၁ ပေတရု ၁:၁-၂၅

  • နှုတ်​ခွန်း​ဆက်​စ​ကား (၁၊ ၂)

  • ရှင်​သန်​တဲ့ မျှော်​လင့်​ချက်​အတွက် တစ်​ဖန်​မွေး​ဖွား​ခြင်း (၃-၁၂)

  • နာ​ခံ​တတ်​တဲ့ သား​သမီး​တွေ​အဖြစ် သန့်​ရှင်း​ကြ​ပါ (၁၃-၂၅)

 ယေရှု​ခရစ်ရဲ့ တမန်​တော်+ ပေတရု​က ပုန္တု​ပြည်၊ ဂလာ​တိ​ပြည်၊ ကပ္ပဒေါကိ​ပြည်၊+ အာရှ​နယ်၊ ဗိသုနိ​ပြည်​တွေ​မှာ ကွဲလွင့်​နေ​တဲ့ ယာယီ နေ​ထိုင်​သူ​တွေ၊ ရွေး​ချယ်​ခံ​ရ​သူ​တွေ​ဆီ စာရေး​လိုက်​ပါ​တယ်။ ၂  အဖဘုရား​သခင်​က ကြို​တင် သိ​မြင်​ထား​တဲ့​အ​တိုင်း+ ခင်​ဗျား​တို့​ကို ရွေး​ချယ်​ပြီး စွမ်း​အား​တော်​နဲ့ သန့်​စင်​ပေး​တယ်။+ ရည်​ရွယ်​ချက်​က ခင်ဗျား​တို့​ကို နာ​ခံ​မှု ရှိ​စေ​ဖို့၊ ယေရှု​ခရစ်ရဲ့ သွေး​ကြောင့်+ သန့်​ရှင်း​လာ​စေ​ဖို့​ပါ။ ခင်​ဗျား​တို့​ဆီ​မှာ မဟာ​ကရုဏာ​နဲ့ ငြိမ်​သက်​ခြင်း တိုး​ပွား​ပါ​စေ။ ၃  သခင်​ယေရှု​ခရစ်ရဲ့ အဖဘုရား​သခင်​ကို ချီး​မွမ်း​ကြ​ပါ။ ဘုရား​သခင်​က ကရု​ဏာ ကြီး​မား​လှ​တဲ့​အတွက် ကျွန်​တော်​တို့​ကို တစ်​ဖန် မွေး​ဖွား​စေ​တယ်၊+ ယေရှု​ခရစ်​ကို သေရာ​က​နေ ရှင်​ပြန်​ထ​မြောက်​စေ​ခြင်း​အား​ဖြင့်+ ကျွန်​တော်​တို့​ကို တည်​မြဲတဲ့ မျှော်​လင့်​ချက် ပေးခဲ့​တယ်။+ ၄  မပုပ်​ပျက်​နိုင်​တဲ့၊ မညစ်​ညူး​တဲ့၊ မညှိုး​နွမ်း​တဲ့ အမွေ​ကို​လည်း ပေး​ခဲ့​တယ်။+  အဲ​ဒီ​အမွေ​ကို ခင်​ဗျား​တို့​အတွက် ကောင်း​ကင်​မှာ သိမ်း​ထား​ပေး​တယ်။+ ၅  ခင်​ဗျား​တို့​မှာ   ယုံ​ကြည်​ခြင်း ရှိ​တဲ့​အတွက် ဘုရား​သခင်​က ခင်ဗျား​တို့​ကို ကယ်​တင်​ခြင်း ရ​စေ​ဖို့ တန်​ခိုး​တော်​နဲ့ စောင့်​ရှောက်​တယ်။ အဲ​ဒီ​ကယ်​တင်​ခြင်း​ဟာ အဆုံး​ပိုင်း​ကာ​လ​မှာ ပေါ်​လွင်​ထင်​ရှား​လာ​လိမ့်​မယ်။ ၆  ဒါ​ကြောင့် ခင်​ဗျား​တို့​ဟာ စမ်း​သပ်​မှု အမျိုး​မျိုး+ ကြုံ​ရလို့ ခဏ​တာ ဝမ်း​နည်း​ရ​တာ မှန်​ပေမဲ့ သိပ်​ဝမ်း​မြောက်​နေ​ကြ​တယ်။ ၇  မီး​နဲ့ စမ်း​သပ်​ထား​ပေမဲ့ ပျက်​စီး​သွား​တတ်​တဲ့ ရွှေ​ထက် ခင်​ဗျား​တို့​ရဲ့ အစမ်း​သပ်​ခံ ယုံ​ကြည်​ခြင်း​ဟာ+ အများ​ကြီး တန်​ဖိုး​ရှိ​တယ်။ အဲ​ဒီ​လို ယုံ​ကြည်​ခြင်း ရှိ​တဲ့​အတွက် ယေရှု​ခ​ရစ် ပေါ်​ထွန်း​ချိန်​မှာ ချီး​မွမ်း​ခြင်း၊ ဘုန်း​အသရေ၊ ဂုဏ်​အသရေတွေ​ကို ခင်​ဗျား​တို့ ခံ​စား​ရ​လိမ့်​မယ်။+ ၈  ခ​ရစ်​တော်​ကို ခင်​ဗျား​တို့ မမြင်​ဖူး​ပေမဲ့ ချစ်​ကြ​တယ်။ အခု၊ သူ့​ကို မမြင်​ရ​ပေမဲ့ ယုံ​ကြည်​သက်​ဝင်​ပြီး မပြော​ပြတတ်​လောက်​အောင် အလွန် ဝမ်း​မြောက်​ရွှင်​လန်း​နေ​ကြ​တယ်။ ၉  ယုံ​ကြည်​ခြင်း​ကြောင့် ကယ်​တင်​ခြင်း ရ​မယ်​ဆို​တာ​ကို ခင်​ဗျား​တို့ စိတ်​ချ​နေ​လို့​ပဲ။+ ၁၀  ပရော​ဖက်​တွေ​က ခင်​ဗျား​တို့​အတွက် ရည်​စူး​ထား​တဲ့ မဟာ​ကရု​ဏာ​တော်​အကြောင်း ကြို​ဟော​ခဲ့​တယ်၊ အဲ​ဒီ​ကယ်​တင်​ခြင်း​အကြောင်း အပတ်​တ​ကုတ် မေး​မြန်း​ရှာ​ဖွေ​ခဲ့​ကြ​တယ်။+ ၁၁  ခရစ်​တော် ဘာ​တွေ ကြုံ​ရ​မယ်၊ ဘယ်​အချိန်​မှာ ကြုံ​ရ​မယ်​ဆို​တာ​နဲ့​ပတ်​သက်​ပြီး စွမ်း​အား​တော် ဖော်​ပြတဲ့​အရာ​ကို သူ​တို့ မပြတ် ဆန်း​စစ်​လေ့​လာ​ကြ​တယ်။+ ခရစ်​တော်​ဟာ ဆင်း​ရဲ​ဒုက္ခ ခံ​ရ​ပြီး​နောက် ချီး​မြှောက်​ခံ​ရ​မယ်​ဆို​တဲ့​အကြောင်း စွမ်း​အား​တော် ကြို​တင် အသိ​ပေး​ထား​လို့​ပဲ။+ ၁၂  ကိုယ့်​အတွက် မဟုတ်​ဘဲ ခင်​ဗျား​တို့​အတွက် ပရော​ဖက်​ပြု​ရ​မယ် ဆို​ပြီး သူ​တို့​ကို ဘုရား​သခင် အသိ​ပေး​ခဲ့​တယ်။ သူ​တို့​က ကောင်း​ကင်​က​နေ စေ​လွှတ်​လိုက်​တဲ့ သန့်​ရှင်း​သော စွမ်း​အား​တော် အကူ​အညီ​နဲ့ သတင်း​ကောင်း ဟော​ခဲ့လို့+ အခု ခင်​ဗျား​တို့ အဲ​ဒီ​အကြောင်း ကြား​သိ​နေ​ရ​တယ်။ ကောင်းကင်​တမန်​တွေ​ဆို​ရင် အဲ​ဒီ​အကြောင်း​တွေ​ကို သိပ်​သိ​ချင်​နေ​ကြ​တာ။ ၁၃  ဒါ​ကြောင့် အား​သွန်​ခွန်​စိုက် လုပ်​ဆောင်​ဖို့ စိတ်​ကို အသင့်​ပြင်​ထား​ကြ​ပါ။+  အပြည့်​အဝ သတိ​ရှိ​ကြ​ပါ။+ ယေရှု​ခရစ် ပေါ်​ထွန်း​ချိန်​မှာ ခံ​စား​ရ​မယ့် မဟာ​ကရု​ဏာ​ကို​ပဲ မျှော်​လင့်​နေ​ကြ​ပါ။ ၁၄  နာ​ခံ​တတ်​တဲ့ သား​သမီး​တွေ ဖြစ်​ကြ​ပါ။ ဘုရား​သခင်​ကို မသိ​ခင်​က ခင်​ဗျား​တို့​မှာ ရှိ​ခဲ့​တဲ့ အလို​ဆန္ဒတွေရဲ့ ပုံ​သွင်း​မှု​ကို မခံ​ပါ​နဲ့​တော့။ ၁၅  ခင်​ဗျား​တို့​ကို ခေါ်​ယူ​တဲ့ အရှင်​ဟာ သန့်​ရှင်း​တဲ့​အတွက် ခင်​ဗျား​တို့​လည်း ပြု​မူ​ကျင့်​ကြံ​လေ​သမျှ​မှာ သန့်​ရှင်း​ကြ​ပါ။+ ၁၆  “ငါ​ဟာ သန့်​ရှင်း​တဲ့​အတွက် မင်း​တို့​လည်း သန့်​ရှင်း​ရ​မယ်”+ ဆို​ပြီး ကျမ်း​စာ​မှာ ရေး​ထား​တယ်။ ၁၇  မျက်​နှာ​မလိုက်​ဘဲ တစ်​ယောက်​စီ​ရဲ့ အကျင့်​နဲ့​အညီ တရား​စီ​ရင်​တဲ့ အဖဘုရား​ကို+ ခင်​ဗျား​တို့ ဆု​တောင်း​တယ်​ဆို​ရင် ဒီ​လော​က​မှာ ယာ​ယီ နေ​ထိုင်​ချိန်​အတွင်း ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေတဲ့​စိတ်​နဲ့ ကျင့်​ကြံ​ပြု​မူ​ကြ​ပါ။+ ၁၈  ဘိုး​ဘေး​တွေ​ဆီ​က ဆက်​ခံ​ရ​ရှိ​တဲ့ အချည်း​နှီး ဘဝ​က​နေ ခင်​ဗျား​တို့​ကို လွတ်​မြောက်​စေ​ခဲ့​တာ​ဟာ ရွှေ​ငွေ​စ​တဲ့ ပျက်​စီး​တတ်​တဲ့​အရာတွေ မဟုတ်​မှန်း+ ခင်​ဗျား​တို့ သိ​ပါ​တယ်။ ၁၉  အနာ​အဆာ၊ အစွန်း​အထင်း ကင်း​တဲ့ သိုး​သငယ်​ရဲ့+ သွေး​နဲ့ တူ​တဲ့ ခရစ်​တော်ရဲ့+ တန်​ဖိုး​ကြီး​တဲ့ သွေးနဲ့+ လွတ်​မြောက်​စေ​ခဲ့​တာ​ပါ။ ၂၀  ဘုရား​သခင်​က ခရစ်​တော်​ကို လူ့​လော​က အစ​ပြု​ချိန်* မတိုင်​ခင်​က​တည်း​က+ ရွေး​ချယ်​ခဲ့​ပေမဲ့ ခင်​ဗျား​တို့​ရဲ့ အကျိုး​အတွက် အဆုံး​ပိုင်း​ကာ​လ​ကျ​မှ ဖော်​ပြတယ်။+ ၂၁  ခ​ရစ်​တော်​ကို​ သေရာ​က​နေ အသက်​ပြန်​ရှင်​စေ​ပြီး+ ဘုန်း​တန်​ခိုး ပေး​ခဲ့​တဲ့+ ဘုရား​သခင်​ကို​ ခရစ်​တော်​အား​ဖြင့် ခင်​ဗျား​တို့ ယုံ​ကြည်​လာ​တယ်။+ ဒီ​နည်း​နဲ့ ခင်ဗျား​တို့​ဟာ ဘုရား​သခင်​ကို ယုံ​ကြည်​လာ​ပြီး မျှော်​လင့်​ချက် ရှိ​လာ​ကြ​တယ်။ ၂၂  အမှန်​တရား​ကို နာ​ခံ​တဲ့​အတွက် ခင်​ဗျား​တို့ သန့်​စင်​လာ​ကြ​ပြီ။ ဒါ​ကြောင့် ခင်​ဗျား​တို့​မှာ ဟန်​ဆောင်​မှု ကင်း​တဲ့ ညီ​ရင်း​အစ်​ကို​မေတ္တာ​မျိုး+ ရှိ​လာ​ပြီ ဖြစ်​လို့ အချင်း​ချင်း  နှစ်​နှစ်​ကာ​ကာ ချစ်​ကြ​ပါ။+ ၂၃  ခင်​ဗျား​တို့​ဟာ ပုပ်​ပျက်​တတ်​တဲ့ မျိုး​စေ့​အား​ဖြင့် မဟုတ်​ဘဲ မပုပ်​ပျက်​တတ်​တဲ့ မျိုး​စေ့*+ အား​ဖြင့် တစ်​ဖန် မွေး​ဖွား​ခံ​ရ​ပြီ။+ မပုပ်​ပျက်​တတ်​တဲ့ မျိုး​စေ့​ဆို​တာ အသက်​ရှင်​ပြီး ထာ​ဝ​စဉ် တည်​မြဲတဲ့ ဘု​ရား​သခင်​ရဲ့ တရား​စ​ကား​ပဲ။+ ၂၄  “လူ​သား​အား​လုံး​ဟာ မြက်​ပင်​တွေ​လို​ပဲ။ သူ​တို့​ရဲ့ ဂုဏ်​သရေ​ဟာ လယ်​ပြင်​မှာ ပေါက်​တဲ့ ပန်း​တွေ​လို​ပဲ။ မြက်​ပင်​ဆို​တာ ညှိုး​နွမ်း​တတ်​တယ်၊ ပန်း​တွေ​လည်း ကြွေ​တတ်​တယ်။ ၂၅  ယေဟောဝါ​ရဲ့* တရား​စကား​က​တော့ ထာဝစဉ် တည်​မြဲတယ်။”+ အဲ​ဒီ “တရား​စကား” ဟာ ကျွန်​တော်​တို့ ဟော​တဲ့ သတင်း​ကောင်း​ပဲ။+

အောက်ခြေမှတ်ချက်များ

အာ​ဒံ​နဲ့​ဧ​ဝ သား​သမီး​ရ​တဲ့​အချိန်။
သီး​ပွင့်​ဖြစ်​ထွန်း​နိုင်​စွမ်း​ရှိ​တဲ့ မျိုး​စေ့​ကို ဆို​လို။