မာတိကာဆီ ကျော်သွား

ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး

အဖေနဲ့ သင့်မြတ်သွားပြီ

အဖေနဲ့ သင့်မြတ်သွားပြီ
  • မွေးဖွားတဲ့နှစ်။ ၁၉၅၄

  • နေရင်းနိုင်ငံ။ ဖိလစ်ပိုင်

  • ဘဝနောက်ခံ။ ရုန့်ရင်းကြမ်းတမ်းတဲ့ဖခင်နဲ့ ခွာပြဲသွား

အတိတ်

 ဖိလစ်ပိုင်နိုင်ငံ၊ ပက်ဆန်ဂျန်မြို့နားက နာမည်ကြီး ရေတံခွန်တွေဆီ ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်ကြတယ်။ အဲဒီမှာ ကျွန်တော့်အဖေ နာဒို လေရွန်ဟာ ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းလာတယ်။ အစိုးရ၊ ရဲတပ်ဖွဲ့၊ လုပ်ငန်းခွင် အကျင့်ပျက်ခြစားမှုတွေကြောင့် အဖေဟာ ခက်ထန်ကြမ်းတမ်းလာတယ်။

 သားသမီး ရှစ်ယောက်ကို ကျွေးမွေးဖို့ မိဘတွေ ရုန်းကန်ခဲ့ကြတယ်။ တောင်ယာစိုက်ခင်း စောင့်ရှောက်ဖို့ အိမ်မှာ မရှိကြတာ များတယ်။ အစ်ကို ရိုဒီလီယိုနဲ့ ကျွန်တော်က ကိုယ့်ဝမ်းကိုယ် ကျောင်းကြတယ်။ ငတ်တစ်လှည့် ပြတ်တစ်လှည့်ပေါ့။ ကလေးဘဝမှာ ဆော့ကစားခွင့် မရခဲ့သလောက်ပဲ။ ခုနစ်နှစ်အရွယ် ကတည်းက စိုက်ခင်းမှာ အလုပ် စလုပ်ရတယ်။ မတ်စောက်တဲ့ တောင်ပေါ်လမ်းတွေမှာ အုန်းသီးတွေ သယ်ရတယ်။ လေးလွန်းလို့ မသယ်နိုင်ရင် ဒရွတ်တိုက်ဆွဲရတယ်။

 အဖေ့ထိုးကြိတ်မှုဒဏ်တွေ ခံခဲ့ရတယ်။ ဒါပေမဲ့ အမေ့ကို ထိုးကြိတ်တာ မြင်ရရင် ဘယ်လိုမှ မခံစားနိုင်ဘူး။ ကျွန်တော်တို့ ဝိုင်းတားလို့လည်း အပိုပဲ။ ဒါကြောင့် ကြီးလာရင် အဖေ့ကို သတ်မယ်လို့ အစ်ကို ရိုဒီလီယိုနဲ့ ကျွန်တော် တိုင်ပင်ခဲ့ဖူးတယ်။ အဖေ့မေတ္တာ အလွန်ငတ်ခဲ့ကြတာ။

 အဖေ့ရဲ့ ကြမ်းတမ်းမှုကြောင့် ဒေါသထွက်၊ စိတ်ပျက်ပြီး အသက် ၁၄ နှစ်မှာ အိမ်ကနေ ထွက်သွားတယ်။ လမ်းပေါ်နေ၊ လမ်းပေါ်စားဘဝ ရောက်သွားပြီး ဆေးခြောက် သုံးတတ်လာတယ်။ နောက်တော့ ကမ္ဘာလှည့်ခရီးသည်တွေကို ရေတံခွန်ဆီ စက်လှေ မောင်းပို့တဲ့အလုပ် လုပ်ခဲ့တယ်။

 နှစ်အနည်းငယ်ကြာတော့ မနီလာမှာ တက္ကသိုလ် စတက်တယ်။ စနေ၊ တနင်္ဂနွေမှာ အလုပ်လုပ်ဖို့ ပက်ဆန်ဂျန်မြို့ ပြန်ရတဲ့အတွက် စာကျက်ချိန် မရှိဘူး။ ကျွန်တော့ဘဝက ရုန်းလေနစ်လေနဲ့ အဓိပ္ပာယ်မဲ့နေတယ်။ ဆေးခြောက်ကလည်း စိတ်သက်သာမှု မပေးတော့ဘူး။ ဒါနဲ့ စိတ်ကြွဆေး၊ ကိုကင်း၊ ဘိန်းဖြူတို့ သုံးလာတယ်။ မူးယစ်ဆေး သုံးရာကနေ လိင်အကျင့်ပါ ယိုယွင်းလာတယ်။ ဆင်းရဲနွမ်းပါးမှု၊ မတရားမှု၊ ဒုက္ခတွေနဲ့ ပတ်ခြာရိုက်နေတော့တယ်။ ဒါတွေအတွက် အစိုးရမှာ တာဝန်ရှိတယ်ဆိုပြီး အစိုးရကို မုန်းလာတယ်။ “ဘဝဟာ ဘာကြောင့် ဒီလိုဖြစ်နေသလဲ” လို့ ဘုရားကို မေးခွန်းထုတ်ခဲ့တယ်။ ကျွန်တော် ဆန်းစစ်ကြည့်ခဲ့တဲ့ ဘာသာတရားတွေကနေလည်း အဖြေ မရခဲ့ဘူး။ စိတ်သက်သာရာရဖို့ မူးယစ်ဆေး ပိုသုံးလာတယ်။

