‘တစ်ခါကယ်တင်ခံရတာနဲ့ အမြဲကယ်တင်ခံရပြီ’ လို့ ကျမ်းစာသွန်သင်သလား
ကျမ်းစာအဖြေ
‘တစ်ခါကယ်တင်ခံရတာနဲ့ အမြဲကယ်တင်ခံရပြီ’ ဆိုတဲ့ အယူအဆကို ကျမ်းစာ မသွန်သင်ပါဘူး။ ယေရှုခရစ်ကို ယုံကြည်လို့ ကယ်တင်ခြင်းရထားသူတစ်ဦးဟာ အဲဒီယုံကြည်ခြင်းနဲ့ ကယ်တင်ခြင်းကို လက်လွတ်ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် ယုံကြည်ခြင်းကို ဆက်ထိန်းသိမ်းဖို့ ‘ကြိုးစားတိုက်လှန်’ ရမယ်လို့ ကျမ်းစာပြောတယ်။ (ယုဒ ၃၊ ၅) ခရစ်တော်ကို ယုံကြည်လက်ခံပြီးသား အစောပိုင်းခရစ်ယာန်တွေကိုလည်း “ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် သင်တို့ကိုယ်တိုင်၏ ကယ်တင်ခြင်းအတွက် ကြိုးစားဆောင်ရွက်နေကြလော့” ဆိုပြီးပြောထားတယ်။—ဖိလိပ္ပိ ၂:၁၂။
‘တစ်ခါကယ်တင်ခံရတာနဲ့ အမြဲကယ်တင်ခံရပြီ’ ဆိုတဲ့ သွန်သင်ချက်ကို မထောက်ခံတဲ့ ကျမ်းချက်များ
ဘုရားနိုင်ငံတော်ထဲ ဝင်ခွင့်မရနိုင်တဲ့ ကြီးလေးတဲ့အပြစ်တွေအကြောင်း ကျမ်းစာမှာ သတိပေးထားတယ်။ (၁ ကောရိန္သု ၆:၉–၁၁; ဂလာတိ ၅:၁၉–၂၁) တစ်ခါကယ်တင်ခံရတာနဲ့ အမြဲကယ်တင်ခံရမယ်ဆိုရင် ဒီသတိပေးချက်တွေက ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။ ကယ်တင်ခံရပြီးသူတစ်ဦးဟာ ကြီးလေးတဲ့အပြစ်တွေ ပြန်ပြုကျင့်ပြီး အမှန်တရားကို စွန့်ခွာသွားနိုင်တယ်လို့ ကျမ်းစာပြောတယ်။ ဥပမာ၊ ဟေဗြဲ ၁၀:၂၆ မှာ အခုလိုပြောတယ်– ‘အမှန်တရားနှင့်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာကို သိပြီးနောက် စိတ်လိုကိုယ်လျောက် အပြစ်ပြုကျင့်နေမည်ဆိုလျှင် အပြစ်ဖြေရာယဇ် ရှိတော့မည်မဟုတ်။’—ဟေဗြဲ ၆:၄–၆; ၂ ပေတရု ၂:၂၀–၂၂။
