မာတိကာဆီ ကျော်သွား

အမေရိကန် ဗေသလ​ကို လာလည်​ဖို့ ဖိတ်ခေါ်​ပါတယ်

အမေရိကန် ဗေသလ​ကို လာလည်​ဖို့ ဖိတ်ခေါ်​ပါတယ်

ဗန်ဝါတူး​က ဇနီးမောင်နှံ​တစ်စုံဟာ အမေရိကန် ဗေသလ​ကို လာရောက် လည်ပတ်​ပြီးနောက် “ဗေသလ​ကို လည်ပတ်​ခဲ့တာကို ကျွန်တော်တို့ အမြဲ အမှတ်တရ ဖြစ်နေမှာ​ပါ” ဆိုပြီး ပြောပြတယ်။ တစ်နှစ်​ကို လူ​သောင်း​နဲ့​ချီ လာရောက် လည်ပတ်ကြ​ပြီး သူတို့တွေ​လည်း အဲဒီလိုပဲ ခံစား​ကြရတယ်။

အမေရိကန် ဗေသလ​ကို လည်ပတ်​ဖူး​သလား။ မလည်​ပတ်​ဖူး​ဘူးဆိုရင် လာလည်​ပါလို့ ဖိတ်ခေါ်​ပါတယ်။

ဗေသလအိမ်​ရာ သုံးခုမှာ ဘာတွေ တွေ့ရ​မလဲ

ကမ္ဘာ့​ဌာနချုပ်၊ ဝေါဝစ်၊ နယူးယောက်– ကိုယ်တိုင် လည်ပတ်​ကြည့်ရှု​နိုင်တဲ့ ပြခန်း​သုံးခန်း​ကို လည်ပတ်ပါ။ တစ်ခုက “သမ္မာ​ကျမ်းစာနဲ့ ဘုရားသခင့်​နာမည်” ဆိုတဲ့ ခေါင်းစဉ် ရှိပြီး ရှားပါး​ကျမ်းစာတွေ​နဲ့ ဘုရားသခင့်​နာမတော် ပါတဲ့ ကျမ်းစာတွေ​ကို ပြသထား​တယ်။ “ယေဟောဝါ​နာမည်​အတွက် လူမျိုးတစ်မျိုး” ဆိုတဲ့ ပြခန်း​မှာ ယေဟောဝါသက်သေတွေရဲ့ သမိုင်းကြောင်းကို ပုံဖော်​ပြ​ထားတယ်။ “ကမ္ဘာ့​ဌာနချုပ်—ယုံကြည်ခြင်းဖြင့် လုပ်ဆောင်နေ​ကြ” ပြခန်း​မှာ ယေဟောဝါသက်သေတွေ အတူတကွ စည်းဝေး​ဖို့ စီစဉ်​ကြ​ပုံ၊ ကျမ်းစာ​လေ့လာပုံ၊ ကျမ်းစာ​သတင်းတရားကို တခြား​သူတွေကို ဝေမျှ​ပုံ​နဲ့ အချင်းချင်း မေတ္တာပြ​ကြ​ပုံတွေကို ဖော်ပြ​ထားတယ်။ ရုံးခန်း​တွေ/ဝန်ဆောင်မှု​ပေးတဲ့ အဆောက်အအုံ​တွေ​နဲ့ ဝေါဝစ် ခြံဝင်း​ကို လိုက်လံ​ပြသ​ပေးသူ​နဲ့​အတူ မိနစ် ၂၀ ကြာ လည်ပတ်​ကြည့်ရှု​နိုင်ပါတယ်။

နယူးယောက်၊ ပက်​တာ​စင် ကျမ်းစာ​ပညာပေး​ဌာန– ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာ သင်တန်း​ကျောင်း​နဲ့ ဌာနခွဲ​ကော်မတီဝင်​တွေ​နဲ့ ဇနီးသည်​တွေ​အတွက် သင်တန်း​လို​မျိုး သင်တန်း​ကျောင်း​တွေ ရှိတဲ့ နေရာတွေကို လေ့လာ​ကြည့်ပါ။ ပန်းချီ​နဲ့ ရုပ်/သံ​ဌာန​အပါအဝင် ရုံး​လုပ်ငန်း​လုပ်ဆောင်ပုံ​အကြောင်း ပြောပြ​ထားတဲ့ ဗီဒီယိုတွေ​အပြင် တခြား​ပြသထား​ရာတွေကို​လည်း တွေ့ရ​ပါလိမ့်မယ်။

နယူးယောက်၊ ဝေါလ်ကီး​လ် ပုံနှိပ်၊ ထုတ်​ပို့​ရေး​ဌာန– အမေရိကန်​ပြည်ထောင်စု၊ ကရစ်ဘီယံ​ကျွန်းစု​နဲ့ ကမ္ဘာ့​တခြား​နေရာတွေက အသင်းတော်တွေဆီ ပေးပို့​ဖို့ သမ္မာ​ကျမ်းစာနဲ့ ကျမ်းစာ​အခြေပြု စာပေတွေကို ပုံနှိပ်၊ ချုပ်လုပ်​နေကြ​ပုံကို လေ့လာ​ကြည့်ရှု​ပါ။

