မာတိကာဆီ ကျော်သွား

ခွင့်မလွှတ်နိုင်တဲ့ အပြစ်ဆိုတာ ဘာလဲ

ခွင့်မလွှတ်နိုင်တဲ့ အပြစ်ဆိုတာ ဘာလဲ

ကျမ်းစာအဖြေ

 ခွင့်မလွှတ်နိုင်တဲ့အပြစ်ဆိုတာ ဘုရားသခင့် ခွင့်လွှတ်မှု ဘယ်တော့မှ မရစေတဲ့ အပြစ်ကျူးလွန်သူရဲ့ သဘောထားနဲ့ လုပ်ရပ်ကို ဆိုလိုတယ်။ လူတစ်ဦးမှာ အဲဒီသဘောထားမျိုး ဘယ်လို ရှိလာနိုင်သလဲ။

 လူတစ်ဦးဟာ အပြစ်တွေအတွက် နောင်တယူပြီး ဘုရားသခင့် စံနှုန်းတွေအတိုင်း ပြုမူနေထိုင်မယ်၊ ယေရှုခရစ်ကို ယုံကြည်ကြောင်း တင်ပြမယ်ဆိုရင် ဘုရားသခင်ရဲ့ ခွင့်လွှတ်မှု ရမှာဖြစ်တယ်။ (တမန်တော် ၃:၁၉၊ ၂၀) ဒါပေမဲ့ အပြစ်လမ်းစဉ်မှာပဲ အမြစ်တွယ်လာတဲ့အခါ သူ့သဘောထား ဒါမှမဟုတ် အကျင့်အကြံကို ဘယ်တော့မှ ပြောင်းလဲလို့ မရနိုင်တော့ဘူး။ သူ့မှာ “ဆိုးညစ်တဲ့စိတ်” ရှိပြီး “အပြစ်ရဲ့ လှည့်စားနိုင်စွမ်းကြောင့် ခေါင်းမာလာ” တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ဟီဘရူး ၃:၁၂၊ ၁၃) မီးဖုတ်ပြီးသား မာနေတဲ့ ရွှံ့စေးကို ပုံသွင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်သလို လူတစ်ဦးရဲ့ စိတ်နှလုံးကလည်း ဘုရားသခင်ကို အမြဲ ကလန်ကဆန် လုပ်ချင်လာပြီး ဆန့်ကျင်လာနိုင်တယ်။ (ဟေရှာယ ၄၅:၉) အဲဒီလိုလူကို ခွင့်လွှတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့် သူဟာ ခွင့်မလွှတ်နိုင်တဲ့ ပြစ်ဒဏ်ခံရမှာ ဖြစ်တယ်။​—ဟီဘရူး ၁၀:၂၆၊ ၂၇

 ယေရှုအချိန်က ဂျူးဘာသာရေး ခေါင်းဆောင်တချို့ဟာ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ကို ကျူးလွန်ခဲ့ကြတယ်။ ယေရှုလုပ်ပြတဲ့ အံ့ဖွယ်အမှုတွေဟာ ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်ကြောင့်ဆိုတာ သိလျက်နဲ့ အဲဒီတန်ခိုးဟာ နတ်ဆိုး စာတန်မာရ်နတ်ဆီက ရတာဆိုပြီး သွားပုပ်လေလွင့် ပြောဆိုခဲ့ကြတယ်။​—မာကု ၃:၂၂၊ ၂၈–၃၀

ခွင့်လွှတ်ခံရနိုင်တဲ့ အပြစ်များ

  •  အကြောင်းရင်း မသိလို့ ဘုရားသခင်ကို စော်ကားပြောဆိုမိခြင်း– တမန်တော် ပေါလုဟာ တစ်ချိန်က ဘုရားသခင်ကို စော်ကားပြောဆိုခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ “ယုံကြည်ခြင်းမရှိလို့၊ မသိနားမလည်ဘဲ လုပ်ခဲ့တာဖြစ်လို့ ငါ့ကို ကရုဏာပြခဲ့တယ်” လို့ပြောတယ်။​—၁ တိမောသေ ၁:​၁၃

  •  အိမ်ထောင်ရေး ဖောက်ပြန်မှု– တစ်ချိန်တုန်းက အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ပေမဲ့ အကျင့်ပြောင်းလဲခဲ့လို့ ဘုရားသခင့် ခွင့်လွှတ်မှု ရရှိသူတွေအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။​—၁ ကောရိန္သု ၆:​၉–​၁၁

