မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ |အိမ်ထောင်ရေး

စိတ်ရှည်ခြင်း မွေးမြူနိုင်ပုံ

စိတ်ရှည်ခြင်း မွေးမြူနိုင်ပုံ

 “စိတ်ရှည်ခြင်းဆိုတာ လင်နဲ့ မယား နေ့စဉ် ကြုံရတဲ့ စမ်းသပ်မှုတစ်ခုပါ။ စိတ်ရှည်ခြင်းဟာ တစ်ကိုယ်ရေဘဝအတွက် သိပ်အရေးမပါပေမဲ့ အိမ်ထောင် သာယာဖို့အတွက်တော့ မရှိလို့ မဖြစ်ဘူး။”—ဂျွန်။

 ဘာကြောင့် စိတ်ရှည်ဖို့ လိုသလဲ

  •   အိမ်ထောင်ပြုပြီးနောက် ကိုယ့်အိမ်ထောင်ဖက်ရဲ့ အားနည်းချက်တွေကို အတွင်းကျကျ သိလာနိုင်တယ်။

     “အိမ်ထောင်သက် ကြာလာတဲ့အခါ အိမ်ထောင်ဖက်ရဲ့ မနှစ်မြို့ဖွယ် အကျင့်စရိုက်တွေကို အာရုံစိုက်လာတတ်တယ်။ ဒီအခါမျိုးမှာ စိတ်ရှည်သည်းခံဖို့ မလွယ်ဘူး။”—ဂျက်စီနာ။

  •   စိတ်တိုတိုနဲ့ မဆင်မခြင် ပြောမိနိုင်တယ်။

     “ကျွန်မက စိတ်ထဲရှိတာ ဟောဟောဒိုင်းဒိုင်း ပြောချတတ်တယ်။ ဒီထက် စိတ်ရှည်ခဲ့ရင် ပြောသင့်၊ မပြောသင့် စဉ်းစားပြီး နှုတ်ကို စောင့်စည်းနိုင်မှာ။”—ကာမဲန်။

     “မေတ္တာဟာ စိတ်ရှည်တတ်တယ်” လို့ ကျမ်းစာ ဆိုတယ်။ (၁ ကောရိန္သု ၁၃:၄) ကိုယ်ချစ်တဲ့သူကိုဆိုရင် စိတ်ရှည်သည်းခံကြမှာပဲလို့ ထင်ရတယ်။ အမြဲတမ်းတော့ မဟုတ်ဘူး။ “တခြားအရည်အချင်းကောင်းတွေလိုပါပဲ၊ စိတ်ရှည်ဖို့ထက် စိတ်တိုဖို့ ပိုလွယ်လာတယ်။ စိတ်ရှည်ရှည်ထားဖို့ဆိုတာ ကြိုးစားအားထုတ်မှု လိုတယ်” ဂျွန်ပြောတယ်။

 စိတ်ရှည်ကြောင်း ဘယ်လို ပြနိုင်သလဲ

  •   စိတ်ရှည်သည်းခံစရာအကြောင်း ရုတ်တရက် ပေါ်လာတဲ့အခါ။

     ဥပမာ။ အိမ်ထောင်ဖက်က မညှာမတာ ပြောလာတယ်ဆိုပါစို့။ ကိုယ့်ဘက်က ခွန်းတုံ့ပြန်ဖို့ အသင့်ပဲ။

     ကျမ်းစာ အခြေခံမူ။ “ထစ်ခနဲဆို မကျေမချမ်း မဖြစ်နဲ့။ မကျေမချမ်း ဖြစ်တာဟာ ဉာဏ်တိမ်သူတွေရဲ့ အမှတ်လက္ခဏာပဲ။”—ဒေသနာ ၇:၉၊ အောက်ခြေမှတ်ချက်။