ယေရှုက ယုံကြည်ခြင်းကို ဆက်ထိန်းသိမ်းဖို့ အရေးကြီးကြောင်း ဥပမာသုံးပြီး ပြောခဲ့တယ်။ အဲဒီဥပမာမှာ သူ့ကိုယ်သူ စပျစ်ပင်နဲ့ခိုင်းနှိုင်းပြီး နောက်လိုက်တွေကိုတော့ စပျစ်ပင်ရဲ့အကိုင်းအခက်တွေနဲ့ ခိုင်းနှိုင်းခဲ့တယ်။ နောက်လိုက်တချို့ဟာ အသီး ဒါမှမဟုတ် လုပ်ရပ်အားဖြင့် ယေရှုကို ယုံကြည်ကြောင်းတင်ပြခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီလိုလုပ်ဆောင်ဖို့ ပျက်ကွက်တာကြောင့် အသီးမသီးနိုင်တဲ့အခက်လို “ထုတ်ပစ်ခြင်းကိုခံရ” ပြီး ကယ်တင်ခြင်းကို လက်လွတ်ဆုံးရှုံးသွားတယ်။ (ယောဟန် ၁၅:၁–၆) တမန်တော်ပေါလုလည်း ဆင်တူတဲ့ဥပမာသုံးပြီး ယုံကြည်ခြင်းဆက်မထိန်းသိမ်းတဲ့ ခရစ်ယာန်တွေဟာ “ချိုင်ပစ်ခြင်းကို ခံရလိမ့်မည်” လို့ပြောခဲ့တယ်။—ရောမ ၁၁:၁၇–၂၂။
ခရစ်ယာန်တွေကို “စောင့်နေကြလော့” လို့ မိန့်မှာထားတယ်။ (မဿဲ ၂၄:၄၂; ၂၅:၁၃) ဒါကြောင့် “မှောင်မိုက်နှင့်ဆိုင်သောအကျင့်များကို” ပြုကျင့်သူတွေ၊ ယေရှုမိန့်မှာခဲ့တဲ့အလုပ်တွေကို မလုပ်ဘဲ ဘုရားရေးရာဘက် အိပ်ပျော်နေတဲ့သူတွေကတော့ ကယ်တင်ခြင်းကို ဆုံးရှုံးသွားမှာပဲ။—ရောမ ၁၃:၁၁–၁၃; ဗျာဒိတ် ၃:၁–၃။
ကယ်တင်ခြင်းရထားသူတွေဟာ အဆုံးထိ သစ္စာရှိရမယ်၊ ခံနိုင်ရည်ရှိရမယ်လို့ ကျမ်းချက်များစွာမှာ ဖော်ပြတယ်။ (မဿဲ ၂၄:၁၃; ဟေဗြဲ ၁၀:၃၆; ၁၂:၂၊ ၃; ဗျာဒိတ် ၂:၁၀) ပထမရာစုခရစ်ယာန်တွေဟာ ယုံကြည်သူချင်းတွေရဲ့ ခံနိုင်ရည်နဲ့ ယုံကြည်ခြင်းကိုတွေ့တဲ့အခါ ဝမ်းမြောက်ခဲ့ကြတယ်။ (၁ သက်သာလောနိတ် ၁:၂၊ ၃; ၃ ယောဟန် ၃၊ ၄) ခံနိုင်ရည်မရှိသူတွေလည်း ကယ်တင်ခံရမယ်ဆိုရင် ကျမ်းစာက ခံနိုင်ရည်ရှိဖို့၊ သစ္စာရှိဖို့ တောင်းဆိုတာ ယုတ္တိရှိပါ့မလား။
တမန်တော်ပေါလုဟာ သေဆုံးခါနီးအချိန်ကျမှ ကယ်တင်ခြင်းရဖို့ သေချာပြီလို့ ခံစားခဲ့ရတယ်။ (၂ တိမောသေ ၄:၆–၈) သွေးသားဆန္ဒနောက် လိုက်မယ်ဆိုရင် ကယ်တင်ခြင်းဆုံးရှုံးသွားနိုင်မှန်း သူ့အသက်တာအစောပိုင်းမှာ အသိအမှတ်ပြုခဲ့တယ်။ ဒါကြောင့် “သူတစ်ပါးကိုဟောပြောပြီးမှ ကိုယ်တိုင်ငြင်းပယ်ခြင်း မခံရမည်အကြောင်း ငါ၏ခန္ဓာကိုယ်ကို ထိုးနှက်၍ ကျွန်ဖြစ်စေ၏” လို့ပြောခဲ့တယ်။—၁ ကောရိန္သု ၉:၂၇; ဖိလိပ္ပိ ၃:၁၂–၁၄။