မာတိကာဆီ ကျော်သွား

ဟက်​တေ​မီခေးလ် တက်​စ​ဖာ​မာ​ရီ​ယံ ထောင်​မကျ​မီ​က ဇနီး လက်တာ​ဘာ​ဟန် ဘီ​ဇ​ဘိ​ဟ်​နဲ့​အတူ

ဧပြီ ၂၅၊ ၂၀၁၈
အီရီထရီးယား

အီရီ​ထ​ရီး​ယား​ထောင်​မှာ သက်ကြီးရွယ်အို ယေဟောဝါ​သက်သေ​နှစ်ယောက် သေဆုံး

အီရီ​ထ​ရီး​ယား​ထောင်​မှာ သက်ကြီးရွယ်အို ယေဟောဝါ​သက်သေ​နှစ်ယောက် သေဆုံး

၂၀၁၈ နှစ်ဆန်းပိုင်း​မှာ ယေဟောဝါ​သက်သေ​နှစ်ယောက် (ဟက်​တေ​မီခေးလ် တက်​စ​ဖာ​မာ​ရီ​ယံ​နဲ့ ဟက်​တေ​မီခေးလ် မေ​ခို​န​န်) ဟာ အက်စ်​မာ​ရာ​မြို့နားက မိုင်​ဆာ​ဝါ​အကျဉ်းထောင်​မှာ သေဆုံးသွားတယ်။ ဘာသာရေး​ယုံကြည်ချက်​ကြောင့် ၂၀၀၈၊ နွေရာသီ​ကတည်းက နှစ်ယောက်စလုံး ထောင်ကျ​နေပြီး ဆိုးရွား​တဲ့ ထောင်​တွင်း အခြေအနေတွေကို ဆယ်နှစ်​နီးပါး ခံ​ခဲ့​ကြရတယ်။

အသက် ၇၆ နှစ်အရွယ် မစ္စတာ တက်​စ​ဖာ​မာ​ရီ​ယံ​ဟာ ၂၀၁၈၊ ဇန်နဝါရီ ၃ ရက်​နေ့မှာ မိုင်​ဆာ​ဝါ​အကျဉ်းထောင်​မှာ ရုတ်တရက် သေဆုံးသွားတယ်။ လေဖြတ်​သွားတာ​လို့ အကျဉ်းသားတွေ ပြော​ကြတယ်။ မစ္စတာ တက်​စ​ဖာ​မာ​ရီ​ယံ​ဟာ အီရီ​ထ​ရီး​ယား​နိုင်ငံ၊ မ​န်​ဒီ​ဖာရာ​မြို့၊ အ​ဒီ ယာ​ကူ​လူ မှာ ၁၉၄၂ ခုနှစ်​တုန်း​က မွေးဖွားခဲ့တယ်။ ၁၉၇၀ ပြည့်နှစ်မှာ ယေဟောဝါ​သက်သေ​တစ်ယောက် ဖြစ်လာပြီး မတရား​ဖမ်းဆီး​ထောင်ချ၊ မတရား​ဆက်ဆံခံရ​ပေမဲ့ ယုံကြည်ချက်ကို အလျှော့မပေး​ခဲ့​ဘူး။ ဇနီး လက်တာ​ဘာ​ဟန် ဘီ​ဇ​ဘိ​ဟ်​နဲ့ သားလေး​ယောက်၊ သမီး သုံးယောက် ကျန်ရစ်​တယ်။

အသက် ၇၇ နှစ်အရွယ် မစ္စတာ မေ​ခို​န​န်​ဟာ ၂၀၁၈၊ မတ် ၆ ရက်​နေ့​တုန်း​က မိုင်​ဆာ​ဝါ​ထောင်​မှာ သေဆုံးသွားတယ်။ ကျောက်ကပ် ပျက်စီး​သေဆုံး​တာ​လို့ အကျဉ်းသားတွေ ပြော​ကြတယ်။ မစ္စတာ မေ​ခို​န​န်​ဟာ ၁၉၄၀ ပြည့်နှစ်​တုန်း​က အီရီ​ထ​ရီး​ယား​တောင်ပိုင်း ကူ​ဒို ဖီ​လာ​စီ​ရွာမှာ မွေးဖွားခဲ့တယ်။ ယေဟောဝါ​သက်သေ ဖြစ်တာ ၅၅ နှစ် ကျော်ပြီ။ အကြောင်းမဲ့ ထောင်ချ​ခံရ၊ နှိပ်စက်​ခံရပေမဲ့ မစ္စတာ တက်​စ​ဖာ​မာ​ရီ​ယံ​လို​ပဲ ယုံကြည်ချက်ကို အလျှော့မပေး​ခဲ့​ဘူး။ ဇနီး မိုင်​ရက် အေ​လီယက်​နဲ့ သားတစ်ယောက်၊ သမီး​တစ်ယောက် ကျန်ရစ်​ခဲ့တယ်။

