မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြမ်းဖက်မှုကင်းတဲ့ကမ္ဘာ ဖြစ်လာနိုင်ပါ့မလား

အကြမ်းဖက်မှုကင်းတဲ့ကမ္ဘာ ဖြစ်လာနိုင်ပါ့မလား

သင်ကိုယ်တိုင်ဖြစ်ဖြစ်၊ သင့်မိသားစုဖြစ်ဖြစ် အကြမ်းဖက်ခံရဖူးသလား။ အကြမ်းဖက်ခံရမှာကို ကြောက်နေသလား။ အကြမ်းဖက်မှုကို “ကမ္ဘာတစ်ဝန်း လူတိုင်းကြုံနေရတဲ့ပြဿနာ” လို့ခေါ်ကြတယ်။ ဥပမာတချို့ကို လေ့လာကြည့်ပါ။

အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ဆိုင်ရာအကြမ်းဖက်မှု– “အမျိုးသမီးသုံးယောက်မှာ တစ်ယောက်ဟာ တစ်ချိန်မဟုတ်တစ်ချိန် အိမ်ထောင်ဖက်ရဲ့ ကာယပိုင်း ဒါမှမဟုတ် လိင်ပိုင်းအကြမ်းဖက်မှု ခံနေရတယ်” လို့ ကမ္ဘာ့ကုလသမဂ္ဂက ဆိုတယ်။ ဝမ်းနည်းစရာက “ကမ္ဘာတစ်ဝန်း အမျိုးသမီးငါးယောက်မှာ တစ်ယောက်ဟာ မုဒိမ်းကျင့်ခံရ ဒါမှမဟုတ် မုဒိမ်းကျင့်ဖို့ကြံစည်တာ ခံရတယ်လို့ ခန့်မှန်းထားတာပဲ။”

လမ်းပေါ် ရာဇဝတ်မှုကျူးလွန်ခြင်း– အမေရိကန်နိုင်ငံမှာ အကြမ်းဖက်ဂိုဏ်း ၃၀,၀၀၀ ကျော်က ရာဇဝတ်မှုကျူးလွန်နေတယ်လို့ သတင်းရရှိတယ်။ လက်တင်အမေရိကမှာ လူသုံးယောက်မှာတစ်ယောက်က ရာဇဝတ်မှုရဲ့သားကောင် ဖြစ်နေတယ်။

လူသတ်မှု– မကြာသေးခင် တစ်နှစ်အတွင်း လူပေါင်း သန်းတစ်ဝက်နီးပါး အသတ်ခံခဲ့ရပြီး အဲဒါက စစ်ပွဲတွေမှာ သေဆုံးခဲ့သူအရေအတွက်ထက် ပိုများကြောင်း ခန့်မှန်းချက်အရ သိရတယ်။ တောင်အာဖရိကနဲ့ ဗဟိုအမေရိကဟာ လူသတ်မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး တစ်ကမ္ဘာလုံးရဲ့ ပျမ်းမျှနှုန်းထက် လေးဆကျော်ပိုများတယ်။ တစ်နှစ်အတွင်း လက်တင်အမေရိကမှာ လူပေါင်း ၁၀၀,၀၀၀ ကျော်၊ ဘရာဇီးမှာ ၅၀,၀၀၀ လောက် အသတ်ခံခဲ့ရတယ်။ အကြမ်းဖက်မှု ပပျောက်ဖို့ ဖြေရှင်းနည်းရှိနိုင်ပါ့မလား။

အကြမ်းဖက်မှု ပပျောက်နိုင်မလား

အကြမ်းဖက်မှုတွေ ဘာကြောင့် ဒီလောက်များလာတာလဲ။ အကြောင်းရင်းတချို့ကတော့ လူမှုရေးနဲ့ စီးပွားရေး မမျှတမှုကြောင့် အခြေအနေတင်းမာလာတာ၊ သူတစ်ပါးအသက်ကို တန်ဖိုးမထားတာ၊ အရက်နဲ့မူးယစ်ဆေးဝါး တလွဲသုံးတာ၊ လူမဆန်သူတွေရဲ့ရန်ကနေ ကလေးတွေကို မကာကွယ်ပေးနိုင်တာ၊ ရက်စက်တဲ့ ရာဇဝတ်ကောင်တွေ ပြစ်ဒဏ်မခံရပုံပေါက်တာ စတာတွေဖြစ်တယ်။

ကမ္ဘာ့ဒေသတချို့မှာတော့ အကြမ်းဖက်မှုကို နှိမ်နှင်းနိုင်တာ မှန်ပါတယ်။ ဘရာဇီးနိုင်ငံက လူနေထူထပ်တဲ့ ဆောပိုလိုမြို့မှာ လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း လူသတ်မှု ၈၀ ရာခိုင်နှုန်း လျော့နည်းသွားတယ်လို့ သတင်းရရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီမြို့မှာ အကြမ်းဖက်မှုအမျိုးမျိုး ပျံ့နှံ့နေဆဲဖြစ်ပြီး မြို့သူမြို့သား ၁၀၀,၀၀၀ မှာ ၁၀ ယောက်လောက် အသတ်ခံနေရတုန်းပဲ။ ဒါဆိုရင် အကြမ်းဖက်မှု လုံးဝပပျောက်သွားအောင် ဘယ်လိုလုပ်ရမလဲ။

