မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁

အိမ်ထောင်သာယာဖို့ ဘုရားကို အားကိုးပါ

အိမ်ထောင်သာယာဖို့ ဘုရားကို အားကိုးပါ

‘အစအဦးမှာ ဖန်ဆင်းရှင်​က ယောက်ျားနဲ့​မိန်းမကို ဖန်ဆင်းခဲ့တယ်။’ —မဿဲ ၁၉:၄

ယေဟော​ဝါ * ဘုရားက အိမ်ထောင်မင်္ဂလာ​ကို အစပြု​ပေးတဲ့​အရှင် ဖြစ်ပါတယ်။ ပထမဆုံး​လူ​မိန်းမ​ဖြစ်တဲ့ ဧဝကို ဖန်ဆင်း​ပြီးနောက် “လူရှိရာ​ဆီ” ခေါ်သွား​ပေးတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီအခါ လူယောက်ျား​ဖြစ်တဲ့ အာဒံ​ဟာ ပျော်​လွန်း​လို့ “ဒါမှ ငါ့​အရိုး​ထဲ​က​အရိုး၊ ငါ့​အသား​ထဲ​က အသား​ပဲ” လို့ ပြောခဲ့တယ်။ (ကမ္ဘာဦး ၂:၂၂၊ ၂၃) ယေဟော​ဝါ​ဘုရားက အခု​ချိန်​ထိ​လ​ည်း အိမ်ထောင်သည်​တွေ​ကို ပျော်ရွှင်​ကြည်နူး​စေချင်တယ်။

အိမ်ထောင်ပြု​တဲ့အခါ အစစအရာရာ ပြီးပြည့်စုံ​သွား​ပြီလို့ သင် ယူဆ​ပါလိမ့်မယ်။ လက်တွေ့​မှာ​တော့ မေတ္တာ​စစ်၊ မေတ္တာ​မှန်​နဲ့ ချစ်ကြိုက်​ပြီး အိမ်ထောင်ပြု​ခဲ့​သူတွေတောင် ပြဿနာတွေ ကြုံရတယ်။ (၁ ကောရိန္သု ၇:၂၈) ဒီ​စာစောင်မှာ မိသားစု​ပျော်ရွှင်​စေမယ့် ကျမ်းစာ​လမ်းညွှန်ချက်တွေကို တွေ့ရ​ပါလိမ့်မယ်။ အဲဒီ​လမ်းညွှန်ချက်တွေကို ကျင့်သုံး​မယ်​ဆိုရင် သင့်ရဲ့​အိမ်ထောင်​မှာ၊ မိသားစုမှာ ပျော်ရွှင်မှု ခံစားရ​ပါလိမ့်မယ်။—ဆာလံ ၁၉:၈-၁၁

၁ ယေဟော​ဝါ​ဘုရား​ပေးထားတဲ့ သင့်ရဲ့​တာဝန်ကို လက်ခံ​ပါ

ကျမ်းစာပြောဆိုရာ– အိမ်ထောင်ဦးစီး​ဟာ ခင်ပွန်း​ဖြစ်တယ်။—ဧဖက် ၅:၂၃

သင်ဟာ ခင်ပွန်း​ဖြစ်တယ်​ဆိုရင် ဇနီးကို သနားကြင်နာမှု​နဲ့ ဂရုစိုက်​စောင့်ရှောက်​ဖို့ ယေဟော​ဝါ​ဘုရား တောင်းဆို​ထားတယ်။ (၁ ပေတရု ၃:၇) သင့်ရဲ့​ဘဝလက်တွဲဖော်​အဖြစ် ဇနီးသည်ကို ယေဟော​ဝါ​ဘုရား ပေး​ထားတာ​ဖြစ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့​ဇနီးကို ဂုဏ်တင်​ဖို့၊ မေတ္တာနဲ့ ပြုမူဆက်ဆံ​ဖို့ ဘုရား​အလိုရှိတယ်။ (ကမ္ဘာဦး ၂:၁၈) ကိုယ့်ဇနီး​ကို အလွန်​ချစ်မြတ်နိုး​ရမယ်။ ကိုယ့်​အကျိုး​ထက် ဇနီးရဲ့​အကျိုးကို ဦးစားပေးရမယ်။—ဧဖက် ၅:၂၅-၂၉

သင်ဟာ ဇနီး​ဖြစ်တယ်​ဆိုရင် ခင်ပွန်းကို အလွန်​ရိုသေ​ဖို့၊ သူ့ရဲ့​တာဝန်ကို ထမ်းဆောင်​နိုင်အောင် ကူညီပေးဖို့ ယေဟော​ဝါ​ဘုရား တောင်းဆို​ထားတယ်။ (၁ ကောရိန္သု ၁၁:၃။ ဧဖက် ၅:၃၃) ဒါကြောင့် ခင်ပွန်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံ​ပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်​ရမယ်။ (ကောလောသဲ ၃:၁၈) အဲဒီလို​ဆိုရင် ခင်ပွန်း​ရှေ့မှာရော ယေဟော​ဝါ​ဘုရား​ရှေ့​မှာပါ သင်ဟာ အဖိုးထိုက်သူ ဖြစ်ပါလိမ့်မယ်။—၁ ပေတရု ၃:၁-၆

