မာတိကာဆီ ကျော်သွား

လူငယ်များအမေး

လိင်ကိစ္စနဲ့ပတ်သက်ပြီး ငါ့ရဲ့သဘောထားအမြင်ကို ဘယ်လိုရှင်းပြနိုင်မလဲ

လိင်ကိစ္စနဲ့ပတ်သက်ပြီး ငါ့ရဲ့သဘောထားအမြင်ကို ဘယ်လိုရှင်းပြနိုင်မလဲ

“နင်က အခုထိ အပျိုစစ်စစ်/လူပျိုစစ်စစ် တစ်ယောက်ပဲလား”

ကိုယ်က ဟုတ်တယ်လို့အဖြေပေးချင်တဲ့အပြင် ကိုယ်ရဲ့အဖြေကို ယုံကြည်စိတ်ချမှုရှိရှိ ပေးလိုတယ်မဟုတ်လား။ ဒီလိုလုပ်နိုင်ဖို့ ဒီဆောင်းပါးက သင့်ကို ကူညီပေးပါလိမ့်မယ်။

 အပျိုစစ်စစ်/လူပျိုစစ်စစ်ဆိုတာ ဘာကိုဆိုလိုတာလဲ

 အပျိုစစ်စစ်/လူပျိုစစ်စစ်ဆိုတာ တခြားသူတစ်ယောက်ယောက်နဲ့ တစ်ခါမှ လိင်မဆက်ဆံဖူးသူဖြစ်တယ်။

 ဒါပေမဲ့ တခြားသူတစ်ယောက်ယောက်နဲ့ လိင်ဆက်ဆံမှပဲ အပျိုရည်၊ လူပျိုရည်ပျက်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တချို့သူတွေက တခြားသူတစ်ဦးနဲ့ လိင်မဆက်ဆံဖူးလို့ ကိုယ့်ကိုယ်ကိုယ် “အပျိုစစ်စစ်/လူပျိုစစ်စစ်” လို့ပြောကြပေမဲ့ တကယ်တမ်းကျတော့ သူတို့ဟာ တခြားသူတွေကို လိင်စိတ်နဲ့ မဖွယ်မရာအပြုအမူတွေ လုပ်ဖူးသူတွေဖြစ်တယ်။

 ဥပမာ၊ လိင်မှုကိစ္စထဲမှာ ပါးစပ်နဲ့လိင်ဆက်ဆံခြင်း၊ စအိုနဲ့လိင်ဆက်ဆံခြင်း၊ တခြားသူတစ်ဦးဦးရဲ့လိင်အင်္ဂါကို လိင်စိတ်နဲ့ကိုင်တွယ်ခြင်း စတာတွေကို ဆိုလိုပါတယ်။

 သိထားသင့်တဲ့အချက်– ပါးစပ်နဲ့လိင်ဆက်ဆံခြင်း၊ စအိုနဲ့လိင်ဆက်ဆံခြင်း၊ တခြားသူတစ်ဦးဦးရဲ့လိင်အင်္ဂါကို လိင်စိတ်နဲ့ကိုင်တွယ်ခြင်း စတာတွေအပါအဝင် မဖွယ်မရာလိင်မှုကိစ္စတစ်ခုခု လုပ်ဖူးသူတွေကို အပျိုစစ်စစ်၊ လူပျိုစစ်စစ်ဆိုပြီး ခေါ်လို့ မရနိုင်ပါဘူး။

 လိင်ကိစ္စနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဘာပြောထားသလဲ

 သမ္မာကျမ်းစာက လိင်ဆက်ဆံခြင်းကို တရားဝင်လက်ထပ်ထားတဲ့ အိမ်ထောင်အတွင်းမှာပဲ ပြုလုပ်ရမယ်လို့ ပြောထားပါတယ်။ (သုတ္တံ ၅:၁၈) ဒီအတွက်ကြောင့် ဘုရားသခင့်လမ်းညွှန်ချက်အတိုင်း အသက်ရှင်လိုသူ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ လက်မထပ်ခင် လိင်ဆိုင်ရာမဖွယ်မရာအပြုအမူတွေကို ရှောင်ကြဉ်ရမှာဖြစ်တယ်။—၁ သက်သာလောနိတ် ၄:၃–၅

 တချို့က ကျမ်းစာလမ်းညွှန်ချက်တွေက ခေတ်နောက်ကျပြီး ဒီနေ့ခေတ်နဲ့အံဝင်ခွင်ကျမှု မရှိဘူး လို့ပြောကြတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်ကိုကြည့်မယ်ဆိုရင် လင်မယားကွာရှင်းတာ၊ မလိုချင်ဘဲကိုယ်ဝန်ရတာ၊ လိင်ဆိုင်ရာကူးစက်ရောဂါတွေကို နေရာအနှံ့မှာ မမြင်ချင်အဆုံး တွေ့နေရတယ်။ အမှန်တကယ်ပါပဲ၊ ဒီနေ့ခေတ်စံနှုန်းတွေက လူသားတွေကို ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး မှန်ကန်တဲ့လမ်းညွှန်ချက်မပေးနိုင်ဘူးဆိုတာ ပြသနေပါတယ်။​—၁ ယောဟန် ၂:၁၅–၁၇