မတရား ဖမ်းဆီး​နှိပ်စက်

အာဏာပိုင်တွေ​က မစ္စတာ မေ​ခို​န​န်​ကို ၂၀၀၈၊ ဇူလိုင်​လမှာ အိမ်ကနေ အကြောင်းမဲ့ ဖမ်းဆီး​သွားတယ်။ မစ္စတာ တက်​စ​ဖာ​မာ​ရီ​ယံ​ကိုလည်း ၂၀၀၈၊ ဩဂုတ်​လမှာ အိမ်ကနေ ဖမ်းဆီး​သွားတယ်။ နှစ်ယောက်စလုံး​ကို အက်စ်​မာ​ရာ​မြောက်ပိုင်း သဲကန္တာရ​ထဲ​က ဂုဏ်​သတင်းဆိုး​တဲ့ မာ​တာ​အကျဉ်း​စခန်း​မှာ ထောင်ချ​ထားတယ်။ အဲဒီမှာ ရက်စက်​ကြမ်းတမ်း၊ လူ​မ​ဆန်​တဲ့ အခြေအနေတွေကို ခံရပ်​ခဲ့​ကြတယ်။ အထူး​ပြစ်ဒဏ်​အနေနဲ့ အာဏာပိုင်တွေ​က ယေဟောဝါ​သက်သေ အကျဉ်းသားတွေ​ကို ၂၀၁၁၊ အောက်တိုဘာ​လ​ကနေ ၂၀၁၂၊ ဩဂုတ်​လ​အထိ မြေ​တစ်ဝက်တစ်ပျက် မြှုပ်​နေတဲ့ “မြေအောက်​ထောင်” မှာ ထား​ကြတယ်။ အဲဒီမှာ အကျဉ်းသားတွေ​ဟာ ဆိုးရွား​တဲ့ နွေ​နေပူဒဏ် ခံရပြီး အစားအစာ​နဲ့ ရေ​အလုံအလောက် မရခဲ့ကြဘူး။ ဒါကြောင့် တချို့ဟာ နာတာရှည် ကျန်းမာရေး ပြဿနာ ကြုံ​ကြရတယ်။

မာ​တာ​အကျဉ်း​စခန်း​မှာ ထောင်ကျ​နေတဲ့ ယေဟောဝါ​သက်သေတွေကို ၂၀၁၇ ခုနှစ်မှာ အာဏာပိုင်တွေ​က မိုင်​ဆာ​ဝါ အကျဉ်းထောင်​ကို ပြောင်းရွှေ့​ပေးခဲ့တယ်။ မိသားစုဝင်​တွေ ပို့​ပေးတဲ့ အစားအစာ​တွေ ရရှိ​ပြီး ဆေး​ကုသမှု​လည်း ရ​ကြတယ်။ အရင်က​လောက် အခြေအနေ မဆိုး​တဲ့​နေရာကို ပြောင်းရွှေ့​ရလို့ ဝမ်းသာ​ကြပေမဲ့ မစ္စတာ တက်​စ​ဖာ​မာ​ရီ​ယံ​နဲ့ မစ္စတာ မေ​ခို​န​န်​ဟာ နှိပ်စက်​ခံရတဲ့​ဒဏ်​ကြောင့် နာလန်မထူ​နိုင်ကြ​တော့​ဘူး။

