မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

ဒေသနာ ၃:၁၁—“ဘုရားက အရာအားလုံးကို သူ့အချိန်နဲ့သူ တင့်တယ်လှပစွာ လုပ်ထားတယ်”

ဒေသနာ ၃:၁၁—“ဘုရားက အရာအားလုံးကို သူ့အချိန်နဲ့သူ တင့်တယ်လှပစွာ လုပ်ထားတယ်”

 “ဘုရားက အရာအားလုံးကို သူ့အချိန်နဲ့သူ တင့်တယ်လှပစွာ လုပ်ထားတယ်။ လူသားတွေရဲ့ စိတ်ထဲမှာ ထာဝရကာလကို ထည့်ပေးထားတယ်။ ဒါပေမဲ့ လူသားတွေက စစ်မှန်တဲ့ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေအကြောင်း အစကနေ အဆုံးအထိ ဘယ်တော့မှ အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ဘူး။”—ဒေသနာ ၃:၁၁ကမ္ဘာသစ် ဘာသာပြန်ကျမ်း။

 “ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလမ်းစေတော်မူပြီ။ သို့ရာတွင် ဘုရားသခင် စီရင်တော်မူသောအမှုကို အစမှ အဆုံးတိုင်အောင် လူသည် စစ်၍ မကုန်နိုင်။”—ဒေသနာ ၃:၁၁၊ ယုဒသန်ကျမ်း။

ဒေသနာ ၃:၁၁ ရဲ့ အဓိပ္ပာယ်

 “ဘုရားက အရာအားလုံးကို သူ့အချိန်နဲ့သူ တင့်တယ်လှပစွာ လုပ်ထားတယ်။” ဒီနေရာမှာ “တင့်တယ်လှပ” လို့ ပြန်ဆိုထားတဲ့ ဟီဘရူး စကားလုံးဟာ လှတာတစ်ခုတည်းကိုပဲ မဆိုလိုဘူး။ “အစီအစဉ် ကျန၊” “သင့်တော်၊” “လျောက်ပတ်” လို့လည်း ပြန်ဆိုနိုင်တယ်။ ဘုရားရဲ့ တင့်တယ်လှပတဲ့ လုပ်ဆောင်မှုတွေထဲမှာ ဖန်ဆင်းထားရာ မှန်သမျှအပြင် အလိုတော် ပြည့်စုံစေဖို့ လုပ်ဆောင်သမျှလည်း ပါတယ်။—ဒံယေလ ၂:၂၁။ ၂ ပေတရု ၃:၈။ ဗျာဒိတ် ၄:၁၁

 “လူသားတွေရဲ့ စိတ်ထဲမှာ ထာဝရကာလကို ထည့်ပေးထားတယ်။” လူတွေ ထာဝစဉ် အသက်ရှင်နိုင်အောင် ဘုရား ဖန်ဆင်းထားတယ်။ (ဆာလံ ၃၇:၂၉) ဒါကြောင့် ထာဝစဉ် အသက်ရှင်ချင်တဲ့ ဆန္ဒလည်း ထည့်ပေးထားတယ်။ ဒါပေမဲ့ ပထမဆုံး လူသားမောင်နှံ အာဒံနဲ့ ဧဝ ဘုရားကို ပုန်ကန်သွားကြလို့ သူတို့ကိုယ်တိုင်ကော သားစဉ်မြေးဆက်တွေပါ သေကြရတယ်။ (ကမ္ဘာဦး ၃:၁၇-၁၉။ ရောမ ၅:၁၂) ဒါတောင် “သက်ရှိအားလုံးရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေး” မယ်လို့ ဘုရား ကတိပေးတယ်။ အဲဒီထဲမှာ ထာဝစဉ် အသက်ရှင်ချင်တဲ့ ဆန္ဒလည်း ပါတယ်။ (ဆာလံ ၁၄၅:၁၆) လူတွေ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ပြန်ရှိလာအောင် ယေဟောဝါဘုရား ဘယ်လို လုပ်ပေးသလဲဆိုတာ ကျမ်းစာမှာ ရှင်းပြထားတယ်။—ရောမ ၆:၂၃

 “လူသားတွေက စစ်မှန်တဲ့ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေအကြောင်း အစကနေ အဆုံးအထိ ဘယ်တော့မှ အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ဘူး။” ဘုရားဉာဏ်ပညာဟာ နက်နဲကျယ်ပြန့်လွန်းတဲ့အတွက် “ခြေရာခံလိုက်လို့ မမီနိုင်ဘူး” လို့ ကျမ်းစာက ဆိုတယ်။ (ရောမ ၁၁:၃၃) ဒါပေမဲ့ ဘုရားက မိမိစိတ်တော်နဲ့ တွေ့ချင်သူတွေကို ရည်ရွယ်ချက်တွေ လိုလိုလားလား ဖွင့်ပြတယ်။—အာမုတ် ၃:၇

ဒေသနာ ၃:၁၁ ရဲ့ အထက်အောက်စကား

 ဒေသနာကျမ်းကို ရှေးအစ္စရေး ဘုရင် ရှောလမုန် ရေးခဲ့တယ်။ ရှောလမုန်ဟာ ဘုရားပေး ဉာဏ်ပညာကြောင့် လူသိများသူ ဖြစ်တယ်။ ဘဝမှာ ဘာက တကယ် တန်ဖိုးရှိတယ်၊ မရှိဘူးဆိုတာနဲ့ပတ်သက်ပြီး လက်တွေ့ကျ အကြံပြုချက်တွေ ဒီကျမ်းမှာ ပါတယ်။ (ဒေသနာ ၁:၂၊ ၃။ ၂:၁၊ ၁၇။ ၇:၁။ ၁၂:၁၊ ၁၃) ဘဝမှာ ကြုံရတတ်တဲ့ ဆူကြုံနိမ့်မြင့် အချိန်ကာလတချို့ကို အခန်းကြီး ၃ မှာ ရှောလမုန် ဖော်ပြထားတယ်။ လုပ်ဆောင်မှု၊ တာဝန်အမျိုးမျိုးကိုလည်း ဖော်ပြထားတယ်။ (ဒေသနာ ၃:၁-၈၊ ၁၀) ဘယ်လုပ်ဆောင်မှုတွေကို ဘယ်အချိန် လုပ်မယ်ဆိုတာ လူတွေကို ဘုရား လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ပေးတယ်။ (တရားဟောရာ ၃၀:၁၉၊ ၂၀။ ယောရှု ၂၄:၁၅) ဘုရားရည်ရွယ်ချက်နဲ့အညီ လုပ်မှ၊ ဘုရားရဲ့ “အချိန်” ဇယားကို လေးစားမှ ကိုယ့်လုပ်ဆောင်မှုတွေကနေ ပျော်ရွှင်မှု ခံစားနိုင်မယ်လို့ ရှောလမုန် ရှင်းပြတယ်။ ဒါကို “ဘုရားသခင်ဆီက ရတဲ့ လက်ဆောင်” လို့ ခေါ်ထားတယ်။—ဒေသနာ ၃:၁၊ ၁၂၊ ၁၃

 ဒေသနာကျမ်း ခြုံငုံသုံးသပ်ချက်ကို သိနိုင်ဖို့ ဒီဗီဒီယိုတိုကို ကြည့်ပါ။