“ခွင့်မလွှတ်နိုင်တဲ့အပြစ်ကို ငါ ကျူးလွန်မိပြီလား”

 အရင်က လုပ်မိခဲ့တဲ့အပြစ်ကို တကယ် ရွံရှာမုန်းတီးပြီး ဘဝလမ်းစဉ်ဟောင်းကို အမှန်တကယ် ပြောင်းလဲမယ်ဆိုရင် ခွင့်လွှတ်မှု ရရှိနိုင်ပါတယ်။ အပြစ်တစ်ခုကို ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့ပေမဲ့ စိတ်နှလုံးက ဘုရားသခင်ဆီ ပြန်လှည့်လာလို့ မရတော့တဲ့အထိ ခက်ထန်မာကျောမနေဘူးဆိုရင် ဘုရားသခင်ရဲ့ ခွင့်လွှတ်မှုရမှာ ဖြစ်တယ်။​—ဟေရှာယ ၁:၁၈

 တချို့က လုပ်မိခဲ့တဲ့အပြစ်နဲ့ပတ်သက်ပြီး အပြစ်ရှိနေဆဲပဲလို့ ခံစားနေရတာကြောင့် ခွင့်မလွှတ်နိုင်တဲ့အပြစ်ကို ကျူးလွန်မိတယ်လို့ ထင်နေကြတယ်။ ဒါပေမဲ့ ကိုယ့်ခံစားချက်တွေကို အမြဲယုံလို့ မရနိုင်ကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယေရမိ ၁၇:၉) ကိုယ်တိုင်နဲ့ တခြားသူတွေကို တရားစီရင်ဖို့ ကျွန်တော်တို့ကို ဘုရားသခင် အခွင့်အာဏာ မအပ်နှင်းထားဘူး။ (ရောမ ၁၄:၄၊ ၁၂) ကိုယ့်စိတ်က ကိုယ့်ကို အပြစ်တင်နေရင်တောင် ဘုရားသခင် ခွင့်လွှတ်ပေးနိုင်တယ်။​—၁ ယောဟန် ၃:​၁၉၊ ၂၀

ယုဒရှကာရုတ် ကျူးလွန်တဲ့အပြစ်က ခွင့်မလွှတ်နိုင်တဲ့ အပြစ်လား

 မှန်ပါတယ်။ ယုဒဟာ လောဘဇောကြောင့် မြင့်မြတ်တဲ့အရာအတွက် အသုံးပြုဖို့ လှူဒါန်းထားတဲ့ငွေတွေကို ခိုးယူခဲ့တယ်။ ဆင်းရဲသားတွေရဲ့အကျိုး လိုလားသယောင်ပြခဲ့ပေမဲ့ သူ့စိတ်ဓာတ်အရင်းခံက ငွေများများ ခိုးယူဖို့ ဖြစ်တယ်။ (ယောဟန် ၁၂:၄–၈) သူ့စိတ်နှလုံးက အပြစ်လမ်းစဉ်မှာပဲ အမြစ်တွယ်နေတာကြောင့် ယေရှုကို ငွေစ ၃၀ နဲ့ သစ္စာဖောက်ခဲ့တယ်။ ယုဒဟာ သူ့လုပ်ရပ်တွေအပေါ် နောင်တစစ် ဘယ်တော့မှရမှာမဟုတ်မှန်း ယေရှုသိလို့ သူ့ကို “ပျက်စီးခြင်းရဲ့ သား” ဆိုပြီး ခေါ်ခဲ့တယ်။ (ယောဟန် ၁၇:၁၂) ဆိုလိုတာက ယုဒ သေဆုံးတဲ့အခါ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် လုံးဝ မရှိနိုင်ဘူး။ ထာဝစဉ် ပျက်စီးသွားမယ်။​—မာကု ၁၄:၂၁

 ယုဒဟာ လုပ်မိခဲ့တဲ့အပြစ်အတွက် နောင်တစစ် နောင်တမှန် မတင်ပြခဲ့ဘူး။ ဘုရားသခင်ဆီ အပြစ်ဝန်မခံဘဲ သူနဲ့တစ်ကျိတ်တည်းတစ်ဉာဏ်တည်းဖြစ်တဲ့ ဘာသာရေးခေါင်းဆောင်တွေဆီပဲ ဝန်ခံခဲ့တယ်။​—မဿဲ ၂၇:​၃–၅; ၂ ကောရိန္သု ၇:​၁၀