မာတိကာဆီ ကျော်သွား

ဂျေရုဆလင်မြို့သစ်ဆိုတာ ဘာလဲ

ဂျေရုဆလင်မြို့သစ်ဆိုတာ ဘာလဲ

ကျမ်းစာအဖြေ

 “ဂျေရုဆလင်မြို့သစ်” ဆိုတဲ့ အသုံးအနှုန်း ကျမ်းစာမှာ နှစ်ကြိမ် ပါတယ်။ အဲဒါက တင်စားတဲ့မြို့ပါ။ ကောင်းကင် တက်ပြီး ဘုရားနိုင်ငံတော်မှာ ယေရှုနဲ့အတူ အုပ်ချုပ်မယ့် ယေရှုရဲ့ နောက်လိုက်တစ်စုကို ကိုယ်စားပြုတယ်။ (ဗျာဒိတ် ၃:၁၂။ ၂၁:၂) ခရစ်တော်ရဲ့ သတို့သမီးလို့လည်း ကျမ်းစာမှာ ဖော်ပြတယ်။

ဂျေရုဆလင်မြို့သစ်ကို ခွဲခြားသိမြင်စေတဲ့ အဓိကအချက်များ

  1.  ၁။ ဂျေရုဆလင်မြို့သစ်ဟာ ကောင်းကင်မှာ ရှိတယ်။ ဂျေရုဆလင်မြို့သစ်အကြောင်း ကျမ်းစာ ဖော်ပြတိုင်း ကောင်းကင်ကနေ ဆင်းသက်လာတယ်၊ ကောင်းကင်တမန်တွေ မြို့တံခါးတွေမှာ စောင့်ကြပ်နေကြတယ်လို့ ဖော်ပြထားတယ်။ (ဗျာဒိတ် ၃:၁၂။ ၂၁:၂၊ ၁၀၊ ၁၂) ကြီးမားတဲ့ မြို့အရွယ်အစားက မြေကြီးပေါ်မှာ မတည်ရှိနိုင်ဘူးဆိုတဲ့ အထောက်အထားပဲ။ မြို့ရိုးပတ်လည်ဟာ “စတာဒီယမ် (ဖာလုံ) ၁၂,၀၀၀” ရှိတယ်။ a (ဗျာဒိတ် ၂၁:၁၆) ဘေးတစ်ဖက်တစ်ချက် မြို့ရိုးတွေက ကီလိုမီတာ ၅၆၀ (မိုင် ၃၅၀) မြင့်တယ်။

  2.  ၂။ ဂျေရုဆလင်မြို့သစ်က ခရစ်တော်ရဲ့ သတို့သမီး၊ ယေရှုရဲ့ နောက်လိုက်တစ်စု ဖြစ်တယ်။ ဂျေရုဆလင်မြို့သစ်ကို “သိုးသငယ်ရဲ့ ဇနီးလောင်း သတို့သမီး” လို့ခေါ်ထားတယ်။ (ဗျာဒိတ် ၂၁:၉၊ ၁၀) သိုးသငယ်ဆိုတာ ယေရှုခရစ်ကို ရည်ညွှန်းတယ်။ (ယောဟန် ၁:၂၉။ ဗျာဒိတ် ၅:၁၂) “သိုးသငယ်ရဲ့ ဇနီးလောင်း၊” ခရစ်တော်ရဲ့ သတို့သမီးဆိုတာ ကောင်းကင် တက်ပြီး ယေရှုနဲ့အတူ ပူးပေါင်းကြမယ့် ခရစ်ယာန်တွေကို ကိုယ်စားပြုတယ်။ ယေရှုနဲ့ အဲဒီခရစ်ယာန်တစ်စုရဲ့ ဆက်ဆံရေးကို ခင်ပွန်းနဲ့ ဇနီးအဖြစ် ကျမ်းစာမှာ တင်စားထားတယ်။ (၂ ကောရိန္သု ၁၁:၂။ ဧဖက် ၅:၂၃-၂၅) ဒါ့အပြင် ဂျေရုဆလင်မြို့သစ် အုတ်မြစ်ကျောက်တွေပေါ်မှာ “သိုးသငယ်ရဲ့ တမန်တော် ၁၂ ယောက်ရဲ့ နာမည်တွေ” ရေးထားတယ်။ (ဗျာဒိတ် ၂၁:၁၄) ကောင်းကင်ခေါ်တော်မူခြင်း ခံရတဲ့ ခရစ်ယာန်တွေကို “တမန်တော်တွေ၊ ပရောဖက်တွေဖြစ်တဲ့ အုတ်မြစ်ပေါ်မှာ တည်ဆောက်ထား” တယ် ဆိုတဲ့အချက်တွေကြောင့် ဂျေရုဆလင်မြို့သစ်ကို ခွဲခြားသိမြင်စေတယ်။—ဧဖက် ၂:၂၀

