မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၁၆၊ ၂၀၂၀
ယူနိုက်တက်ကင်းဒမ်း

ဗြိတိန် ဗေသလမိသားစု ချမ်းစဖို့က အိမ်သစ်ကို ပြောင်းရွှေ့ကြ

ဗြိတိန် ဗေသလမိသားစု ချမ်းစဖို့က အိမ်သစ်ကို ပြောင်းရွှေ့ကြ

၂၀၂၀၊ ဇန်နဝါရီ ၁ ရက်နေ့မှာ ဗြိတိန်ဗေသလ မိသားစုဟာ အက်ဆက် စီရင်စုနယ်၊ ချမ်းစဖို့မြို့အနီးမှာရှိတဲ့ ဗေသလအိမ်အသစ်ကို စတင် ပြောင်းရွှေ့ကြပါပြီ။ ၂၀၂၀၊ မတ်လဆန်းတဲ့အခါ ဌာနခွဲမှာ အမှုဆောင်နေကြတဲ့ အချိန်ပြည့် စေတနာ့ဝန်ထမ်းအားလုံးဟာ ဌာနခွဲရုံးသစ်ကို ပြောင်းရွှေ့တာ ပြီးစီးပါလိမ့်မယ်။

ဗြိတိန်ဌာနခွဲရုံးဟာ ၁၉၅၉ ခုနှစ်ကတည်းက လန်ဒန်မြို့ မီးလ်ဟီးလ်မှာ တည်ရှိခဲ့တယ်။ ဟောပြောခြင်းလုပ်ငန်း တိုးတက်လာပြီး အလုပ်တွေ ပိုများလာလို့ လန်ဒန်မြို့က သီးခြားရပ်ကွက်တွေမှာ နောက်ထပ်အဆောက်အအုံတွေ ဝယ်ယူခဲ့ကြရတယ်။ အဲဒါကြောင့် ပြုပြင်ထိန်းသိမ်းရတဲ့ အဆောက်အအုံ ပိုများလာသလို၊ ဗေသလအိမ်သားတွေ အဆောက်အအုံတစ်ခုကနေ တစ်ခု ကူးခြည်သန်းခြည် သွားလာကြရတယ်။ ဌာနခွဲမှာ စာပေတွေ ပုံနှိပ်တဲ့အတွက် တစ်ကြိမ်ပုံနှိပ်ရင် တစ်ကမ္ဘာလုံးအတွက် ပုံနှိပ်တဲ့ စာပေတွေရဲ့ ၁၀ ရာခိုင်နှုန်းကျော်တယ်။ ၉၂ နှစ်ကြာ ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၂၀၁၈၊ မတ်လမှာတော့ ပုံနှိပ်တာကို ရပ်ဆိုင်းပြီး ပုံနှိပ်စက်တွေကို ရောင်းလိုက်တယ်။ a

ဌာနခွဲရုံးသစ် ဆောက်လုပ်ရေးမှာ ကူညီခဲ့ကြတဲ့ ညီအစ်ကို၊ ညီအစ်မတွေက ၂၀၂၀၊ ဇန်နဝါရီ ၁ ရက်နေ့မှာ ပြောင်းရွှေ့လာကြတဲ့ ဗေသလအိမ်သားတွေကို ကြိုဆိုနေကြစဉ်

ဗြိတိန်ဌာနခွဲရုံးသစ် ပြီးစီးဖို့ ငါးနှစ်ကြာတယ်။ ဗေသလဌာနအားလုံး တစ်နေရာတည်းမှာပဲ ရှိတဲ့အတွက် ဗေသလအိမ်သားတွေဟာ လှူဒါန်းထားတဲ့ ရန်ပုံငွေတွေကို ပိုချွေတာနိုင်ကြပါလိမ့်မယ်။ ထုတ်လုပ်ရေး အဆောက်အအုံနှစ်ခု၊ ရုံးခန်းတွေနဲ့ လူ ၄၀၀ ကျော် နေထိုင်နိုင်တဲ့ လူနေဆောင် ခြောက်ခု ပါတယ်။ စွယ်စုံအသုံးပြုနိုင်တဲ့ အဆောက်အအုံမှာ အစည်းအဝေးခန်းမနဲ့ ထမင်းစားခန်း ပါဝင်ပြီး တခြားအခါသမယတွေအတွက်လည်း အသုံးပြုနိုင်ပါလိမ့်မယ်။

