မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | သမ္မာကျမ်းစာ ရှင်သန်တည်တံ့ခဲ့ပုံ

ဆွေးမြည့်ပျက်စီးမှုမရှိဘဲ ရှင်သန်တည်တံ့ခဲ့တဲ့ ကျမ်းစာ

ဆွေးမြည့်ပျက်စီးမှုမရှိဘဲ ရှင်သန်တည်တံ့ခဲ့တဲ့ ကျမ်းစာ

အန္တရာယ်– အများအားဖြင့် ကျမ်းရေးသူတွေနဲ့ ကျမ်းကူးသူတွေဟာ ကျူရွက်တွေ၊ သားရေတွေပေါ်မှာ ရေးသားခဲ့ကြတယ်။ * (၂ တိမောသေ ၄:၁၃) အဲဒီပစ္စည်းတွေက ကျမ်းစာရှင်သန်တည်တံ့မှုအတွက် ဘာကြောင့် အန္တရာယ်ရှိတာလဲ။

ကျူရွက်တွေဟာ အလွယ်တကူ စုတ်ပြဲပြီး အရောင်ပြောင်းသွားနိုင်တယ်၊ အကြမ်းမခံဘူး။ “ကျူရွက်တစ်ရွက် ဆွေးသွားပြီဆိုရင် အရွက်ကြောတွေ၊ အမှုန့်တွေပဲ ကျန်ရစ်ခဲ့တယ်။ ကျူစာလိပ်ကို သိမ်းဆည်းတဲ့အခါ မှိုတက်နိုင်တယ်၊ စိုထိုင်းမှုကြောင့် ပျက်စီးနိုင်တယ်၊ မြေမြှုပ်ထားမယ်ဆိုရင် ကြွက်၊ အင်းဆက်၊ အထူးသဖြင့် ခြစားသွားနိုင်တယ်” လို့ အီဂျစ်ရှေးဟောင်းစာပေ၊ ယဥ်ကျေးမှု လေ့လာသူ ရစ်ချက်ဒ် ပါကင်ဆန်နဲ့ စတီဗင် ကွာကီတို့ ပြောပြတယ်။ ရှာဖွေတွေ့ရှိတဲ့ ကျူစာတချို့ကို အလင်းရောင် တအားများတဲ့နေရာ၊ စိုထိုင်းတဲ့နေရာမှာထားတဲ့အခါ မြန်မြန်ပျက်စီးသွားတာကို တွေ့ရတယ်။

သားရေက ကျူရွက်ထက် ပိုတာရှည်ခံပေမဲ့ ပစ်စလက်ခတ်ထားမယ်၊ အပူချိန်၊ စိုထိုင်းစနဲ့ အလင်းရောင် တအားများတဲ့နေရာမှာ ထားမယ်ဆိုရင် သားရေလည်း ပျက်စီးနိုင်တယ်။ * သားရေကို အင်းဆက်တွေ သိပ်ကြိုက်တယ်။ ဒါကြောင့် “ရှေးဟောင်းစာပေတွေကို မပျက်စီးဘဲတွေ့ရတာ သိပ်ရှားတယ်” ဆိုပြီး စာအုပ်တစ်အုပ်က (Everyday Writing in the Graeco-Roman East) ပြောတယ်။ တကယ်လို့ ကျမ်းစာသာ ဆွေးမြည့်ပျက်စီးသွားရင် အထဲမှာပါတဲ့ သတင်းတရားလည်း ပျောက်ကွယ်သွားမှာပဲ။

ကျမ်းစာ ရှင်သန်တည်တံ့လာခဲ့ပုံ– ဂျူးပညတ်အရ ဘုရင်တိုင်းဟာ ဦးဆုံးကျမ်းငါးစောင်ဖြစ်တဲ့ ပညတ်ကျမ်းကို သူတို့ကိုယ်တိုင် “မိတ္တူရေးကူး” ရတယ်။ (တရားဟောရာ ၁၇:၁၈ခမ) ဒါ့အပြင် ကျွမ်းကျင်တဲ့ကျမ်းကူးသူတွေဟာ ကျမ်းစာကို လက်ရေးစာမူအများကြီး ကူးရေးခဲ့ကြတယ်။ ဒါကြောင့် အေဒီပထမရာစုမှာ ကျမ်းစာကို အစ္စရေးပြည်တစ်ဝန်းနဲ့ ဝေးလံတဲ့မက်ဆီဒိုးနီးယားမှာရှိတဲ့ တရားဇရပ်တွေမှာတောင် တွေ့ရတယ်။ (လုကာ ၄:၁၆၊ ၁၇; တမန်တော် ၁၇:၁၁) ရှေးဟောင်းလက်ရေးစာမူတချို့ဟာ ဒီနေ့အထိ ဘယ်လိုရှင်သန်တည်တံ့လာခဲ့တာလဲ။

ပင်လယ်သေကျမ်းလိပ်အဖြစ် လူသိများတဲ့ ရှေးလက်ရေးစာမူတွေကို ခြောက်သွေ့တဲ့ဒေသက ဂူတွေထဲမှာ မြေအိုးတွေထဲသိမ်းထားလို့ နှစ်ရာချီ မပျက်စီးဘဲရှိနေခဲ့

“ဂျူးတွေဟာ ကျမ်းလိပ်တွေ တာရှည်ခံအောင် ရေတကောင်းတွေ၊ မြေအိုးတွေထဲ ထည့်သိမ်းလေ့ရှိတယ်” လို့ ဓမ္မသစ်ကျမ်းပညာရှင် ဖိလစ် ဒဗလျူ ကွန်ဖော့တ် ပြောပြတယ်။ ခရစ်ယာန်တွေလည်း အဲဒီထုံးစံကို လိုက်ခဲ့ကြတယ်။ ဒါကြောင့် ရှေးဟောင်းကျမ်းလက်ရေးစာမူတချို့ကို မြေအိုးတွေ၊ အလင်းပိတ်ဗီရိုတွေ၊ ဂူတွေထဲမှာ တွေ့ရတာ။ တစ်ခါတလေ ခြောက်သွေ့တဲ့ဒေသတွေမှာလည်း တွေ့ရတယ်။

အကျိုးရလဒ်– ထောင်နဲ့ချီတဲ့ ကျမ်းလက်ရေးစာမူတွေဟာ ဒီနေ့ထိရှိနေဆဲပဲ။ တချို့ဆိုရင် အနှစ် ၂,၀၀၀ ကျော် သက်တမ်းရှိပြီ။ ဘယ်ရှေးဟောင်းစာပေမှာမှ ဒီလောက်များတဲ့ ရှေးလက်ရေးစာမူတွေ မတွေ့ရဘူး။

^ စာပိုဒ်၊ 3 ကျူရွက်ကို ရေမှာပေါက်တဲ့အပင်တစ်မျိုးကနေ ထုတ်တယ်။ သားရေကိုတော့ တိရစ္ဆာန်အရေခွံကနေ ရတယ်။

^ စာပိုဒ်၊ 5 ဥပမာ၊ အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးကြေညာစာတမ်း မူရင်းဟာ သားရေပေါ်မှာ ရေးသားထားတာ။ နှစ်ပေါင်း ၂၅၀ နီးပါးကြာပြီးနောက် အခုဆိုရင် အဲဒီသားရေစာဟာ ဖတ်ရခက်တဲ့အထိ မှေးမှိန်သွားတယ်။