 ၁၉၇၂ ခုနှစ်မှာ ဖိလစ်ပိုင်ကျောင်းသားတွေ အစိုးရကို ဆန္ဒပြဖို့ စီစဉ်ကြတယ်။ ကျွန်တော်လည်း ပူးပေါင်းလိုက်တယ်။ ဆန္ဒပြရာကနေ ဆူပူမှု ဖြစ်လာတယ်။ အတော်များများ အဖမ်းခံရပြီး လအနည်းငယ်ကြာတော့ တစ်နိုင်ငံလုံးမှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့တယ်။

 ဒါနဲ့ပဲ လမ်းပေါ် ပြန်ရောက်သွားတယ်။ ပုန်ကန်မှုမှာ ပါခဲ့လို့ အဖမ်းခံရမှာ စိုးရိမ်စိတ်နဲ့ နေထိုင်ခဲ့ရတယ်။ မူးယစ်ဆေးအတွက် အရင်လို ခိုးမှုတွေ ပြန်ကျူးလွန်ရတော့တယ်။ နောက်ဆုံးတော့ လူကုံထံတွေ၊ နိုင်ငံခြားသားတွေအတွက် လိင်ဝန်ဆောင်မှု ပေးခဲ့တယ်။ သေမထူး နေမထူးတဲ့ဘဝ ရောက်သွားတယ်။

 ဒီအတောအတွင်းမှာ အမေနဲ့ ညီတစ်ယောက်က ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ အဖေ ဒေါသထွက်ပြီး ကျမ်းစာ စာပေတွေ မီးရှို့ပစ်လိုက်တယ်။ ဒါပေမဲ့ သူတို့ ဆက်လေ့လာကြတယ်။ နောက်ဆုံး ယေဟောဝါသက်သေတွေအဖြစ် နှစ်ခြင်းခံခဲ့တယ်။

 တစ်နေ့၊ ယေဟောဝါသက်သေတစ်ယောက်က အဖေ့ကို တစ်ကမ္ဘာလုံးမှာ စစ်မှန်တဲ့ တရားမျှတမှု ရှိလာမယ်ဆိုတဲ့ ကျမ်းစာကတိအကြောင်း ပြောပြတယ်။ (ဆာလံ ၇၂:၁၂-၁၄) အဖေ သိပ်လိုချင်တဲ့အရာမို့လို့ ကိုယ်တိုင် လေ့လာဆန်းစစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ တရားမျှတစွာ အုပ်ချုပ်မယ့် အစိုးရအကြောင်း သိလာသလို ခင်ပွန်းဖြစ်သူ၊ ဖခင်ဖြစ်သူတွေဆီက ဘုရားတောင်းဆိုချက်တွေကိုပါ ကျမ်းစာကနေ သိလာတယ်။ (ဧဖက် ၅:၂၈။ ၆:၄) သိပ်မကြာခင်မှာ အဖေနဲ့ တခြားမောင်နှမအားလုံး ယေဟောဝါသက်သေတွေ ဖြစ်လာတယ်။ အိမ်နဲ့ ဝေးနေတော့ ဒီအကြောင်းတွေ ကျွန်တော် မသိခဲ့ဘူး။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးပုံ

 ၁၉၇၈ ခုနှစ်မှာ ကျွန်တော် ဩစတြေးလျကို ပြောင်းသွားတယ်။ ချမ်းသာကြွယ်ဝတဲ့ ဒီနိုင်ငံမှာလည်း စိတ်ငြိမ်သက်မှုကို ရှာမတွေ့ခဲ့ဘူး။ ဒါနဲ့ ဆက်ပြီး အရက်သောက်၊ မူးယစ်ဆေးသုံးခဲ့တယ်။ နှစ်ကုန်ပိုင်းလောက်မှာ ယေဟောဝါသက်သေတွေ ကျွန်တော့်ဆီ ရောက်လာတယ်။ ငြိမ်သက်အေးချမ်းတဲ့ ကမ္ဘာအကြောင်း ကျမ်းစာကနေ ပြောပြတာကို သဘောကျသွားတယ်။ ဒါပေမဲ့ သူတို့နဲ့ သတိထားပေါင်းတယ်။

