မာတိကာဆီ ကျော်သွား

သွေးသွင်း​ခြင်းနဲ့​ပတ်သက်ပြီး အခု​အချိန်မှာ ဆရာဝန်တွေ ပြောဆိုရာ

သွေးသွင်း​ခြင်းနဲ့​ပတ်သက်ပြီး အခု​အချိန်မှာ ဆရာဝန်တွေ ပြောဆိုရာ

ယေဟောဝါ​သက်သေတွေဟာ သွေးသွင်း​ကုသမှု​ကို ငြင်းပယ်​ကြ​တဲ့​အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ​တုန်း​က ပြစ်တင်​ပြောဆိုတာကို ခံ​ခဲ့​ကြရတယ်။ ‘သွေး​ကို​ကြ​ဉ်​ရှောင်ပါ’ လို့ ဆို​ထားတဲ့ သမ္မာကျမ်းစာ မိန့်မှာချက်​ကြောင့် သွေးသွင်း​ကုသတာ​ကို ငြင်းပယ်​ကြ​ခြင်း ဖြစ်ပေမဲ့ အဲဒီ​အချိန်တုန်းက လူနာ​ကို အကောင်းဆုံး ကုသ​ပေး​လို​ကြ​တဲ့ ဆရာဝန်တွေ​ရဲ့ သဘောထား​နဲ့ ကွဲလွဲ​ခဲ့​ကြတယ်။—တမန်တော် ၁၅:၂၉

ဒါပေမဲ့ အခု ဆေး​လောက​အသိုင်းအဝိုင်းမှာ သွေး​မပါတဲ့ ကုသနည်း​တွေ အသုံးပြု​ဖို့ ဆေး​ဘက်​ဆိုင်ရာ အကြောင်းပြချက်​တွေ ပေး​လာတဲ့ အတွေ့အကြုံ​ရှိ ဆရာဝန်တွေ ပို​ပို​များ​လာ​ပါပြီ။

၂၀၁၃ နှစ်စ​မှာ စ​တန်း​ဖို့​ဒ် ဆေး​တက္ကသိုလ်က ထုတ်ဝေတဲ့ ဂျာနယ်​မှာ သွေး​နဲ့​ပတ်သက်တဲ့ အထူး​သတင်း​တစ်ပုဒ် ပါ​လာပြီး ခေါင်းစဉ်​တစ်ခုက “ပုံမှန် လုပ်ထုံး​လုပ်​နည်းကို ငြင်းပယ်​လာ​ကြ—သွေးသွင်း​ကုသမှု လျော့နည်းလာ​ရတဲ့ နောက်ကွယ်​က အကြောင်းရင်း” ဖြစ်တယ်။ အဲဒီ​ဆောင်းပါးကို ရေး​တဲ့​သူ စ​ယ်​ရာ စီ. ပီ. ဝီလျံ က ဒီလို​ဖော်ပြ​ထားတယ်– “လွန်ခဲ့တဲ့ ဆယ်နှစ်​ကျော်​တုန်း​က ကမ္ဘာ​တစ်ဝန်း​က ဆေးရုံတွေ​မှာ ခွဲစိတ်​တဲ့အခါ​ပဲ​ဖြစ်ဖြစ်၊ လူနာဆောင်​မှာ​ပဲ​ဖြစ်ဖြစ် လှူဒါန်း​ထားတဲ့ သွေး​တွေကို လူနာ လိုအပ်တာ​ထက် ပို​သုံးခဲ့​ကြတယ်ဆိုတာ​ကို လေ့လာ​တွေ့ရှိချက် တော်​တော်​များများ​က ဖော်ပြတယ်။”

ပဲ​င်​စီ​လ်​ဘေး​နီး​ယား ဆေးရုံ​က သွေးမဲ့​ကုသမှု၊ သွေးမဲ့​ခွဲစိတ်မှု​ဌာန​ကို တည်ထောင်သူ​လည်း ဖြစ်၊ အုပ်ချုပ်သူ ဒါရိုက်တာလည်း ဖြစ်တဲ့ ဒေါက်တာ ပက်​ထ​ရီ​ရှာ ဖော့​ဒ်​ရဲ့ စကားတွေကို စာရေးသူ​က ကိုးကား​ဖော်ပြခဲ့တယ်။ ဒေါက်တာ ဖော့​ဒ် ဒီလို​ပြောခဲ့တယ်– “လူနာ​တွေ​မှာ သတ်မှတ်​ထားတဲ့ သွေး​ပမာဏ ရှိရမယ်၊ မရှိရင် လူနာ​သေသွား​လိမ့်မယ်၊ သွေး​က နောက်ဆုံး အသက်ကယ်​ဆေး​ပဲ ဆိုပြီး အဲဒီ​အချိန်တုန်းက ဆရာဝန်တွေ သွန်သင်ခံ​ခဲ့​ရတယ်။ . . . တချို့​အခြေအနေတွေမှာ​တော့ မှန်ပါတယ်။ * ဒါပေမဲ့ လူနာ​အများစု​ရဲ့ အခြေအနေ​မှာ​တော့ မမှန်ဘူး။”