     စိတ်ရှည်မှုပြနိုင်ပုံ။ ခဏ စောင့်ပါ။ ခွန်းတုံ့မပြန်ခင် အိမ်ထောင်ဖက်က သင် စိတ်ထိခိုက်သွားစေဖို့ မရည်ရွယ်ဘူးဆိုတာ သတိပြုပါ။ “အိမ်ထောင်သည် အများစုက ကိုယ့်အိမ်ထောင်ဖက် ပြောချင်တဲ့ စကားထက် အဓိပ္ပာယ်ကို အထအနကောက်တတ်ကြတယ်” ဆိုပြီး Fighting for Your Marriage စာအုပ်က ဆိုတယ်။

     အိမ်ထောင်ဖက်က ရန်လိုနေရင်တောင် ရန်တုံ့မပြန်ဘဲ စိတ်ရှည်သည်းခံမယ်ဆိုရင် အခြေအနေ ပိုဆိုးမသွားအောင် ထိန်းနိုင်မယ်။ “ထင်းမရှိရင် မီးငြိမ်းသွား” တယ်လို့ ကျမ်းစာ ဆိုတယ်။—ပညာအလိမ္မာ ၂၆:၂၀

     “ကိုယ့်အိမ်သူကို ရန်ဘက်လို သဘောထားလာရင် သူ့ကို ဘာကြောင့် ချစ်ခဲ့သလဲဆိုတာ ပြန်စဉ်းစားပါ။ သူသဘောကျတာလေး တစ်ခုခု လုပ်ပေးလိုက်ပါ။”—အီသန်။

     စဉ်းစားကြည့်ပါ–

    •  အိမ်ထောင်ဖက်က စိတ်ထိခိုက်စရာ ပြောမိလုပ်မိတဲ့အခါ သင် ဘယ်လို တုံ့ပြန်သလဲ။

    •  နောက်တစ်ကြိမ် ထပ်ဖြစ်လာရင် စိတ်ရှည်ကြောင်း ဘယ်လို ပြရမလဲ။

  •   စိတ်တိုစရာအကြောင်း ခဏခဏ ပေါ်လာတဲ့အခါ။

     ဥပမာ။ အိမ်ထောင်ဖက်က အမြဲ နောက်ကျတတ်တယ်။ သူ့ကို စောင့်ရင်း စိတ်က ပိုပိုတိုလာတယ်။

     ကျမ်းစာ အခြေခံမူ။ “အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီးသည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။”—ကောလောသဲ ၃:၁၃

     စိတ်ရှည်မှု ပြနိုင်ပုံ။ ကိုယ့်ကိုယ်ကိုယ်ထက် ကိုယ့်အိမ်ထောင်ရေးကို ပိုအလေးထားပါ။ ‘ဒီကိစ္စနဲ့ စကားများရင် အခြေအနေ ပိုကောင်းသွားမလား၊ ပိုဆိုးသွားမလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ “ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်” ဆိုတာကိုလည်း မမေ့ပါနဲ့။ (ယာကုပ် ၃:၂) ကိုယ့်မှာလည်း ကြိုးစားရမယ့်အပိုင်းတွေ ရှိတယ်ဆိုတဲ့ သဘောပဲ။

     “တစ်ခါတလေ ကျွန်မရဲ့ ခင်ပွန်းထက် သူငယ်ချင်းအပေါ် ပိုစိတ်ရှည်တတ်တယ်။ ခင်ပွန်းနဲ့ အနေကြာတော့ သူ့အားနည်းချက်တွေကို မြင်လာလို့ဖြစ်မယ်။ စိတ်ရှည်ခြင်းဟာ မေတ္တာရဲ့ အရည်အသွေးတစ်ခုဆိုတော့ သူ့အပေါ် စိတ်ရှည်တာက အိမ်ထောင်မှာ မရှိလို့မဖြစ်တဲ့ ချစ်ခင်လေးစားမှုကို တင်ပြတာပဲပေါ့။”—နီယာ။

     စဉ်းစားကြည့်ပါ–

    •  ကိုယ့်အိမ်ထောင်ဖက်ရဲ့ အားနည်းချက်တွေကို ဘယ်လောက် သည်းခံစိတ်ရှည်သလဲ။

    •  နောက်နောင် ပိုစိတ်ရှည်ကြောင်း ဘယ်လို ပြနိုင်မလဲ။