သင်​လုပ်ဆောင်​နိုင်ရာ

  • ခင်ပွန်းကောင်း ဒါမှမဟုတ် ဇနီးကောင်း ဘယ်လို​ဖြစ်နိုင်မလဲ​ဆိုတာ ကိုယ့်​အိမ်ထောင်ဖက်​ကို မေးကြည့်ပါ။ သူ​ပြောတာကို သေချာ​နားထောင်ပြီး အဲဒီအတိုင်း​လုပ်ဖို့ ကြိုးစားပါ

  • စိတ်ရှည်​ပါ။ ကိုယ့်​အိမ်ထောင်ဖက် ပျော်​အောင် ဘယ်လိုလုပ်​ရမလဲ​ဆိုတာ သိဖို့ အချိန်​လိုပါလိမ့်မယ်

၂ အိမ်ထောင်ဖက်​ရဲ့ ခံစားချက်တွေကို ဂရုစိုက်​ပေးပါ

ကျမ်းစာပြောဆိုရာ– ကိုယ့်​အိမ်ထောင်ဖက်​ရဲ့ အရေးကိစ္စကို ဂရုစိုက်​ပေးဖို့​လိုတယ်။ (ဖိလိပ္ပိ ၂:၃၊ ၄) ကိုယ့်​အိမ်ထောင်ဖက်​ကို တန်ဖိုး​ထားပါ။ “လူအားလုံးနဲ့ ပြောဆို​ဆက်ဆံ​တဲ့အခါ သိမ်မွေ့တဲ့သူ” ဖြစ်​ပါလို့ ယေဟော​ဝါ​ဘုရား​တောင်းဆို​ထားတဲ့ အချက်ကို သတိရပါ။ (၂ တိမောသေ ၂:၂၄) “မစဉ်းစားဘဲ​ပြောတဲ့ စကားဟာ ဓားနဲ့​ထိုးသလိုပဲ။ ဉာဏ်ပညာ​ရှိသူရဲ့ စကားကတော့ ဒဏ်ရာကို​တောင် ပျောက်ကင်း​စေတယ်” လို့ ကျမ်းစာက​ဆိုတယ်။ ဒါကြောင့် သေချာ​စဉ်းစားပြီးမှ ပြောဆိုပါ။ (ပညာအလိမ္မာ ၁၂:၁၈) ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာ ပြောဆို​တတ်ဖို့ ယေဟော​ဝါ​ဘုရားရဲ့ စွမ်းအားတော်​က သင့်ကို ကူညီ​ပေးပါလိမ့်မယ်။—ဂလာတိ ၅:၂၂၊ ၂၃။ ကောလောသဲ ၄:၆

သင်​လုပ်ဆောင်​နိုင်ရာ

  • အရေးကြီး​ကိစ္စတွေကို အိမ်ထောင်ဖက်​နဲ့ မဆွေးနွေး​ခင် စိတ်တည်ငြိမ်​ဖို့၊ သဘောထားကြီး​ဖို့ ဆုတောင်း​ပါ

  • ဘာ​ပြောမလဲ၊ ဘယ်လို​ပြောမလဲ​ဆိုတာ သေချာ​စဉ်းစားထားပါ

၃ ပူးပေါင်းလုပ်ဆောင်​ဖို့ စဉ်းစားပါ

ကျမ်းစာပြောဆိုရာ– သင်ဟာ အိမ်ထောင်ပြု​လိုက်ပြီ​ဆိုရင် သင့်​အိမ်ထောင်ဖက်​နဲ့ “တစ်သားတစ်ကိုယ်တည်း” ဖြစ်​သွားပြီ။ (မဿဲ ၁၉:၅) ဒါပေမဲ့ သင်တို့​နှစ်ဦး​ဟာ​ သီးခြား​ပုဂ္ဂိုလ်တွေ ဖြစ်နေတဲ့​အတွက် အမြင်ချင်း​လ​ည်း တူ​ကြ​မှာ​မဟုတ်ဘူး။ ဒါကြောင့်​ သင်တို့​ရဲ့ တွေးခေါ်ပုံတွေ၊ ခံစားချက်တွေ တစ်ထပ်တည်း​ကျ​အောင် ကြိုးစား​ဖို့​လိုတယ်။ (ဖိလိပ္ပိ ၂:၂) သင်တို့​နှစ်ယောက် စည်းလုံးမှု​ရှိ​မှ​သာ ဆုံးဖြတ်ချက်တွေကို တညီ​တညွတ်တည်း ချ​နိုင်မှာ​ဖြစ်တယ်။ “တိုင်ပင်​ဆွေးနွေးရင် အစီအစဉ်တွေ အောင်မြင်လိမ့်မယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ပညာအလိမ္မာ ၂၀:၁၈) ကျမ်းစာ​လမ်းညွှန်ချက်တွေကို လက်ခံ​ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို နှစ်ယောက်​အတူတူ ချ​နိုင်​ကြပါစေ။—ပညာအလိမ္မာ ၈:၃၂၊ ၃၃

သင်​လုပ်ဆောင်​နိုင်ရာ

  • ကိုယ့်​အိမ်ထောင်ဖက်​ကို ပြဿနာတွေ၊ ယူဆ​ချက်​တွေ​လောက်​ပဲ မပြောပါနဲ့။ ကိုယ့်​ခံစားချက်တွေ​ကိုလည်း ပြောပြပါ

  • ဆုံးဖြတ်ချက်​တွေ​မချခင် ကိုယ့်​အိမ်ထောင်ဖက်​နဲ့ တိုင်ပင်​ပါ

^ စာပိုဒ်၊ 4 ဘုရားသခင်ရဲ့ နာမည်ဟာ ယေဟော​ဝါ​ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။