 ဒီဖြစ်ရပ်တွေကို စဉ်းစားကြည့်လိုက်တဲ့အခါ သမ္မာကျမ်းစာရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေက မှန်ကန်တယ်ဆိုတာ ပြသနေပါတယ်။ ဥပမာ၊ သင့်ကို တစ်ယောက်ယောက်က ဒေါ်လာ ၁,၀၀၀ ပေးတယ်ဆိုပါစို့။ ဒါကို သင်က အိမ်အပေါ်ထပ်တက်ပြီး လမ်းသွားလမ်းလာတွေ ဒီပိုက်ဆံကို ကောက်ယူနိုင်အောင် ကြဲချလိုက်မလား။

 လိင်မှုကိစ္စနဲ့ပတ်သက်ပြီး ထပ်တူဆုံးဖြတ်ချက် ချရမယ့်အခြေအနေမျိုး ကြုံတွေ့နေရပါတယ်။ “နောက်နောင် သူ့နာမည်ကိုတောင် ကိုယ်သတိမရနိုင်တော့မယ့် လူတစ်ယောက်ကို ကိုယ့်ရဲ့အပျိုစင်ဘဝကို လက်လွတ်စပယ်မပေးချင်ဘူး” လို့ ၁၄ နှစ်သမီး ဆီအဲရာကပြောပြတယ်။ ဒါ့အပြင် ၁၇ နှစ်သမီး တယ်မီကလည်း “အပျိုစင်ဘဝဆိုတာ အရမ်းတန်ဖိုးထားရမယ့်အရာပါ” လို့ ပြောတယ်။

 သိထားရမယ့်အရာ– အိမ်ထောင်မပြုသေးသူတွေဟာ အပျိုရည်၊ လူပျိုရည်မပျက်အောင် ထိန်းသိမ်းဖို့ သမ္မာကျမ်းစာက စံနှုန်းအဖြစ် သတ်မှတ်ပေးထားတယ်။—၁ ကောရိန္သု ၆:၁၈; ၇:၈၊ ၉

 သင်ရဲ့သဘောထားအမြင်က ဘာလဲ

  •   လိင်မှုကိစ္စနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာလမ်းညွှန်ချက်က လက်တွေ့ကျတယ်လို့ ရှုမြင်သလား ဒါမှမဟုတ် တင်းကျပ်လွန်းတယ်လို့ ယူဆသလား။

  •   တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ပြီး နှစ်ဦးသဘောတူရင် လက်မထပ်ဘဲလိင်ဆက်ဆံတာက ကိစ္စမရှိပါဘူးလို့ ထင်သလား။

 ရရှိလာမယ့်အကျိုးဆက်တွေကို သေသေချာချာစဉ်းစားပြီးတဲ့အခါ လူငယ်များစွာဟာ ကိုယ်ကျင့်တရားစင်ကြယ်ခြင်း၊ အပျိုရည်၊ လူပျိုရည်ကိုထိန်းသိမ်းခြင်းက အကောင်းဆုံးလုပ်ရပ်ဆိုတာကို သဘောပေါက်လာကြတယ်။ သူတို့တွေဟာ အဲဒီလိုဆုံးဖြတ်ချက်ချခဲ့လို့ နောင်တမရခဲ့သလို စိတ်ဆင်းရဲစရာတွေကိုလည်း မခံစားရဘူး။ သူတို့ထဲကတချို့က ဒီလိုပြောပြပါတယ်–

  •  “အပျိုစင်ဘဝနဲ့နေရတာကို ဂုဏ်ယူတယ်။ လက်မထပ်ခင်လိင်ဆက်ဆံမိလို့ ဖြစ်လာတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်လက်ပျက်ဖြစ်တာတွေ၊ ယူကျုံးမရဖြစ်တာတွေ ဘာဆိုဘာမှ မခံစားရဘူး။”—အမ်မလီ။

  •  “ဘယ်သူနဲ့မှ လိင်နဲ့ပတ်သက်ပြီး အရှုပ်အယှက်မရှိခဲ့လို့ အရမ်းဝမ်းသာတယ်။ ဒီလိုနေခဲ့တဲ့အတွက်ကြောင့် လိင်ဆိုင်ရာကူးစက်ရောဂါတွေကနေလည်း ကင်းဝေးခဲ့တယ်။”​—အီလိန်။