လည်ပတ်​ဖို့ ဘယ်လို စာရင်း​သွင်း​နိုင်သလဲ

ကျွန်တော်တို့ရဲ့ ရုံး​တွေကို လည်ပတ်​ဖို့ ခရီးစဉ်​ကို မ​စီစဉ်​ခင် ကျေးဇူးပြု၍ ဝက်ဘ်ဆိုက်​မှာ တင်ထားတဲ့ “ရုံး​နဲ့ လည်ပတ်​ကြည့်ရှု​နိုင်တဲ့ အချက်အလက်” စာမျက်နှာ​ကနေ အရင်ဆုံး ကြိုတင် စာရင်း​သွင်း​ပါ။ အဲဒီ​စာမျက်နှာမှာ အမေရိကန်​ပြည်ထောင်စုမှာ ရှိတဲ့ ဗေသလ အဆောက်အအုံ​တွေ​နဲ့​ပတ်သက်တဲ့ ထပ်ဆင့် အချက်အလက်​တွေ၊ လိပ်စာတွေ​နဲ့ လည်ပတ်​ကြည့်ရှု​မှု ကြာချိန်​တွေကို ဖော်ပြ​ပေးထား​ပါတယ်။

ဘယ်သူက လိုက်​ပြပေး​မှာ​လဲ

ဗေသလ​ရဲ့ ဌာန​အမျိုးမျိုးမှာ အလုပ်လုပ်​နေကြ​တဲ့​သူတွေက လိုက်လံ​ပြသ​ပေးမှာ ဖြစ်ပါတယ်။ သူတို့က ဒီလိုလုပ်​ဆောင်ပေး​ရတာကို ကမ္ဘာချီ​ပညာပေး​လုပ်ငန်း ထောက်ပံ့​ပေးဖို့ ကြိုးစား​အားထုတ်မှု​တစ်ခု​အနေနဲ့ ယူမှတ်​ပါတယ်။ လည်ပတ်​ကြည့်ရှု​မှု​ကို ဘာသာစကား အမျိုးမျိုးနဲ့ ရှင်းပြ​ပေး​ပါတယ်။

လည်ပတ်​ကြည့်ရှုဖို့ ဘယ်လောက် ပေး​ရမလဲ

ပေး​စ​ရာ မလိုပါဘူး။

ယေဟောဝါသက်သေတွေ​ပဲ လာ​လည်ပတ်​ရမှာလား

မဟုတ်ပါဘူး၊ ဘယ်သူ​မဆို လာ​လည်ပတ်​လို့​ရတယ်။ ဧည့်သည်​အများစုဟာ ယေဟောဝါသက်သေတွေ မဟုတ်​ကြပါဘူး။ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီ​လုပ်ငန်းကို ထောက်မ​ပေးနေတဲ့ စနစ်တကျ လုပ်ဆောင်မှုတွေကို ယေဟောဝါသက်သေတွေ​ရော ယေဟောဝါ​သက်သေ မဟုတ်တဲ့​သူတွေပါ လေ့လာ​သိရှိ​နိုင်ကြ​ပါတယ်။

အိန္ဒိယ​နိုင်ငံက မွတ်​ဆ​လင်​အမျိုးသမီး​တစ်ယောက် ပက်​တာ​စင်​ကို လည်ပတ်​လို့​ပြီးတဲ့နောက် ဒီလို​ပြောပြတယ်– “ကျွန်မ ဒီ​နေရာမှာ​တောင် နေချင်​စိတ်​ပေါက်​သွားတယ်။ ကျွန်မကို လိုက်​ပြပေး​တဲ့​အတွက် အများကြီး ကျေးဇူးတင်ပါတယ်။”

ကလေးတွေကို​ကော ခေါ်လာ​လို့ ရ​သလား

ရတာပေါ့။ ဒီလို​လာလည်​ပတ်​တာ​က လူငယ်လေး​တွေ​အပေါ် အကျိုး​သက်ရောက်မှု ရှိပါတယ်။ အမေရိကန်​က လာလည်​ပတ်​သူ ဂျွန်​က ဒီလို​ရေး​ပြီး ပေးပို့​ခဲ့တယ်– “ကျွန်တော်တို့ အုပ်စု​မှာ ပါ​လာတဲ့ ကလေးတွေဟာ လည်ပတ်​ခဲ့​တဲ့​အကြောင်း အိမ်ကို ပြန်လာတဲ့ လမ်း​တစ်လျှောက်လုံးမှာ မနားတမ်း ပြောခဲ့​ကြတယ်။ မလည်​ပတ်​ခင်​တုန်း​က ဗေသလ​လုပ်ငန်း​အကြောင်း ဘာမှ​မသိကြဘူး၊ ဒါပေမဲ့ အခုတော့ ဗေသလမှာ အမှုဆောင်​ချင်​နေကြပြီ။”

တခြား​နိုင်ငံတွေ​မှာ ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံး​တွေကို​ကော လည်ပတ်​လို့ ရ​သလား

တခြား​နိုင်ငံတွေက ရုံး​တွေကို​လည်း လည်ပတ်​လို့ ရ​ပါတယ်။ နေရာ ရှာဖွေ​ဖို့ ရုံး​များနဲ့ လည်ပတ်​ကြည့်ရှု​နိုင်တဲ့ အစီအစဉ်များဆိုတဲ့ စာမျက်နှာမှာ ရှာပါ။ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံး​ကို လည်ပတ်​ဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်​ပါတယ်။