ဟက်​တေ​မီခေးလ် မေ​ခို​န​န် ထောင်​မကျ​မီ​က ဇနီး မိုင်​ရက် အေ​လီယက်​နဲ့​အတူ

မစ္စတာ တက်​စ​ဖာ​မာ​ရီ​ယံ​နဲ့ မစ္စတာ မေ​ခို​န​န်​ဟာ အီရီ​ထ​ရီး​ယား​ထောင်​မှာ ဒါမှမဟုတ် ထောင်​က လွတ်သွား​သူတွေထဲမှာ ပထမဆုံး သေဆုံးသွားတဲ့ သက်သေခံတွေ​တော့ မဟုတ်ဘူး။ ထောင်​တွင်း ဆိုးရွား​တဲ့ အခြေအနေနဲ့ နှိပ်စက်မှု​ကြောင့် ထောင်​ထဲမှာ တခြား​သက်သေခံ​နှစ်ယောက် သေဆုံးခဲ့တယ်။ နောက်​သုံးယောက်​က ထောင်​က လွတ်​ပြီး မကြာခင်မှာ သေဆုံး​သွားကြတယ်။ နောက်ထပ် သက်သေခံ ခုနစ်​ယောက်​လည်း ထောင်​က လွတ်​တာ နှစ်​အနည်းငယ် ရှိပြီ​ဖြစ်ပေမဲ့ ထောင်​တွင်း ကြုံခဲ့ရ​တာ​တွေ​ကြောင့် ဆိုးရွား​တဲ့ ကျန်းမာရေး​ဝေဒနာ ခံစား​နေကြ​ဆဲ​ပဲ။ အီရီထရီယား​ထောင်​မှာ မစ္စတာ တက်​စ​ဖာ​မာ​ရီ​ယံ​ရဲ့ ညီ တာ​ရေ​ကေ အပါအဝင် ယုံကြည်ချက်​ကြောင့် ထောင်ကျ​နေတဲ့ ယေဟောဝါ​သက်သေ ၅၃ ယောက် ရှိသေးတယ်။

နှိပ်စက်​ညှဉ်းပန်းမှု​က “စာနာမှု ကင်းမဲ့တဲ့ ရာဇဝတ်မှု” ဖြစ်

ကုလသမဂ္ဂ လူ့​အခွင့်အရေး ကောင်စီ​က အီရီ​ထ​ရီး​ယား​မှာ လူ့​အခွင့်အရေး ချိုးဖောက်မှု​တွေကို စစ်ဆေး​ဖို့ ခန့်​ထားတဲ့ လူ့​အခွင့်အရေး စုံစမ်း​စစ်ဆေးရေး ကော်မရှင်​အဖွဲ့ (COIE) ရဲ့ တွေ့ရှိချက်တွေကို အခြေခံပြီး ၂၀၁၆၊ ဇွန်လ ၈ ရက်​နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့​တယ်။ “ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်​စွာ ယုံကြည်​ယူဆ​ခွင့်​ကို လေးစားဖို့၊” “လူတစ်ယောက်ရဲ့ ဘာသာရေး ယုံကြည်ချက်​ကြောင့်၊ ယေဟောဝါ​သက်သေ​များ​စတဲ့ ဘာသာရေး​အဖွဲ့အစည်း နောက်လိုက်​တွေ ဖြစ်တဲ့အတွက်​ကြောင့် တစ်ဖက်သတ် ဖမ်းဆီး​ထောင်ချ​တဲ့​လုပ်ရပ်​ကို အဆုံးသတ်ဖို့၊ မတရား ဖမ်းဆီး​ထိန်းသိမ်း​ထားသူ​အားလုံးကို ချက်ချင်း ပြန်လွှတ်​ပေးဖို့” COIE က အီရီ​ထ​ရီး​ယား​ကို တိုက်တွန်း​လိုက်တယ်။ လူတစ်ဦးရဲ့ ဘာသာရေး​ကြောင့် အီရီ​ထ​ရီး​ယား နှိပ်စက်​ညှဉ်းပန်းမှု​က “စာနာမှု ကင်းမဲ့တဲ့ ရာဇဝတ်မှု” ဖြစ်ကြောင်း COIE က ကောက်ချက်ချ​လိုက်တယ်။

မစ္စတာ တက်​စ​ဖာ​မာ​ရီ​ယံ​နဲ့ မစ္စတာ မေ​ခို​န​န် သေဆုံး​သွား​မှု​ကို နိုင်ငံတကာ အသိုင်းအဝိုင်း​က သတိ​မပြုမိ​ဘဲ​နေမှာ မဟုတ်​ကြောင်း၊ ဒီ​ဝမ်းနည်းစရာ​အဖြစ်ကနေ တရား​သဖြင့် ဆုံးဖြတ်​ချင်တဲ့ အီရီ​ထ​ရီး​ယား အာဏာပိုင်တွေ​က ယုံကြည်ချက်​ကြောင့် မတရား ထောင်ကျ​နေသူတွေကို သတိပြုမိ​လာနိုင်​ကြောင်း ယေဟောဝါသက်သေတွေ မျှော်လင့်​နေကြပါတယ်။