ်​တဲ့ အထိမ်း​အမှတ်​အဖြစ် ကျင်း​ပတဲ့​ပွဲ။