မာတိကာဆီ ကျော်သွား

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်
ယူကရိန်း

နောက်ဆုံးအချက်အလက် #၁၃ | ယူကရိန်း အကျပ်အတည်းကြား လွှမ်းခြုံနေတဲ့ ညီရင်းအစ်ကို မေတ္တာ

တစ်အိမ်မှတစ်အိမ် အမှုဆောင်ခြင်း ပြန်စ

နောက်ဆုံးအချက်အလက် #၁၃ | ယူကရိန်း အကျပ်အတည်းကြား လွှမ်းခြုံနေတဲ့ ညီရင်းအစ်ကို မေတ္တာ

၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာ ယူကရိန်းက လုံခြုံတဲ့ဒေသတွေမှာ တစ်အိမ်မှတစ်အိမ် အမှုဆောင်ခြင်း ပြန်စတင်မယ့်အကြောင်း ကြေညာခဲ့တယ်။ ညီအစ်ကို/မတွေ အားတက်သရော ပါဝင်ခဲ့ကြတယ်။ ကျမ်းစာသတင်းစကားကို နားထောင်တဲ့ လူအတော်များများကို တွေ့ခဲ့ကြတယ်။ ကျမ်းစာသင်အံမှု လက်ခံခဲ့သူတစ်ယောက် ဒီလိုပြောတယ်– “စစ်အတွင်း သွေးပျက်စရာ အဖြစ်အပျက်တွေ၊ လူတွေရဲ့ ဆင်းရဲဒုက္ခတွေကို တွေ့ရပြီးတဲ့နောက် လူတွေရဲ့ ပြဿနာတွေကို ဘုရားပဲ ဖြေရှင်းနိုင်မယ်ဆိုတာ သိလာတယ်။” အမှုဆောင်မှာရခဲ့တဲ့ တွေ့ကြုံမှုတွေကို အောက်မှာဖော်ပြထားပါတယ်။

လန်နစ်စီအသင်းတော်က ညီအစ်ကို ရုစလန်ဟာ တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းမှာ ပြန်ပါဝင်ဖို့ နည်းနည်း စိုးရိမ်ခဲ့တယ်။ ဒါကြောင့် သူနဲ့ သူ့ဇနီးက ရဲစွမ်းသတ္တိပေးဖို့နဲ့ သတင်းကောင်းကို စိတ်ဝင်စားမယ့်သူတွေဆီ လမ်းညွှန်ပေးဖို့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။ နှစ်နာရီအတွင်းမှာ လူရှစ်ယောက်နဲ့ စကားပြောခွင့်ရခဲ့ပြီး သူတို့အားလုံး ကျမ်းစာသင်အံမှု လက်ခံခဲ့ကြလို့ သူတို့ဇနီးမောင်နှံ အံ့သြခဲ့ရတယ်။

ခရင်မယ်နက်အသင်းတော်က ညီအစ်မ အိုလာ အမှုဆောင်မှာ ပါဝင်နေတုန်း အမျိုးသားတစ်ယောက်က သူနဲ့သူ့အဖော်ဆီ ပြေးလာပြီး ကျမ်းစာအကြောင်း ပြောနေကြတာလားလို့ မေးတယ်။ ပြီးတော့ သူ ဒီလိုရှင်းပြတယ်– “ကျွန်တော် ဆေးလိပ်သောက်တယ်၊ အရက်လည်း စွဲနေတယ်။ မကြာခင် ကျွန်တော့်ကို ဘုရား တရားစီရင်တော့မှာ။ ဒါကြောင့် လက်ရှိဘဝကို ပြောင်းလဲချင်တယ်။” သူ့ကို ကျမ်းစာသင်ပေးဖို့ ဒေသခံ ညီအစ်ကိုတွေနဲ့ စီစဉ်ပေးခဲ့တယ်။

လဗိဗ်-ရေဇင်-စခစ်ဒ်နီအသင်းတော်က ညီအစ်ကို ဗာစဲလ်ဟာ အမှုဆောင်အုပ်စုနဲ့ ရွာတစ်ရွာမှာ ဟောပြောနေတုန်း အမျိုးသမီးတစ်ယောက်ရဲ့အိမ်ကို အရင်က သွားခဲ့ဖူးတာ မှတ်မိသွားတယ်။ ယေဟောဝါသက်သေတွေနဲ့ စကားပြောဖို့ ဒေါသတကြီး ငြင်းဆိုခဲ့တဲ့ အမျိုးသမီးပါ။ ဒါပေမဲ့ သူ့အိမ်ကို ပြန်သွားပြီး တံခါးခေါက်ခဲ့တယ်။ အံ့ဩစရာက သင်အံမှု ကမ်းလှမ်းတဲ့အခါ အမျိုးသမီးက ကျမ်းစာကိုနားလည်ချင်ကြောင်း ပြောပြီး သင်အံမှု လက်ခံခဲ့တယ်။ သူ့ဆီ ပြန်သွားဖို့ စီစဉ်ထားတယ်။

