မာတိကာဆီ ကျော်သွား

လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး ချမှတ်ခဲ့တဲ့ စီရင်ချက်တွေကို ရုရှားအစိုးရ လိုက်နာဆောင်ရွက်ခြင်းရှိမရှိ ဥရောပကောင်စီ ဝန်ကြီးများကော်မတီက စောင့်ကြည့်လျက်ရှိ

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်
ရုရှား

ယေဟောဝါသက်သေတွေအပေါ် ပိတ်ပင်ထားမှုကို ရုပ်သိမ်းဖို့ ရုရှားကို ဥရောပကောင်စီ တိုက်တွန်း

ယေဟောဝါသက်သေတွေအပေါ် ပိတ်ပင်ထားမှုကို ရုပ်သိမ်းဖို့ ရုရှားကို ဥရောပကောင်စီ တိုက်တွန်း

ဥရောပကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူးက ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဆီ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက် နေ့စွဲနဲ့ စာပေးပို့ခဲ့ပြီး မကြာသေးခင်က လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး ချမှတ်ခဲ့တဲ့ စီရင်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ ရုရှားကို တိုက်တွန်းခဲ့တယ်။ အဲဒီထဲက စီရင်ချက်တစ်ခုကို ၂၀၂၂၊ ဇွန်လမှာ ချမှတ်ခဲ့တာဖြစ်ပြီး ယေဟောဝါသက်သေတွေကို ပိတ်ပင်တဲ့ ရုရှားအစိုးရရဲ့အမိန့်ဟာ ဥပဒေနဲ့မညီကြောင်း ကြေညာခဲ့တယ်။ a

ရုရှားအစိုးရက ၂၀၂၂၊ မတ်လမှာ ဥရောပကောင်စီကနေ နုတ်ထွက်သွားခဲ့ပေမဲ့ ရုရှားအစိုးရအပေါ် ၂၀၂၂၊ စက်တင်ဘာ ၁၆ ရက်နေ့အထိ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး ချမှတ်ခဲ့တဲ့ စီရင်ချက်တွေကို လိုက်နာဖို့ တာဝန်ရှိကြောင်း စာထဲမှာ ဖော်ပြသတိပေးခဲ့တယ်။ ဒါ့အပြင် ဥရောပတရားရုံး စီရင်ချက်တွေကို ရုရှားအစိုးရ လိုက်နာဆောင်ရွက်ခြင်းရှိမရှိ ဥရောပကောင်စီ ဝန်ကြီးများကော်မတီက စောင့်ကြည့်သွားမှာဖြစ်တယ်။

ဥရောပတရားရုံးရဲ့ ၂၀၂၂၊ ဇွန်လ စီရင်ချက် ထွက်လာပြီးကတည်းက ဝန်ကြီးများကော်မတီက ယေဟောဝါသက်သေတွေရဲ့ ဘာသာရေး လုပ်ဆောင်မှုတွေကို ပိတ်ပင်တဲ့ ရုရှားတရားရုံးချုပ်ရဲ့ ၂၀၁၇ ခုနှစ် ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ ရုရှားအစိုးရကို အပြင်းအထန် တိုက်တွန်းခဲ့တယ်။ “ယေဟောဝါသက်သေအဖွဲ့အစည်းကို အစွန်းရောက်အဖွဲ့ . . . အဖြစ် ကြေညာတဲ့ အစွန်းရောက်ဆန့်ကျင်ရေး ဥပဒေကို ပြန်လည်သုံးသပ်ဖို့၊ ယေဟောဝါသက်သေတွေကို ပြစ်မှုနဲ့ ရှာဖွေစစ်ဆေးတာ၊ တရားစွဲတာအားလုံးကို ရပ်တန်းကရပ်ဖို့၊ ထောင်ချထားသူတွေကို လွှတ်ပေးဖို့၊ သူတို့ရဲ့ပြစ်မှုမှတ်တမ်းတွေကို ပယ်ဖျက်ပေးဖို့၊ သိမ်းယူထားတဲ့ ပိုင်ဆိုင်ရာအားလုံးကို ပြန်ပေးဖို့ ဒါမှမဟုတ် လျော်ကြေးပေးဖို့” ရုရှားအစိုးရကို တောင်းဆိုတယ်။ b

