မာတိကာဆီ ကျော်သွား

ဇူလိုင် ၃၀၊ ၂၀၁၉
အဇာဘိုင်ဂျန်

အဇာဘိုင်ဂျန်နိုင်ငံမှာ သမိုင်းဝင် ခရိုင်အစည်းအဝေး ကျင်းပ

အဇာဘိုင်ဂျန်နိုင်ငံမှာ သမိုင်းဝင် ခရိုင်အစည်းအဝေး ကျင်းပ

အဇာဘိုင်ဂျန်နိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ မြို့တော် ဘာကူမှာရှိတဲ့ ဒါနယ်ဂူ အောက်မေ့ရာ ခန်းမမှာ ၂၀၁၉၊ ဇူလိုင် ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ နှစ်စဉ် ကျင်းပတဲ့ အစည်းအဝေးကြီးတစ်ခု ကျင်းပခဲ့ကြတယ်။ အမှတ်ရစရာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးတွေရှိတဲ့ ဒီနှစ်မှာ ဘာကူမြို့မှာ ကျင်းပတဲ့ ခရိုင်အစည်းအဝေးကလည်း သမိုင်းဝင်ခဲ့တယ်။ ဒီအစည်းအဝေးက အဇာဘိုင်ဂျန်နိုင်ငံမှာ ကျင်းပတဲ့ အကြီးဆုံး အစည်းအဝေးကြီး ဖြစ်တဲ့အပြင် တစ်နိုင်ငံလုံးက အဇာဘိုင်ဂျန် ဘာသာစကား၊ ရုရှားဘာသာစကားပြော အသင်းတော်တွေ တစ်ပြိုင်တည်း တက်ရောက်ခဲ့ကြတဲ့ အစည်းအဝေးကြီးလည်း ဖြစ်တယ်။

အဇာဘိုင်ဂျန်နိုင်ငံမှာ ကြေညာသူ ၁,၅၀၀ လောက်သာ ရှိပေမဲ့ အစည်းအဝေးမှာ အများဆုံး တက်ရောက်သူ ၁,၉၃၈ ယောက် ရှိတယ်။ စုစုပေါင်း ၃၃ ယောက် နှစ်ခြင်းခံတယ်။ အစည်းအဝေးမှာ ဟောပြောချက်တွေ ပေးဖို့အတွက် ညီအစ်ကို မာ့ခ် ဆန်ဒါစန် အထူးပြည်ဝင်ခွင့် ရခဲ့တယ်။ ဒါကြောင့် အဇာဘိုင်ဂျန်နိုင်ငံမှာ အုပ်ချုပ်ရေးအဖွဲ့ဝင် တက်ရောက်တဲ့ ပထမဦးဆုံး အစည်းအဝေး ဖြစ်သွားတယ်။ ပြည်ဝင်ခွင့် ပေးတဲ့အတွက် အာဏာပိုင်တွေကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ စည်းလုံးမှုက သက်သေခံချက်ကောင်းတစ်ခု ဖြစ်ခဲ့တယ်။ အစည်းအဝေးခန်းမ အုပ်ချုပ်ရေးမှူးက ယေဟောဝါသက်သေတွေကြားမှာ ငြိမ်သက်မှု၊ မေတ္တာ၊ ကြင်နာမှု ရှိကြကြောင်း၊ ယေဟောဝါသက်သေတွေဟာ အပြောနဲ့အလုပ် ညီတဲ့သူတွေ ဖြစ်ကြောင်း အစည်းအဝေးကနေ သိရှိသွားတယ်။

အဇာဘိုင်ဂျန်နိုင်ငံမှာ ယေဟောဝါသက်သေတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံနေရဆဲ ဖြစ်ပေမဲ့ ညီအစ်ကိုတွေ ယုံကြည်ချက်အတိုင်း ကျင့်သုံးဖို့ အာဏာပိုင်တွေ တဖြည်းဖြည်း ခွင့်ပြုလာကြပါပြီ။ ၂၀၁၈၊ နိုဝင်ဘာလမှာ အဇာဘိုင်ဂျန်အစိုးရက ယေဟောဝါသက်သေတွေကို ဘာကူမြို့မှာ တရားဝင် မှတ်ပုံတင်ခွင့် ပေးခဲ့တယ်။ ဒီမှတ်ပုံတင်ကြောင့် ညီအစ်ကိုတွေဟာ မြို့တော်မှာ လွတ်လပ်စွာ ဝတ်ပြုဖို့ တရားဝင် ခွင့်ပြုချက် ရသွားပါပြီ။

ဒီလို အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေနဲ့ မကြာသေးခင်က သမိုင်းဝင် အစည်းအဝေးကြီးကြောင့် အဇာဘိုင်ဂျန်က ညီအစ်ကို၊ ညီအစ်မတွေအတွက် ကျွန်တော်တို့ ဝမ်းမြောက်ကြပါတယ်။ အဇာဘိုင်ဂျန်နဲ့ ကမ္ဘာတစ်ဝန်းလုံးမှာ ‘သတင်းကောင်း ဟောပြောခွင့်ကို တရားဥပဒေအရ အတည်ဖြစ်အောင်’ ကြိုးစားနေမှုတွေကို ယေဟောဝါ ဆက်ကောင်းချီးပေးဖို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။—ဖိလိပ္ပိ ၁:၇