အခုလောလောဆယ် ဗြိတိန်ဌာနခွဲရုံးဟာ ဖော့ကလန်ကျွန်းစု၊ ဂွန်စီကျွန်း၊ အိုင်ယာလန်၊ မဲန်ကျွန်း၊ ဂျာစီကျွန်း၊ မော်လတာကျွန်းအပါအဝင် ဒေသအတော်များများက ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ပေးနေပါတယ်။ အခု ဌာနခွဲရုံးသစ်မှာ အသံဖိုင်တွေ၊ ဗီဒီယိုတွေ၊ ဒီဂျစ်တယ်စာပေတွေ ထုတ်လုပ်ဖို့အတွက် အဓိကလုပ်ဆောင်နေပါတယ်။ အဲဒီအပြင် ဌာနခွဲရုံးက အသင်းတော် ၁,၈၀၀ ကျော်မှာရှိတဲ့ ကြေညာသူ ၁၅၀,၀၀၀ ကျော်ရဲ့ ဟောပြောခြင်းနဲ့ သွန်သင်ခြင်း လုပ်ငန်းအပါအဝင် ဝတ်ပြုမှုတွေကို စီစဉ်ဖွဲ့စည်းပေးပါမယ်။

၂၀၂၀၊ ဧပြီ ၆ ရက်နေ့ကစပြီး ဗေသလအသစ်ကို လည်ပတ်ကြည့်ရှုနိုင်ပါလိမ့်မယ်။ ဧည့်သည်တွေဟာ ဗြိတိန်နဲ့ အိုင်ယာလန်က သမ္မာကျမ်းစာ သမိုင်းကြောင်း၊ ယေဟောဝါရဲ့ အဖွဲ့အစည်း လျင်မြန်စွာတိုးတက်နေမှု သမိုင်းကြောင်းပြခန်းတွေကိုလည်း ကြည့်ရှုရပါမယ်။

ဗြိတိန်ဌာနခွဲ ကော်မတီဝင် ညီအစ်ကို စတီဗင် ဟာဒီဟာ ဗေသလဆောက်လုပ်ရေး စီမံကိန်းစကတည်းက ပါဝင်ခဲ့သူဖြစ်တယ်။ များစွာသောသူတွေရဲ့ ခံစားချက်ကို သူ ဒီလိုပြောပြတယ်– “ယေဟောဝါဘုရားက ဗြိတိန်နဲ့ တခြားနိုင်ငံတွေက ညီအစ်ကို၊ ညီအစ်မများစွာကို ဒီစီမံကိန်းမှာ တလိုတလား လုပ်ဆောင်ချင်စိတ်ရှိလာအောင် လှုံ့ဆော်ပေးခဲ့တယ်။ ရလဒ်ကတော့ ကျွန်တော်တို့ မျှော်မှန်းထားတာထက် ပိုသာလွန်တဲ့အတွက် ယေဟောဝါဘုရားရဲ့ ဘုန်းတော်ကို ချီးမွမ်းပါတယ်။”—ဧဖက် ၃:၂၀

a ဗြိတိန်ဌာနခွဲနယ်မြေအတွက် လိုအပ်တဲ့ ပုံနှိပ်စာပေတွေကို အခုအချိန်မှာ ဂျာမနီနိုင်ငံ၊ စယ်လ်တာမြို့မှာရှိတဲ့ ဗဟိုဥရောပဌာနခွဲကနေ ရရှိပါတယ်။

 

စိမ်းလန်းစိုပြည်တဲ့ ဝန်းကျင်နဲ့ ဗြိတိန်ဌာနခွဲရုံးသစ် အပေါ်စီးမြင်ကွင်း

ဧည့်ကြိုခန်းမှာ ဧည့်သည်တွေအတွက် စာပေတွေပြသဖို့ ညီအစ်မတစ်ယောက် ပြင်ဆင်နေစဉ်

ပြင်ပကနေ အလုပ်ဆင်းတဲ့ စေတနာ့ဝန်ထမ်းတွေ အစည်းအဝေးခန်းမသစ်တစ်ခုမှာ အလုပ်နဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို နားထောင်နေစဉ်

စွယ်စုံအသုံးပြုနိုင်တဲ့ အဆောက်အအုံရဲ့ ထမင်းစားခန်းမှာ ညီအစ်ကို၊ ညီအစ်မတွေ နေ့လယ်စာ စားနေကြစဉ်

“နိုင်ငံတော်လမ်း” ဆိုင်းဘုတ်က ဗေသလဝင်ပေါက်တည်ရှိရာကို ညွှန်ပြပေး