 သိပ်မကြာခင် ဖိလစ်ပိုင်ကို နှစ်ပတ်၊ သုံးပတ်လောက် ပြန်လည်တယ်။ မောင်နှမတွေက လူကောင်းဖြစ်အောင် ကြိုးစားနေတဲ့ အဖေ့အကြောင်း ပြောပြကြပေမဲ့ အဖေ့ကို နာကြည်းလွန်းလို့ မတွေ့အောင် ရှောင်နေခဲ့တယ်။

 ညီမလေးက ဘဝမှာ ဆင်းရဲဒုက္ခတွေ၊ မတရားမှုတွေနဲ့ ပြည့်နေရတဲ့ အကြောင်းရင်းကို ကျမ်းစာနဲ့ ရှင်းပြတယ်။ ကျွန်တော် သိချင်နေတဲ့ မေးခွန်းတွေရဲ့ အဖြေကို အတွေ့အကြုံနုနယ်သေးတဲ့ ဆယ်ကျော်သက် ညီမလေး အဖြေပေးနိုင်တာကို အံ့ဩသွားတယ်။ ကျွန်တော် မပြန်ခင် အဖေက သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ် အသက်ရှင်နိုင်သည် စာအုပ်ကို ပေးတယ်။ a “လေလွင့်မနေနဲ့တော့။ ဒီစာအုပ်က မင်းရှာနေတဲ့အရာကို ရှာတွေ့အောင် ကူညီပေးလိမ့်မယ်” လို့ပြောတယ်။ ဩစတြေးလျ ရောက်ရင် ယေဟောဝါသက်သေတွေကို ရှာဖို့လည်း ပြောလိုက်တယ်။

 အဖေ မှာလိုက်တဲ့အတိုင်း ရှာကြည့်တော့ ဘရစ်စဘိန်းမြို့ ကျွန်တော့်အိမ်နားမှာ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမတစ်ခု တွေ့ပြီး ပုံမှန် ကျမ်းစာလေ့လာဖို့ သဘောတူလိုက်တယ်။ ဒံယေလ အခန်းကြီး ၇ နဲ့ ဟေရှာယ အခန်းကြီး ၉ လိုမျိုး ကျမ်းစာကြိုဟောချက်တွေ ပြပြီး အကျင့်ပျက်ခြစားမှု မရှိတဲ့ ဘုရားအစိုးရ အုပ်ချုပ်တော့မယ့်အကြောင်း ပြောပြကြတယ်။ ကမ္ဘာမြေဟာ သာယာလှပတဲ့ ပရဒိသု ဖြစ်လာမယ်ဆိုတာလည်း သိလာတယ်။ ဘုရားရဲ့ နှစ်သက်လက်ခံမှုကို ရချင်တဲ့အတွက် ကျွန်တော့်ရဲ့ စိတ်ကို ထိန်းချုပ်ဖို့လိုတယ်၊ မူးယစ်ဆေးနဲ့ အရက် တလွဲသုံးတာကို ဖြတ်ရမယ်၊ လိင်အကျင့်ယိုယွင်းမှုကိုလည်း ဖြတ်ရမယ်ဆိုတာ သိလာတယ်။ ဒါနဲ့ အတူနေတဲ့ ကောင်မလေးနဲ့ လမ်းခွဲလိုက်တယ်။ အရက်နဲ့ မူးယစ်ဆေးလည်း ဖြတ်လိုက်တယ်။ ယေဟောဝါဘုရားကို ယုံကြည်ကိုးစားလာတာနဲ့အမျှ တခြားအရာတွေလည်း ပြောင်းလဲလာနိုင်အောင် ကူညီပေးဖို့ ဆုတောင်းခဲ့တယ်။

