မာတိကာဆီ ကျော်သွား

အင်ဒိုနီးရှားနိုင်ငံ၊ ကူပန်မြို့မှာ ရှိတဲ့ နေနိုဆာဘန် မိသားစုရဲ့ အိမ်ကို ညီအစ်ကိုတွေ ပြုပြင်မွမ်းမံပေးနေ

ဇွန် ၂၄၊ ၂၀၂၁
အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံမှာ ကယ်ဆယ်ရေးလုပ်ငန်းကြောင့် ညီအစ်ကိုချင်းမေတ္တာနှောင်ကြိုး ခိုင်ခံ့လာပြီး သက်သေခံခွင့် ရရှိ

အင်ဒိုနီးရှားနိုင်ငံမှာ ကယ်ဆယ်ရေးလုပ်ငန်းကြောင့် ညီအစ်ကိုချင်းမေတ္တာနှောင်ကြိုး ခိုင်ခံ့လာပြီး သက်သေခံခွင့် ရရှိ

၂၀၂၁၊ ဧပြီ ၄ ရက်၊ အင်ဒိုနီးရှားနိုင်ငံမှာ ဆာရိုဂျာ မုန်တိုင်းကြောင့် အတော်များများ ပျက်စီးခဲ့တယ်။ ကယ်ဆယ်ရေးအဖွဲ့က ကျွန်တော်တို့ ညီအစ်ကို၊ ညီအစ်မတွေရဲ့ အိမ်တွေကို ပြုပြင်ပေးတဲ့အပြင် ညီအစ်ကိုချင်းမေတ္တာနှောင်ကြိုး ခိုင်ခံ့အောင်လည်း ကူညီပေးတယ်။ အဲဒါကို တွေ့မြင်သူတွေ ယေဟောဝါဘုရားကို ချီးမွမ်းကြတယ်။

သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRC) ရဲ့ ညွှန်ကြားမှုကြောင့် ကြင်ဖော်မဲ့ မိခင် ညီအစ်မ အယ်လာ လူဂျီဖောင်ရဲ့ ပျက်စီးသွားတဲ့ အိမ်ကို ကယ်ဆယ်ရေးအဖွဲ့က ပြုပြင်ပေးခဲ့တယ်။ အဲဒီညီအစ်မ ဒီလိုပြောတယ်- “ညီအစ်ကို၊ ညီအစ်မတွေက ကျွန်မမိသားစုကို ဂရုစိုက်ပြီး အမြဲ ထောက်မပေးနေတယ်။ ဒါကြောင့် အထီးကျန်နေတယ်လို့ တစ်ခါမှ မခံစားရဘူး။” ညီအစ်မ ယူလီယာနာ ပေါင်ဆဲလာလည်း ဒီလိုပြောတယ်- “သဘာဝဘေး ရပ်သွားတာနဲ့ တစ်ပြိုင်နက် ညီအစ်ကိုတွေ ရောက်လာပြီး ကူညီပေးကြတယ်။ ဒါကြောင့် ယေဟောဝါဘုရားက ကျွန်မကို ဂရုစိုက်စောင့်ရှောက်တယ်ဆိုတာ အရင်ကထက် ပိုပြီး ယုံကြည်လာတယ်။”

သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီဝင် ညီအစ်ကို ဒစ်ကီ သော့မ် ဒီလိုပြောတယ်- “ဆင်းရဲနွမ်းပါးတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို ယေဟောဝါဘုရား ထောက်မပေးနေတာကို တွေ့ရတာ ကျွန်တော် ဝမ်းသာတယ်။ ညီအစ်ကို၊ ညီအစ်မတွေကလည်း ကယ်ဆယ်ရေးအဖွဲ့ရဲ့ ကူညီပေးမှုအတွက် တအား ကျေးဇူးတင်နေကြတယ်။ ယေဟောဝါဘုရား ကာကွယ်ပေးတယ်၊ ကူညီပေးတယ်ဆိုတာ သူတို့ ယုံကြည်စိတ်ချတာကို တွေ့ရတော့ ကျွန်တော်လည်း ယုံကြည်ခြင်း ခိုင်ခံ့လာတယ်။”