ပိတ်ပင်ခံရချိန်ကစလို့ ဒီနေ့အချိန်ထိဆိုရင် ညီအစ်ကို/မ ၆၆၀ ကျော်ဟာ ယုံကြည်ချက်ကို အေးချမ်းစွာလိုက်လျှောက်ခြင်းကြောင့် ဒဏ်တပ်ခံရ၊ ထောင်ချခံနေရတယ်။ အယောက် ၃၆၀ ကျော် ထောင်ကျခဲ့ပြီး ၁၁၄ ယောက်က လက်ရှိ အကျဉ်းထောင်/အချုပ်ထောင်ထဲမှာ ရှိနေတယ်။

ညီအစ်ကို/မ ၄၅၀ ကျော်ဟာ ရုရှားအစိုးရရဲ့ အစွန်းရောက်စာရင်း၊ အကြမ်းဖက်သမားစာရင်းထဲ အထည့်ခံရလို့ သူတို့ကိုယ်နှိုက်သာမက သူတို့မိသားစုတွေလည်း ဒုက္ခရောက်ကြတယ်။ ဘဏ်စာရင်းတွေ အပိတ်ခံရတယ်။ အာမခံ ထားဖို့/သက်တမ်းတိုးဖို့၊ ပိုင်ဆိုင်မှုတွေ ရောင်းဖို့၊ ရင်းနှီးမြှုပ်နှံထားတာတွေကို ကြီးကြပ်ဖို့၊ အမွေဆက်ခံပိုင်ဆိုင်ဖို့၊ ဖုန်းဆင်းကတ် ဝယ်ဖို့တောင် မလွယ်တော့ဘူး။ အဲဒီစာရင်းကို ဘယ်သူမဆို ကြည့်နိုင်လို့ နာမည်လည်းပျက်၊ အလုပ်လည်း မရတော့ဘူး။

ရုရှားက ညီအစ်ကို၊ ညီအစ်မတွေ တရားမျှတမှုရအောင် ဥရောပကောင်စီ ကြိုးပမ်းနေလို့ ဝမ်းသာပါတယ်။ ယေဟောဝါဘုရားရဲ့အကူအညီနဲ့ ရုရှားက ညီအစ်ကို/မတွေ သတ္တိရှိရှိ၊ ပျော်ပျော်ရွှင်ရွှင်၊ ယုံကြည်ခြင်း ခိုင်မာစွာ ရပ်တည်နေကြတယ်။ သူတို့အကြောင်း jw.org မှာ ပုံမှန်ဖတ်ရှုရလို့ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေ ခွန်အားများစွာ ရနေပါတယ်။—ဖိလိပ္ပိ ၁:၁၂-၁၄

a H46-33 မော်စကို ယေဟောဝါသက်သေတွေနဲ့ အခြား (လျှောက်လွှာအမှတ် ၃၀၂/၀၂) နဲ့ ကရူကာနဲ့ အခြား (လျှောက်လွှာအမှတ် ၂၆၅၈၇/၀၇) နှင့် ရုရှားအစိုးရအမှု၊ စီရင်ချက် တတိယနဲ့ ပဉ္စမအပိုဒ်ကို ကြည့်ပါ။

b H46-33 မော်စကို ယေဟောဝါသက်သေတွေနဲ့ အခြား (လျှောက်လွှာအမှတ် ၃၀၂/၀၂) နဲ့ ကရူကာနဲ့ အခြား (လျှောက်လွှာအမှတ် ၂၆၅၈၇/၀၇) နှင့် ရုရှားအစိုးရအမှု၊ စီရင်ချက် စတုတ္ထအပိုဒ်ကို ကြည့်ပါ။