 ကျွန်တော် သင်ယူနေတဲ့အရာက လူတစ်ယောက်ကို ပြုပြင်ပြောင်းလဲစေနိုင်တယ်ဆိုတာ တဖြည်းဖြည်း သိလာတယ်။ ကြိုးစားအားထုတ်ရင် “စရိုက်သစ်” ကို ဝတ်ဆင်နိုင်တယ်လို့ ကျမ်းစာ ဆိုတယ်။ (ကောလောသဲ ၃:၉၊ ၁၀) ကျွန်တော် ကြိုးစားနေတာနဲ့အမျှ အဖေ ပြောင်းလဲသွားတာ တကယ်ဖြစ်မှန်း သဘောပေါက်လာတယ်။ ဒေါသစိတ်၊ ရန်လိုစိတ် မရှိတော့ဘဲ အဖေနဲ့ သင့်မြတ်ချင်လာတယ်။ နောက်ဆုံးတော့ အဖေ့ကို ခွင့်လွှတ်လိုက်တယ်။ ကလေးဘဝကတည်းက သိုထားတဲ့ မုန်းတီးစိတ်လည်း ပျောက်သွားတယ်။

အကျိုးကျေးဇူး ရရှိပုံ

 လူငယ်ဘဝတုန်းက ထိခိုက်နစ်နာစေတဲ့ တခြားသူတွေရဲ့ အကျင့်တွေအတိုင်း လိုက်လုပ်တယ်။ မကောင်းတဲ့ အပေါင်းအသင်းက လမ်းလွဲစေတယ်ဆိုတဲ့ ကျမ်းစာ သတိပေးချက်ဟာ ကျွန်တော်အတွက် တကယ် မှန်တယ်။ (၁ ကောရိန္သု ၁၅:၃၃) ဒါပေမဲ့ ယေဟောဝါသက်သေတွေကြားမှာ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတွေ ရှိတယ်။ ကျွန်တော့်ကို လူကောင်းဖြစ်အောင် ကူညီပေးကြတယ်။ အဲဒီမိတ်ဆွေတွေထဲကနေ ဇနီးကောင်း လိုရက်တာနဲ့ ဆုံတွေ့ခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက် တွဲပြီး တခြားသူတွေ ကျမ်းစာအကူအညီ ရနိုင်ပုံအကြောင်း သွန်သင်ပေးနေကြပါတယ်။

ကျွန်တော်တို့မောင်နှံ မိတ်ဆွေများနဲ့အတူ စားသောက်နေစဉ်

 ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ ထင်ထားတဲ့ အဖေဟာ ကျမ်းစာအကူအညီကြောင့် မေတ္တာပြည့်ဝတဲ့ ခင်ပွန်း၊ နှိမ့်ချတဲ့၊ အသင့်အတင့်နေတတ်တဲ့ ခရစ်ယာန်တစ်ယောက် ဖြစ်နေပြီ။ ယေဟောဝါသက်သေတစ်ယောက်အဖြစ် ၁၉၈၇ ခုနှစ်မှာ ကျွန်တော် နှစ်ခြင်းခံခဲ့တယ်။ အဖေနဲ့ ပြန်ဆုံတဲ့အခါ ကျွန်တော့်ကို ပထမဆုံးအကြိမ် အဖေ ပိုက်ဖက်ခဲ့တယ်။

 အဖေဟာ အမေနဲ့အတူ တခြားသူတွေကို ကျမ်းစာမျှော်လင့်ချက်အကြောင်း ၃၅ နှစ်ကျော် ဟောပြောခဲ့တယ်။ အဖေဟာ လုံ့လဝီရိယရှိသူ၊ ဂရုစိုက်တတ်သူ၊ တခြားသူတွေကို ကူညီတတ်သူအနေနဲ့ လူသိများလာတယ်။ အဲဒီအချိန်အတွင်း အဖေ့ကို ချစ်ခင်လေးစားလာတယ်။ အဖေ့သား ဖြစ်ရတာကို ဂုဏ်ယူပါတယ်။ ၂၀၁၆ ခုနှစ်မှာ အဖေ ဆုံးသွားတယ်။ ကျွန်တော်တို့သားအဖ ကျမ်းစာသွန်သင်ချက်တွေကို လိုက်နာလို့ အကျင့်စရိုက်တွေ အကြီးအကျယ် ပြောင်းလဲနိုင်ခဲ့တာကြောင့် အဖေ့ကို သတိရတမ်းတမိတယ်။ မုန်းတီးနာကြည်းစိတ် နည်းနည်းလေးတောင် မရှိတော့ဘူး။ မိသားစုတွေကို ဆင်းရဲဒုက္ခဖြစ်စေတဲ့ အရာအားလုံးကို အဆုံးတိုင်ပေးမယ်လို့ ကတိပြုထားတဲ့ ကောင်းကင်ဘုံစံ ယေဟောဝါအဖဘုရားကို ရှာတွေ့ခဲ့လို့ ကျွန်တော် အင်မတန် ကျေးဇူးတင်ပါတယ်။

a ယေဟောဝါသက်သေတွေ ထုတ်ဝေခဲ့။ အခု ပုံမနှိပ်တော့ပါ။