မေတ္တာနဲ့ ကူညီပေးနေတာကို ကျွန်တော်တို့ရဲ့ ညီအစ်ကို၊ ညီအစ်မတွေပဲ သတိပြုမိတာ မဟုတ်ဘူး။ ညီအစ်ကို မာရ်ဆဲလ် ဘယ်နူးနိုင်ခ် မိသားစု နေထိုင်တဲ့ ဒေသမှာ လူမျိုးပေါင်းစုံ ရှိကြတယ်။ အိမ်နီးချင်းတွေက ယေဟောဝါသက်သေတွေကို မကြိုက်ကြဘူး။ ဒါပေမဲ့ ညီအစ်ကို ဘယ်နူးနိုင်ခ်ရဲ့ မိသားစုကို လူမျိုးပေါင်းစုံ ညီအစ်ကို၊ ညီအစ်မတွေ ကူညီပေးနေတာကို မြင်ပြီး အိမ်နီးချင်းတချို့က “ယေဟောဝါသက်သေတွေအကြောင်း ငါတို့ သိထားတာနဲ့ တခြားစီပဲ” တဲ့။ ညီအစ်ကို ဘယ်နူးနိုင်ခ် ဒီလိုပြောပြတယ်- “ညီအစ်ကို၊ ညီအစ်မတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးမှုကို အိမ်နီးချင်းတွေ မြင်ပြီး အံ့ဩသွားကြတယ်။ ကျွန်တော်တို့ရဲ့ ဆွေမျိုးတွေကလည်း ညီအစ်ကို အသင်းအပင်းရဲ့ ကြင်နာမှုကို တွေ့မြင်လိုက်ရတယ်။ အခုတော့ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်အကြောင်း မေးမြန်းလာကြပြီ။ ချစ်ခင်ရတဲ့ ညီအစ်ကို အသင်းအပင်းအတွက် ကျွန်တော်တို့ ကျေးဇူးတင်မဆုံးဘူး။”

ပြုပြင်မွမ်းမံထားတဲ့ အိမ်ရှေ့က နေနိုဆာဘန် မိသားစု

သဘာဝဘေး ကယ်ဆယ်ရေးအဖွဲ့ရဲ့ လုပ်ဆောင်မှုနဲ့ ကိုဗစ်-၁၉ စည်းကမ်းတွေကို လိုက်နာမှုဟာ စံထားအပ်တယ်လို့ အစိုးရ အရာရှိ မစ္စ ယိုစီ ဒူလီ အော့တူ ထုတ်ပြောခဲ့တယ်။ သဘာဝဘေး ကယ်ဆယ်ရေးအဖွဲ့နဲ့ပတ်သက်ပြီး သူ ဒီလိုဆက်ပြောတယ်- “ရှင်တို့မိတ်ဆွေတွေအတွက် ကူညီပေးနေတာကို ကျွန်မ အရမ်းသဘောကျတယ်။ သဘာဝဘေးကြောင့် ဒုက္ခရောက်သူတွေကို ချက်ချင်း ကူညီပေးဖို့ ရှင်တို့ အသင့်ရှိကြတယ်။ သဘာဝဘေး ကယ်ဆယ်ရေးအတွက် ကောင်းကောင်း စီစဉ်ပြီး ပြင်ဆင်ထားကြတာပဲ။”

သဘာဝဘေးကြောင့် ဥစ္စာပစ္စည်းတွေ ပျက်စီးသွားပေမဲ့ ခရစ်ယာန်စစ်တွေရဲ့ မေတ္တာနဲ့ စည်းလုံးမှုကတော့ ပြိုပျက်မသွားပါဘူး။ မွန်မြတ်တဲ့ လုပ်ရပ်တွေကြောင့် ကျွန်တော်တို့ရဲ့ မေတ္တာနှောင်ကြိုး ခိုင်ခံ့လာတဲ့အပြင် တခြားသူတွေလည်း ယေဟောဝါဘုရားရဲ့ “ဘုန်းအသရေကို ချီးမွမ်း” လာတာကို မြင်ရတာ ဘယ်လောက်ကြည်နူးစရာ ကောင်းလိုက်သလဲ။—မဿဲ ၅:၁၆