  •  “ကျွန်မရဲ့ သက်တူရွယ်တူ သူငယ်ချင်းတွေ၊ အစ်မကြီးတွေက မစဉ်းစားမဆင်ခြင်ဘဲ အချိန်မတန်ခင် လိင်ဆက်ဆံမိခဲ့လို့ နောင်တတွေအကြီးအကျယ်ရတယ်လို့ ကျွန်မကို ပြောပြကြတယ်။ သူတို့မှားခဲ့သလို ကျွန်မ မမှားချင်ဘူး။”​—ဗီရာ။

  •  “လူတော်တော်များများက ရည်းစားတွေအများကြီးထားပြီး အပျိုရည်ပျက်သွားလို့ အကြီးအကျယ်စိတ်ဓာတ်ကျ၊ စိတ်ဒဏ်ရာရနေတာတွေကို ကျွန်မ အများကြီးတွေ့ဖူးတယ်။ ဒါက တကယ့်ကို ဝမ်းနည်းဖို့ကောင်းတယ်။”​—ဒီယန်း။

 သိထားရမယ့်အရာ– လိင်ဆက်ဆံဖို့ သွေးဆောင်မခံရခင်ကတည်းက ကိုယ့်ရဲ့ခံယူချက် ခိုင်မာနေဖို့လိုတယ်။​—ယာကုပ် ၁:၁၄–၁၅

 ကိုယ်ရဲ့ခံယူချက်အကြောင်း တခြားသူတွေကို ဘယ်လိုရှင်းပြနိုင်မလဲ

 လိင်မှုကိစ္စနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ခံယူချက်သဘောထားကို မေးမြန်းလာတဲ့အခါ ဘယ်လိုပြန်ပြောသင့်သလဲ။ အခြေအနေပေါ်မူတည်ပြီး ပြန်ပြောနိုင်ပါတယ်။

 “တစ်ယောက်ယောက်က ကျွန်မကို လိင်ကိစ္စနဲ့ပတ်သက်ပြီး အလေးအနက်မရှိဘဲ နောက်ပြောင်တဲ့သဘောနဲ့ ပြောလာရင် အဲဒီနေရာကနေ ချက်ချင်းပဲထရပ်လိုက်ပြီး ‘နင်နဲ့ဘာဆိုင်လို့လဲ၊ နင်ကိစ္စဟုတ်လို့လား’ လို့ပြန်ပြောပြီး အဲဒီနေရာကနေ ထွက်သွားလိုက်တယ်။”​—ခယ်ရင်။

 “ကျောင်းကတချို့သူတွေက လိင်ကိစ္စနဲ့ပတ်သက်ပြီး နောက်ပြောင် အနိုင်ကျင့်လေ့ရှိတယ်။ အဲဒီလိုသဘောနဲ့ သူတို့ ကျွန်တော့်ကို မေးခွန်းမေးလာတယ်ဆိုရင် ဘာမှပြန်မပြောဘဲ နေလိုက်တယ်။”​—ဒေးဗစ်။

 ဒီအချက်ကို သိပါသလား– တချို့အချိန်တွေမှာ ယေရှုဟာ လှောင်ပြောင်သူတွေမေးတဲ့မေးခွန်းကို ဘာမှပြန်မဖြေဘဲ ဒီအတိုင်းထားလိုက်တယ်။​—မဿဲ ၂၆:၆၂–၆၃

 ဒါပေမဲ့ တစ်ယောက်ယောက်က စိတ်ရင်းမှန်နဲ့မေးတယ် ဆိုရင်ကော။ တကယ်လို့ ဒီလူဟာ သမ္မာကျမ်းစာစံနှုန်းကို လေးစားတယ်ဆိုရင်တော့ လက်မထပ်ခင်လိင်ဆက်ဆံတာက ကိုယ့်ခန္ဓာကိုယ်ကို ပြစ်မှားအောင်၊ ကိုယ်ကျိုးပျက်အောင် လုပ်တဲ့သူဖြစ်တယ်လို့ ပြောထားတဲ့ ၁ ကောရိန္သု ၆:၁၈ ပါကျမ်းစကားကို ပြပေးနိုင်ပါတယ်။

 သင်ဟာ အဖြေပေးတဲ့အခါ သမ္မာကျမ်းစာကို ကိုးကားသည်ဖြစ်စေ၊ မကိုးကားသည်ဖြစ်စေ အရေးကြီးတာက ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောဆိုခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်ကျင့်တရား စင်စင်ကြယ်ကြယ်နေထိုင်ခြင်းဟာ ဂုဏ်ယူစရာကောင်းတဲ့ ဘဝလမ်းစဉ်ဆိုတာကို အမြဲအမှတ်ရပါ။​—၁ ပေတရု ၃:၁၆

