မာတိကာဆီ ကျော်သွား

မေ ၃၁၊ ၂၀၁၉
အစ္စရေး

အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့ကို သောင်းနဲ့ချီတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ဝင်လာလို့ အများရှေ့သက်သေခံခြင်းကို တိုးချဲ့လုပ်ဆောင်

အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့ကို သောင်းနဲ့ချီတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ဝင်လာလို့ အများရှေ့သက်သေခံခြင်းကို တိုးချဲ့လုပ်ဆောင်

၂၀၁၉၊ မေလ ၁၀ ရက်ကနေ ၁၉ ရက်အထိ အစ္စရေးနိုင်ငံက ယေဟောဝါသက်သေတွေဟာ တဲလ်အဗစ်မြို့မှာ အများရှေ့ သက်သေခံခြင်းကို စီစဉ်ခဲ့ကြတယ်။ မြို့မှာကျင်းပတဲ့ ယဉ်ကျေးမှုပွဲတော်အမျိုးမျိုးကို လာရောက်ကြတဲ့ ကမ္ဘာ့လှည့် ခရီးသည်တွေ အများကြီးရှိလို့ အများရှေ့ သက်သေခံခြင်းကို တိုးချဲ့လုပ်ဆောင်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်။ ဥပမာ၊ မေလ ၁၄ ရက်ကနေ ၁၈ ရက်အထိ တဲလ်အဗစ်မြို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ နိုင်ငံတကာ သီချင်းဆိုပြိုင်ပွဲကို ခရီးသည် တစ်သောင်းလောက် လာရောက်ကြတယ်။

အများရှေ့သက်သေခံခြင်း စီစဉ်ဖွဲ့စည်းရာမှာ ကူညီပေးတဲ့ ညီအစ်ကို ဂါနန်ဒီ ကိုရိုဗို ဒီလိုပြောတယ်– “ဂီတပွဲတော်ကို တက်ရောက်ဖို့ တဲလ်အဗစ်မြို့ကို ဧည့်သည်တွေ သောင်းနဲ့ချီ လာကြမယ်လို့ ကြားတဲ့အခါ အများရှေ့သက်သေခံခြင်းကို တိုးချဲ့လုပ်ဆောင်ဖို့ သိပ်ကောင်းတဲ့အခွင့်အရေးအဖြစ် ကျွန်တော်တို့ ရှုမြင်ခဲ့တယ်။ အစ္စရေးနိုင်ငံတစ်ဝန်းမှာရှိတဲ့ အသင်းတော် ၂၂ ခုက ကြေညာသူ ၁၆၈ ယောက် ပါဝင်ခဲ့ကြလို့ ဝမ်းသာစရာပါပဲ။”

နေ့တိုင်း မနက် ၉ နာရီကနေ ည ၉ နာရီအထိ နေရာရှစ်ခုမှာ လက်တွန်းစင်တွေထားဖို့ ညီအစ်ကိုတွေ စီစဉ်ခဲ့ကြတယ်။ ကမ္ဘာ့လှည့်ခရီးသည်တွေဟာ နိုင်ငံအသီးသီးကလာလို့ လက်တွန်းစင်တွေမှာ အာရဘစ်၊ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟီဘရူး၊ အီတလီ၊ ဂျပန်၊ ရုရှား၊ စပိန် စတဲ့ ဘာသာစကား ၁၀ မျိုး ပြထားတယ်။

အစ္စရေးနိုင်ငံမှာ ဒီတိုးချဲ့လုပ်ဆောင်မှုကနေ ရလဒ်ကောင်းတွေ ရမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီလုပ်ဆောင်မှုက ယေဟောဝါရဲ့လူတွေ ကိုယ်တော်ကို “အချိန်တိုင်း ချီးမွမ်း” နေတယ်ဆိုတဲ့ အထောက်အထားပါပဲ။—ဆာလံ ၃၄:၁၊ ၂