မာတိကာဆီ ကျော်သွား

ဖေဖော်ဝါရီ ၁၉, ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

ကမ္ဘာ့ ပထမဆုံး လက်သင်္ကေတပြ ဘာသာစကားနဲ့ ကျမ်းစာ အပြည့်အစုံ ရနိုင်ပါပြီ

ကမ္ဘာ့ ပထမဆုံး လက်သင်္ကေတပြ ဘာသာစကားနဲ့ ကျမ်းစာ အပြည့်အစုံ ရနိုင်ပါပြီ

၂၀၂၀၊ ဖေဖော်ဝါရီ ၁၅ မှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂျက်ဖရီ ဂျက်ဆင်က အမေရိကန် လက်သင်္ကေတပြ ဘာသာစကား (ASL) နဲ့ ကမ္ဘာသစ် ဘာသာပြန် ကျမ်းစာ နောက်ဆုံး ကျမ်းစောင်ကို ထုတ်ဝေလိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့ ပထမဆုံး လက်သင်္ကေတပြ ဘာသာစကားနဲ့ ကျမ်းစာ အပြည့်အစုံ ဖြစ်တယ်။ အမေရိကန်၊ ဖလော်ရီဒါပြည်နယ်၊ ဖော့ လော်ဒါဒေးမြို့မှာရှိတဲ့ ASL ဘာသာပြန် ရုံးခွဲအသစ် ဆက်ကပ်အပ်နှံခြင်း အစီအစဉ်မှာ ဒီသမိုင်းဝင် ကြေညာချက်ကို ကြေညာလိုက်တာပါ။ ဖလော်ရီဒါပြည်နယ်၊ ဝက်စ်ပမ်ဘိချ်မြို့က ယေဟောဝါသက်သေတွေရဲ့ ခရစ်ယာန် အစည်းအဝေးကြီး စင်တာမှာ ကျင်းပခဲ့တယ်။

အစီအစဉ်ကို လူ ၂,၅၀၀ ကျော် တက်ရောက်တယ်။ ဘရာဇီး၊ ကနေဒါ၊ ဒိုမိုနီကန် ပြည်သူ့သမ္မတနိုင်ငံ၊ ဟေတီ၊ ထရီနီဒက်၊ တိုဘာဂို၊ အမေရိကန် ပြည်ထောင်စု တစ်ဝန်း ယေဟောဝါသက်သေတွေရဲ့ နိုင်ငံတော် ခန်းမတွေမှာ ချိတ်ဆက် ထုတ်လွှင့်ခဲ့ပြီး နောက်ထပ် လူပေါင်း ၁၅,၆၃၅ ယောက် တက်ရောက်တယ်။ ဒါကြောင့် တက်ရောက်သူ စုစုပေါင်း ၁၈,၀၀၀ ကျော် ရှိတယ်။

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂျက်ဖရီ ဂျက်ဆင်က လူတွေ့မေးမြန်းနေစဉ်

ဆက်ကပ်အပ်နှံခြင်း ဟောပြောချက်အပြီးမှာ ညီအစ်ကို ဂျက်ဆင်က ASL ကျမ်းစာ နောက်ဆုံး ကျမ်းစောင်ကို ထုတ်ဝေလိုက်ကြောင်း ကြေညာတယ်။ ဟောပြောချက် ပြီးခါနီးမှာ “အထူးသတင်းတစ်ခု ကြေညာချင်ပါတယ်။ ယောဘကျမ်း ထုတ်ဝေမှုနဲ့အတူ ကမ္ဘာသစ် ဘာသာပြန် ကျမ်းစာ အပြည့်အစုံကို ထုတ်ဝေလိုက်ပါပြီ။ ယေဟောဝါ သက်သေတွေဟာ ASL ကျမ်းစာ အပြည့်အစုံ ထုတ်ဝေလိုက်တဲ့ ပထမဆုံး အဖွဲ့အစည်းပါပဲ။ ကမ္ဘာပေါ်မှာ၊ လူ့သမိုင်းတစ်လျှောက်မှာ လက်သင်္ကေတပြ ဘာသာစကားနဲ့ ပထမဆုံး ကျမ်းစာ အပြည့်အစုံ ဖြစ်ပါတယ်” လို့ ပြောတယ်။