 “ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောဆိုခြင်းက ကိုယ့်ရဲ့ခံယူချက်သဘောထားတွေက ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့အတွေးမျိုး လုံးလုံးမရှိကြောင်း ဖော်ပြရာရောက်တယ်။ အဲဒီလိုလုပ်ခြင်းက တခြားသူတွေပြောလို့ လိုက်လုပ်နေတာမဟုတ်ဘူးဆိုတာကိုလည်း ဖော်ပြတယ်။”​—ဂျေးလ်။

 သိထားရမယ့်အရာ– လိင်ကိစ္စနဲ့ပတ်သက်ပြီး ကိုယ်ရဲ့သဘောထားက ခိုင်မာနေမယ်ဆိုရင် တခြားသူတွေကို ရှင်းပြနိုင်မှာဖြစ်တယ်။ သူတို့ရဲ့တုံ့ပြန်မှုကြောင့် ကိုယ်တောင် အံ့သြသွားနိုင်ပါတယ်။ “အပျိုစင်ဘဝကို ထိန်းသိမ်းထားတဲ့အတွက် အလုပ်ဖော်တွေက ကျွန်မကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းကြတယ်။ ကျွန်မကို တစ်မူထူးတဲ့သူလို့ မမြင်ကြဘူး။ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းရှိပြီး ဖြူစင်တဲ့သူအဖြစ် ရှုမြင်ကြတယ်” လို့ အသက် ၂၁ နှစ်ရှိသူ မယ်လင်းဒါ က ပြောပြတယ်။

 အကြံပြုချက်– လိင်မှုကိစ္စနဲ့ပတ်သက်ပြီး ကိုယ်ရဲ့ခံယူချက် ခိုင်မာပြတ်သားချင်တယ်ဆိုရင် “လိင်ကိစ္စနဲ့ပတ်သက်ပြီး ငါ့ရဲ့သဘောထားအမြင်ကို ဘယ်လိုရှင်းပြနိုင်မလဲ” ဆိုတဲ့ အပိုင်းကို ကူးယူပါ။ ဒါ့အပြင် လူငယ်များအမေး—တာသွားသည့်အဖြေ ဆိုတဲ့ စာအုပ်ကိုလည်း လေ့လာကြည့်ပါ။

  •    အတွဲ ၁၊ အခန်း ၂၄ (အင်္ဂလိပ်) “လိင်ဆက်ဆံခြင်းက သမီးရည်းစားစုံတွဲတွေကို ပိုချစ်စေသလား”

  •    အတွဲ ၂၊ အခန်း ၅ (အင်္ဂလိပ်) “အပျိုစစ်စစ်၊ လူပျိုစစ်စစ်ဘဝနဲ့နေရတာကို ဘာကြောင့်နှစ်သက်”

 “‘လူငယ်များအမေး’ စာအုပ်ကို ဖတ်ရတာ အရမ်းကြိုက်တယ်။ ဥပမာ၊ အတွဲ ၁၊ စာမျက်နှာ ၁၈၇ မှာဆိုရင် လက်မထပ်ခင်လိင်ဆက်ဆံတာက တန်ဖိုးကြီးတဲ့လည်ဆွဲကို တခြားသူကို အလကားပေးလိုက်တာနဲ့တူတယ်လို့ ပြောထားတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အပေါစားဖြစ်အောင် လုပ်လိုက်တာပဲ။ စာမျက်နှာ ၁၇၇ မှာဆိုရင် လက်မထပ်ခင်လိင်ဆက်ဆံတာက အင်မတန်လှပတဲ့ပန်းချီကားတစ်ချပ်ကို တံခါးဝမှာချပြီး ခြေသုတ်ဝတ် လုပ်လိုက်တာနဲ့တူတယ်လို့ ဆိုထားတယ်။ အတွဲ ၂၊ စာမျက်နှာ ၅၄ မှာပါတဲ့ ဥပမာကို ကျွန်မအကြိုက်ဆုံးပဲ။ ဘာပြောထားလဲဆိုတော့ ‘လက်မထပ်ခင် လိင်ဆက်ဆံတာက ကိုယ့်ကိုမပေးသေးတဲ့ လက်ဆောင်တစ်ခုကို ခိုးဖွင့်ကြည့်လိုက်တာနဲ့ တူတယ်။ အဲဒီလိုလုပ်တာက အချိန်တန်လို့ အိမ်ထောင်ပြုတဲ့အခါ ကိုယ့်ရဲ့အိမ်ထောင်ဖက် ပိုင်ဆိုင်ရမယ့်အရာကို အလွဲသုံးစား လုပ်လိုက်တာနဲ့တူတယ်’ လို့ ဆိုထားတယ်။”—ဗစ်တိုးရီးယား။