အီလင့်ဆီအသင်းတော်က ညီအစ်ကို စယ်ဟီဟာ ၂၀၂၁ မှာ နှစ်ခြင်းခံလို့ တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းလုပ်ငန်းမှာ တစ်ခါမှ မပါဝင်ခဲ့ဖူးဘူး။ စိုးရိမ်စိတ်ကြောင့် ပြင်ဆင်မှုတွေ အများကြီး လုပ်တယ်။ စယ်ဟီ ဒီလိုရှင်းပြတယ်– “ကျွန်တော် နမူနာတင်ဆက်နည်း ဗီဒီယိုကို အကြိမ်ကြိမ် ကြည့်ပြီးပြီ။ ဒီတော့ သတ္တိရှိဖို့ပဲ လိုတော့တာ။” တခြားသူတွေကို သတင်းကောင်း ဝေမျှခွင့်ရတဲ့အခါ စိုးရိမ်စိတ်တွေပျောက်ပြီး အတိုင်းထက်အလွန် ပျော်ရွှင်ခဲ့တယ်လို့ သူပြောပြတယ်။

အလားတူ၊ ရော့ဇယ်အသင်းတော်က ညီအစ်မ နိကောဟာ ၂၀၂၂၊ သြဂုတ်လမှာ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူဖြစ်လာတယ်။ သူ ဒီလိုပြောပြတယ်– “ကျွန်မ သိပ်စိုးရိမ်တာ၊ လူတွေကို ကိုယ်တိုင်တွေ့ဆုံပြီး ဟောပြောရမှာလည်း ကြောက်တယ်။ ဒါပေမဲ့ ယေဟောဝါအကြောင်း လူတွေကို ပြောပြခွင့် ရပြီးနောက်မှာတော့ ရင်ထဲကြည်နူးလိုက်တာ။”

ညီအစ်မ နှစ်ယောက် တစ်အိမ်မှတစ်အိမ် အမှုဆောင်ခြင်းမှာ ပါဝင်နေစဉ်

၂၀၂၂၊ နိုဝင်ဘာ ၁၁ ရက်အထိ အောက်ပါအရေအတွက်တွေကို ယူကရိန်းကနေ ရရှိထားပါတယ်။ ဒေသခံညီအစ်ကိုတွေ ပေးပို့ထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ နိုင်ငံရဲ့ဒေသအားလုံးနဲ့ အဆက်အသွယ် မရနိုင်တဲ့အတွက် မြေပြင်မှာဖြစ်နေတဲ့ တကယ့်အရေအတွက်တွေက ဒီထက်မက ပိုများနိုင်ပါတယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ကြေညာသူ ၄၆ ဦး သေဆုံး

  • ကြေညာသူ ၉၇ ဦး ဒဏ်ရာရ

  • ကြေညာသူ ၁၂,၅၆၉ ဦး အိုးအိမ်စွန့်ခွာ

  • အိမ်အလုံး ၅၉၀ လုံးဝ ပျက်စီး

  • အိမ် ၆၄၅ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၁,၇၂၂ လုံး အနည်းငယ် ပျက်စီး

  • ဝတ်ပြုရာခန်းမ ၆ လုံး လုံးဝ ပျက်စီး

  • ဝတ်ပြုရာခန်းမ ၁၉ လုံး အကြီးအကျယ် ပျက်စီး

  • ဝတ်ပြုရာခန်းမ ၆၃ လုံး အနည်းငယ် ပျက်စီး

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • ယူကရိန်းမှာ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ ၂၇ ခုက ကူညီပေးနေ

  • ကြေညာသူ ၅၃,၉၄၈ ယောက်အတွက် ကယ်ဆယ်ရေးကော်မတီက လုံခြုံတဲ့နေရာထိုင်ခင်း စီစဉ်ပေး

  • ကြေညာသူ ၂၅,၉၈၃ ဦး တခြားနိုင်ငံတွေဆီ ထွက်ပြေး။ သူတို့ကို ယုံကြည်သူချင်းတွေ ကူညီပေး