မာတိကာဆီ ကျော်သွား

ကြားနေမှုကြောင့် ဂရိနိုင်ငံက ညီအစ်ကိုတွေ ပြည်နှင်ဒဏ်ခံရ၊ ထောင်ချခံရတာတောင် အခွင့်သာတိုင်း ခရစ်တော်ရဲ့သေခြင်း အောက်မေ့ရာပွဲလို ဝတ်ပြုရေးအစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်ခဲ့

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်
ဂရိ

စစ်အတတ်ပညာကို မသင်တာ အနှစ်တစ်ရာပြည့်

စစ်အတတ်ပညာကို မသင်တာ အနှစ်တစ်ရာပြည့်

နီကိုနဲ့ အယ်လီနီ အာဘာတစ်

၂၀၂၂ ခုနှစ်ဟာ ဂရိနိုင်ငံက ယေဟောဝါသက်သေတွေအတွက် အထင်ကရ ဖြစ်ရပ်နှစ်ခုရဲ့ နှစ်ပတ်လည်နှစ်ပါ။ မှတ်တမ်းအရ ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတာ အနှစ် ၁၀၀ ပြည့်တဲ့နှစ်၊ အစားထိုး အရပ်ဘက်လုပ်ငန်း စတင်တာ ၂၅ နှစ် ပြည့်တဲ့နှစ် ဖြစ်တယ်။

၂၀ ရာစုအတွင်း ဂရိနိုင်ငံမှာ စစ်တွေ ဖြစ်ခဲ့တယ်။ ဒါကြောင့် ညီအစ်ကိုတွေက ကြားနေမှုနဲ့ပတ်သက်ပြီး အကြိမ်ကြိမ် ပြဿနာကြုံခဲ့တယ်။ ကျမ်းစာအရ လေ့ကျင့်ထားတဲ့ မှားမှန်သိစိတ်ကြောင့် (အဲဒီတုန်းက ကျမ်းစာကျောင်းသားတွေလို့ ခေါ်တဲ့) ယေဟောဝါသက်သေနှစ်ယောက်ဖြစ်သူ နီကို အာဘာတစ်နဲ့ နီကိုလို့စ် ရယ်ဘယ်ဘို့စ်ဟာ စစ်မှုထမ်းဖို့ ဦးဆုံး ငြင်းဆိုခဲ့သူတွေ ဖြစ်တယ်။

ညီအစ်ကို အာဘာတစ်က ၁၉၁၉-၁၉၂၂ အတွင်းဖြစ်ပွားခဲ့တဲ့ ဂရိ-တူရကီစစ်ပွဲမှာ ပါဝင်ဖို့ ငြင်းဆိုခဲ့တယ်။ အဲဒီအချိန်အကြောင်း ညီအစ်ကို အာဘာတစ် အခုလိုပြောပြတယ်– “[အာရှမိုင်းနား] က စစ်တန်းလျားကို အပို့ခံရတယ်။ . . . ကျွန်တော် သတ္တိမွေးပြီး [စစ်သားတွေကို] သက်သေခံတယ်။ ရန်သူတွေကို ချစ်ရမယ်လို့ ခရစ်ဝင်ကျမ်းမှာ ရေးထားတဲ့အတွက် စစ်တိုက်တာဟာ ကျမ်းစာနဲ့ မညီဘူးလို့ သူတို့ကို ပြောပြတယ်။” စစ်ပြီးသွားတဲ့အခါ ညီအစ်ကို အာဘာတစ်ဟာ ဂရိနိုင်ငံတစ်ဝန်း ဒေသများစွာမှာ ကျမ်းစာအကြောင်း ဆက်လက် သက်သေခံခဲ့တယ်။