ယောဘကျမ်းအပါအဝင် တစ်အုပ်လုံး ထုတ်ဝေနိုင်ဖို့ ၁၅ နှစ်ကြာ ဘာသာပြန်ခဲ့ရတယ်။ အုပ်ချုပ်ရေးအဖွဲ့က ASL ကမ္ဘာသစ် ဘာသာပြန်ကျမ်း ထုတ်ဝေမှုကို ၂၀၀၄ မှာ ခွင့်ပြုခဲ့တယ်။ နှစ်နှစ်အကြာမှာ မဿဲကျမ်းကို ထုတ်ဝေတယ်။ ကျန်ဂရိကျမ်းစာစောင်တွေကို ၂၀၁၀ အထိ ကျမ်းစောင် တစ်စောင်ပြီး တစ်စောင် ထုတ်ဝေခဲ့တယ်။ ဟီဘရူးကျမ်းစာစောင်တွေကိုတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ထုတ်ဝေလာခဲ့ပြီ။

ASL ကမ္ဘာသစ် ဘာသာပြန်ကျမ်း ထုတ်ဝေမှုကြောင့် နားမကြားသူတွေ အလွန် အကျိုးခံစားရတယ်။ “ကမ္ဘာသစ် ဘာသာပြန်ကျမ်းကို ပထမဆုံးအကြိမ် တွေ့ရတော့ ငိုပဲငိုနေမိတယ်။ အင်္ဂလိပ်ကျမ်းစာ ဖတ်တုန်းက ကြက်သီးမထခဲ့ဘူး။ လက်သင်္ကေတပြ ဘာသာစကားနဲ့ ကြည့်လိုက်ရတော့ မျက်ရည်မဆည်နိုင်ဘူး” လို့ ကြေညာသူ အိုင်စစ် အက်တွန် ပြောတယ်။

ဘာသာပြန်ဆိုမှုက လက်သင်္ကေတပြ အသင်းတော်တွေမှာ ရှိတဲ့ ကြေညာသူတွေရဲ့ အမှုဆောင်လုပ်ငန်းကို အကျိုးရှိစေတယ်။ ဘာသာပြန်ရုံးခွဲက ASL ဘာသာပြန် ဒေးဗစ် ဂွန်ဇလဇ်က “ဒီကျမ်းစာကြောင့် အမှန်တရားကို အပြည့်အဝ နားလည်လာတယ်။ အမှုဆောင်မှာ သတ္တိရှိရှိ ဟောနိုင်လာပြီ။ ASL ကျမ်းစာ မရခင်တုန်းက ကိုယ့်ကိုယ်ကိုယ် မသေမချာနဲ့။ ဖြေရခက်တဲ့ မေးခွန်းတွေ အိမ်ရှင် မမေးပါစေနဲ့လို့ ကြိတ်ဆုတောင်းရတယ်။ အခုတော့ ASL မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားလို့ ကျွန်တော် ယုံကြည်စိတ်ချမှုအပြည့် ရှိနေပြီ။ အသင့်ဖြစ်နေပြီ” လို့ ပြောတယ်။

နယူးယောက်ပြည်နယ်၊ ဝေါဝစ်၊ ကမ္ဘာ့ဌာနချုပ်မှာရှိတဲ့ ဘာသာပြန်လုပ်ငန်းကို ကြီးကြပ်ပေးနေသူ ညီအစ်ကို နီကိုးလတ် အလာဒစ်က “ASL ကျမ်းစာပရောဂျက်က တခြား လက်သင်္ကေတပြ ဘာသာစကားတွေအတွက် စံနှုန်း ချမှတ်ပေးတယ်။ ကျမ်းစာ တစ်စိတ်တစ်ပိုင်းကို လက်သင်္ကေတပြ ဘာသာစကား ၁၇ မျိုးနဲ့ ရနိုင်ပါပြီ။ နောက်ထပ် ရလာဦးမှာပါ” လို့ ပြောတယ်။

ASL ကမ္ဘာသစ် ဘာသာပြန်ကျမ်း အပြည့်အစုံက ဘုရားရဲ့ စကားတော်ကို မိခင်ဘာသာစကားနဲ့ သိခွင့်ရစေတဲ့အတွက် ယေဟောဝါနဲ့ ပိုရင်းနှီးလာကြမှာ သေချာတယ်။—တမန်တော် ၂:၆