တစ်နှစ်​ကို ယေဟောဝါ​သက်သေ ၇၀၀ လောက်​ကို ကုသ​ပေးသူ ဖြစ်တဲ့ ဒေါက်တာ ဖော့​ဒ်​က ဒီလို​လည်း​ပြောခဲ့တယ်– “ဆရာဝန်​အတော်များများ​က သွေးမသွင်း​ဘူးဆိုရင် လူနာ သေမှာပဲ​ဆိုပြီး တလွဲ​ယူဆတာ များတယ်။ . . . ကျွန်မ​ကိုယ်တိုင်လည်း အဲဒီလို​ယူဆ​ခဲ့​ဖူး​တယ်။ ဒါပေမဲ့ အဲဒီ​လူနာ​တွေကို လွယ်ကူ​တဲ့ နည်းလမ်း​တချို့​နဲ့ ကုသ​ပေးနိုင်​တယ်​ဆိုတာကို အကြိမ်ကြိမ် တွေ့ရှိ​ခဲ့​ရ​ပါပြီ။”

၂၈ နှစ်​ကြာ​ကာလ​အတွင်း နှလုံး​ဌာန​တစ်ခုကနေ နှလုံး​ခွဲစိတ်​ကုသ​တဲ့ လူနာ​တွေကို လေ့လာ​ဆန်းစစ်​ပြီး ရလဒ်ကို ၂၀၁၂၊ ဩဂုတ်​လ​တုန်း​က ဂျာနယ်​တစ်စောင် (Archives of Internal Medicine) မှာ ဖော်ပြခဲ့တယ်။ ရောဂါ​အခြေအနေ​ချင်း တူတဲ့ လူနာ​တွေ​ထဲမှာ ယေဟောဝါ​သက်သေ လူနာ​တွေဟာ သွေးသွင်း​ကုသ​တဲ့ လူနာ​တွေ​ထက် ပိုပြီး မြန်မြန်ဆန်ဆန် သက်သာ​လာကြတာ​ကို တွေ့ရတယ်။ သွေးသွင်း​ကုသ​တဲ့ လူနာ​တွေ​နဲ့ နှိုင်းယှဉ်​ကြည့်ရင် ယေဟောဝါ​သက်သေ လူနာ​တွေဟာ ရောဂါ​ကု​နေရင်း အခြေအနေ ဆိုး​လာတဲ့​သူ နည်းတယ်၊ အသက်ရှင်​တဲ့​သူ များတယ်၊ ကုသ​ပြီး နှစ် ၂၀ ကျော်​အထိ အသက်​ရှင်​နေကြတယ်။

၂၀၁၃၊ ဧပြီ ၈ ရက်ထုတ် ဝေါ​လ်​စ​ထရိ​ဂျာနယ်​မှာ ပါတဲ့ ဆောင်းပါး​တစ်ပုဒ်​မှာ ဒီလို​ဖော်ပြ​ထားတယ်– “ဘာသာရေး​ကြောင့် သွေးသွင်း​ကုသမှု​ကို ငြင်းပယ်​တဲ့ လူနာ​တွေကို သွေး​အသုံးမပြု​ဘဲ သွေးမဲ့ ခွဲစိတ်​ကုသ​ပေးခဲ့တာ နှစ်​နဲ့​ချီ ရှိပါ​ပြီ။ အခုတော့ ဆေးရုံတွေ​မှာ သွေးမဲ့ ခွဲစိတ်​ကုသတာ​ကို တွင်​တွင်ကျယ်​ကျယ် လုပ်​လာ​ကြပါ​ပြီ။ . . . သွေးမဲ့ ကုသမှု​ကို ထောက်ခံ​ကုသ​ပေးတဲ့ ခွဲစိတ်​ဆရာဝန်တွေ​က သွေးမဲ့ ကုသမှု​ကြောင့် သွေး​ဝယ်​ဖို့၊ သိုလှောင်​သိမ်းဆည်း​ဖို့၊ အဆင့်ဆင့် စမ်းသပ်မှုတွေ ပြုလုပ်ဖို့ ငွေ​ကုန်​ကြေး​ကျ​တွေ လျော့နည်းစေ​ရုံ​သာမက သွင်း​မိ​တဲ့​သွေးကြောင့် လူနာ​တွေ ထပ်ဆင့်​ရောဂါတွေ ဝင်ပြီး ကုသမှု ဆက်ခံ​ယူ​နေရတာ​မျိုး​လည်း လျော့နည်းလာ​တယ်လို့ ပြော​ကြတယ်။”

က​လီဗ်​လ​န်​ဆေးရုံ၊ သွေး​ဌာန​က အုပ်ချုပ်မှု​ဒါရိုက်တာ ရောဘတ် လော​ရ​န့်​က “သွေးသွင်း​ကုသတာက လူနာ​အသက်ကို ကယ်​တာ​လို့ ထင်​ပါလိမ့်မယ်။ ဒါပေမဲ့ နှစ်​နဲ့​ချီတဲ့ သက်သေ​အထောက်အထား​တွေ​အရ အဲဒီလို​မဟုတ်ဘူးဆိုတာ တွေ့ခဲ့​ရပြီ” လို့ ပြောပါ​တယ်။

^ အပိုဒ်၊ 5 သွေး​နဲ့​ပတ်သက်ပြီး ယေဟောဝါသက်သေတွေရဲ့ ရှုမြင်ချက်​ကို သိချင်​တယ်​ဆိုရင် “မေး​တတ်တဲ့ မေးခွန်းများ—ယေဟောဝါသက်သေတွေ​က သွေးသွင်း​ခြင်း​ကို ဘာဖြစ်လို့ လက်မခံ​တာလဲ” ဆောင်းပါးကို ကြည့်ပါ။