  3.  ၃။ ဂျေရုဆလင်မြို့သစ်ဟာ အစိုးရရဲ့ အစိတ်အပိုင်း ဖြစ်တယ်။ ရှေးဂျေရုဆလင်မြို့ဟာ “ယေဟောဝါရဲ့ ရာဇပလ္လင်ပေါ်မှာ” နန်းထိုင်ခဲ့တဲ့ ဘုရင်ဒါဝိဒ်၊ သားတော် ရှောလမုန်နဲ့ သားမြေးတွေ နန်းစိုက်ရာ အစ္စရေးမြို့တော် ဖြစ်တယ်။ (၁ ရာဇဝင်ချုပ် ၂၉:၂၃) ဒါကြောင့် “သန့်ရှင်းတဲ့ ဂျေရုဆလင်မြို့” ဟာ ဒါဝိဒ်မင်းဆက် အုပ်ချုပ်တဲ့ ဘုရားအုပ်ချုပ်မှုကို ကိုယ်စားပြုတယ်။ (နေဟမိ ၁၁:၁) ကောင်းကင်မှာ ယေရှုနဲ့အတူ ပူးတွဲအုပ်ချုပ်မယ့်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ‘သန့်ရှင်းတဲ့မြို့တော် ဂျေရုဆလင်မြို့သစ်’ ကလည်း “ဘုရင်အဖြစ် ကမ္ဘာမြေကို အုပ်စိုး” မယ်။—ဗျာဒိတ် ၅:၉၊ ၁၀။ ၂၁:၂

  4.  ၄။ ဂျေရုဆလင်မြို့သစ်က ကမ္ဘာသူ/သားတွေကို ကောင်းချီးတွေ ခံစားစေမယ်။ ဂျေရုဆလင်မြို့သစ်ဟာ “ဘုရားသခင်ဆီကနေ၊ ကောင်းကင်ကနေ ဆင်းလာ” တယ်လို့ ဖော်ပြထားတဲ့အတွက် ဂျေရုဆလင်မြို့သစ်အားဖြင့် ကောင်းကင်ပြင်ပကိစ္စတွေကို ဘုရားသခင် ဆောင်ရွက်မယ့်သဘော ဆောင်တယ်။ (ဗျာဒိတ် ၂၁:၂) ဒီအသုံးအနှုန်းက ဂျေရုဆလင်မြို့သစ်နဲ့ ဘုရားနိုင်ငံတော် ဆက်စပ်မှုကို သိစေတယ်။ ဘုရား “အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံ” ဖို့ ဂျေရုဆလင်မြို့သစ်ကို ဘုရား အသုံးပြုမယ်။ (မဿဲ ၆:၁၀) ကမ္ဘာသူ/သားတွေအတွက် ဘုရားရည်ရွယ်ချက်ထဲမှာ အောက်ပါကောင်းချီးတွေ ပါတယ်–

    •   အပြစ်ကို ဖယ်ရှားမယ်။ ဂျေရုဆလင်မြို့သစ်ကနေ စီးထွက်တဲ့ “အသက်ရေ စီးဆင်းနေတဲ့ မြစ်တစ်စင်း” က “အသက်ပင်တွေ” ကို ရှင်သန်စေတယ်။ အသက်ပင်တွေက “လူမျိုးတွေကို အနာရောဂါ ပျောက်ကင်းစေတယ်။” (ဗျာဒိတ် ၂၂:၁၊ ၂) ကိုယ်ကာယပိုင်း၊ ဘုရားရေးရာပိုင်း ကုစားမှုက အပြစ်တရားကို ဖယ်ရှားပေးမယ်။ ဘုရား မူလရည်ရွယ်ချက်အတိုင်း လူတွေကို စုံလင်တဲ့အသက် ပိုင်ဆိုင်စေမယ်။—ရောမ ၈:၂၁

    •   ဘုရားသခင်နဲ့ လူသားတွေ ရင်းနှီးတဲ့ဆက်ဆံရေး ရှိမယ်။ အပြစ်တရားကြောင့် လူတွေဟာ ဘုရားနဲ့ ဝေးကွာနေကြတယ်။ (ဟေရှာယ ၅၉:၂) အပြစ်ကို ဖယ်ရှားလိုက်တဲ့အတွက် ဒီကြိုဟောချက် ပြည့်စုံလာမယ်– “ဘုရားသခင်ရဲ့ တဲတော်ဟာ လူတွေနဲ့အတူ ရှိပြီး ဘုရားက သူတို့ဆီမှာ စံမြန်းမယ်။ သူတို့လည်း ဘုရားရဲ့လူမျိုး ဖြစ်လိမ့်မယ်။ ဘုရားသခင်ကိုယ်တိုင် သူတို့နဲ့အတူ ရှိနေမယ်။”—ဗျာဒိတ် ၂၁:၃

    •   ဆင်းရဲဒုက္ခနဲ့ သေခြင်း မရှိတော့ဘူး။ ဘုရားနိုင်ငံတော်အားဖြင့် “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာဒိတ် ၂၁:၄

a စတာဒီယမ်ဆိုတာ ရောမ အတိုင်းအတာ ဖြစ်တယ်။ ၁ စတာဒီယမ်က ၁၈၅ မီတာ (၆၀၇ ပေ) နဲ့ ညီတယ်။