နီကိုလို့စ် ရယ်ဘယ်ဘို့စ်နဲ့ ဇနီး

နီကိုလို့စ် ရယ်ဘယ်ဘို့စ်က ဂရိ-တူရကီစစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ ကျမ်းစာနဲ့ ကျမ်းစာကျောင်းသားတွေရဲ့ ဝေစာကို ဖတ်ပြီးနောက် စစ်နဲ့ပတ်သက်ပြီး အမြင်ပြောင်းသွားတယ်။ နောက်တော့ သေနတ်နဲ့ ပစ်သတ်ခံရနိုင်မှန်းသိတာတောင် စစ်မတိုက်နိုင်တော့ဘူးလို့ အထက်အရာရှိတွေကို ပြောပြလိုက်တယ်။ ‘ဘုရားသခင် အခွင့်မပေးရင် ဆံခြည်တစ်မျှင်တောင် ဆုံးရှုံးမှာမဟုတ်ဘူး’ လို့ ရဲရဲဝံ့ဝံ့ ပြောကြားခဲ့တယ်။ စစ်ပြီးသွားတဲ့နောက် ကျမ်းစာကျောင်းသားတွေကို လိုက်ရှာပြီး ၁၉၂၅ ခုနှစ်မှာ နှစ်ခြင်းခံတယ်။

ညီအစ်ကို အာဘာတစ်နဲ့ ရယ်ဘယ်ဘို့စ်တို့ဟာ အပြင်းအထန်ဖိအားပေးခံရတဲ့ကြား လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ငြင်းဆိုခဲ့တဲ့ ဂရိညီအစ်ကိုများစွာထဲက ဦးဆုံးသူတွေပါ။ ဒုတိယကမ္ဘာစစ်အတွင်းနဲ့ ၁၉၄၆-၁၉၄၉ ဂရိပြည်တွင်းစစ်အတွင်းမှာလည်း ညီအစ်ကိုတွေဟာ စစ်တပ် ဒါမှမဟုတ် ပြောက်ကျားတပ်မှာ မပါဝင်ဖို့ ရဲရဲရင့်ရင့် ဆုံးဖြတ်ခဲ့တယ်။ ရလဒ်အနေနဲ့ ညီအစ်ကိုတချို့ သေဒဏ်စီရင်ခံရတယ်။ ဒါပေမဲ့ ညီအစ်ကိုတွေဟာ နှိပ်စက်ညှဉ်းပန်းမှုကို အလျှော့မပေးဘဲ ကျမ်းစာမှာပါတဲ့ ငြိမ်းချမ်းရေးသတင်းကို ဆက်ဟောပြောကြတယ်။ ဂရိနိုင်ငံရဲ့ ယေဟောဝါသက်သေအရေအတွက်ဟာ ၁၉၄၀ မှာ ၁၇၈ ယောက်ကနေ ၁၉၄၉ မှာ ၂,၈၀၈ ယောက်အထိ တိုးတက်ခဲ့တယ်။

ဒီနေ့ ဂရိနိုင်ငံမှာ ယေဟောဝါသက်သေတွေ သတင်းကောင်းကို ထက်ထက်သန်သန် ဟောပြောနေကြ

ခံယူချက်ကြောင့် စစ်မှုမထမ်းသူတွေကို အစိုးရက ဆက်လက်ထောင်ချတယ်။ ကြားနေမှုကြောင့် စုစုပေါင်း ညီအစ်ကို ၃,၇၈၈ ယောက် ထောင်ကျခဲ့တယ်။ နောက်ဆုံး ၁၉၉၇ ခုနှစ်မှာ ဂရိအစိုးရက အစားထိုး အရပ်ဘက်လုပ်ငန်းကို ခွင့်ပြုတဲ့ဥပဒေ ပြဋ္ဌာန်းတယ်။ လောလောဆယ် ဂရိနိုင်ငံမှာ ညီအစ်ကို ၁၀၀ နီးပါးဟာ အစားထိုး အရပ်ဘက်လုပ်ငန်းကို လုပ်ဆောင်နေပါတယ်။

၂၀၂၂ ခုနှစ် လုပ်ငန်းတော်နှစ်အတွင်း ဂရိနိုင်ငံမှာ အများဆုံး ကြေညာသူ ၂၇,၉၉၅ ယောက် ရှိခဲ့ပြီး အယောက် ၄၂၀ နှစ်ခြင်းခံခဲ့တယ်။

လွန်ခဲ့တဲ့ အနှစ်တစ်ရာကို ပြန်ပြောင်းကြည့်ရင် စစ်အတတ်ပညာကို မသင်ဖို့ အခိုင်အမာ ဆုံးဖြတ်ထားတဲ့ ဂရိနိုင်ငံက ညီအစ်ကိုတွေကို ယေဟောဝါဘုရား ကူညီပေးနေတာ ထင်ရှားပါတယ်။—ဟေရှာယ ၂:၄