အကြမ်းဖက်မှု လုံးဝပပျောက်သွားဖို့အတွက် အကောင်းဆုံးဖြေရှင်းနည်းကတော့ လူတွေရဲ့ သဘောထားနဲ့ အပြုအမူပါပဲ။ အကြမ်းဖက်သူတွေအနေနဲ့ မာနကြီးတာ၊ လောဘကြီးတာ၊ အတ္တကြီးတာ စတဲ့အကျင့်ဆိုးတွေကို ပြောင်းလဲပြီး တခြားသူတွေကို ချစ်ဖို့၊ လေးစားဖို့၊ ကြင်နာမှုပြဖို့ လိုတယ်။

အဲဒီလိုကြီးကြီးမားမားပြောင်းလဲဖို့ လူတစ်ယောက်ကို ဘာကတွန်းအားပေးနိုင်သလဲ။ ကျမ်းစာပြောတာကို စဥ်းစားကြည့်ပါ–

  • “ဘုရားသခင်ကို ချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏။”—၁ ယောဟန် ၅:၃

  • “ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား ဒုစရိုက်ကိုမုန်းသောသဘောတည်း။”—သုတ္တံ ၈:၁၃

ဘုရားကိုချစ်တဲ့စိတ်၊ ကိုယ်တော်မနှစ်သက်မှာကို ကြောက်တဲ့စိတ်က တကယ့်ကိုပြင်းထန်တဲ့တွန်းအားပါပဲ။ အကြမ်းဖက်သူတွေရဲ့ဘဝကို ပြောင်းလဲသွားစေနိုင်တယ်။ အပေါ်ယံလောက်မဟုတ်ဘဲ သူတို့ရဲ့ပင်ကိုစရိုက်တစ်ခုလုံး ပြောင်းလဲသွားတဲ့အထိပဲ။ အဲဒါ တကယ်ဖြစ်နိုင်ပါ့မလား။

အဲလက်စ် *အကြောင်း လေ့လာကြည့်ပါ။ သူက ပြစ်မှုအမျိုးမျိုး ကျူးလွန်တာကြောင့် ဘရာဇီးနိုင်ငံမှာ ၁၉ နှစ် အကျဥ်းချခံခဲ့ရတယ်။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာပြီးနောက် ၂၀၀၀ ပြည့်နှစ်မှာ သက်သေခံဖြစ်လာတယ်။ ရက်စက်ကြမ်းတမ်းတဲ့ အပြုအမူတွေကို သူ တကယ်ပြောင်းလဲနိုင်ခဲ့သလား။ ပြောင်းလဲနိုင်ခဲ့တယ်။ အဲလက်စ်ဟာ သူလုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် နောင်တရလို့မဆုံးဘူး။ သူ ဒီလိုပြောတယ်– “ကျွန်တော့်အပြစ်တွေကို ဘုရား တကယ်ခွင့်လွှတ်တယ်ဆိုတဲ့ အသိစိတ်ကြောင့် ကိုယ်တော့်ကိုချစ်လာတယ်။ ယေဟောဝါဘုရားကို ချစ်တဲ့စိတ်၊ ကျေးဇူးတင်စိတ်က ပြောင်းလဲနိုင်ဖို့ ကူညီပေးခဲ့တယ်။”

ဘရာဇီးနိုင်ငံကပဲ ဆေဇာဆိုတဲ့အမျိုးသားဟာ ဖောက်ထွင်းမှု၊ လက်နက်ကိုင်လုယက်မှုတွေ ကျူးလွန်ခဲ့တယ်။ ၁၅ နှစ်လောက် အဲဒီလိုလုပ်ခဲ့တယ်။ သူ့ကို ဘာက ပြောင်းလဲသွားစေသလဲ။ သူလည်း ထောင်ကျနေတုန်း ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်မိပြီး ကျမ်းစာလေ့လာခဲ့တယ်။ သူ အခုလိုပြောတယ်– “အခုမှ ဘဝရည်ရွယ်ချက်ကို စတွေ့တာ။ ဘုရားကို ချစ်တတ်လာတယ်။ ကြောက်တတ်လာတယ်။ ကြောက်တယ်ဆိုတာ မကောင်းတာတွေ ပြန်လုပ်ပြီး ယေဟောဝါဘုရား ဝမ်းနည်းအောင်လုပ်မိမှာကို စိုးရိမ်တဲ့စိတ်ပါ။ ကိုယ်တော် ကြင်နာမှုပြတာကို ကျေးဇူးမကန်းချင်ဘူး။ အဲဒီလိုချစ်တဲ့စိတ်နဲ့ ကြောက်တဲ့စိတ်က ပြောင်းလဲအောင် တွန်းအားပေးခဲ့တာ။”

အကြမ်းဖက်မှုကင်းတဲ့ကမ္ဘာမှာ နေထိုင်နိုင်ဖို့ ဘာလုပ်ရမယ်ဆိုတာ သင်ယူပါ

ဒီအဖြစ်အပျက်တွေကနေ ဘာသိရသလဲ။ သမ္မာကျမ်းစာဟာ လူတွေရဲ့ ဘဝနဲ့ စဥ်းစားတွေးခေါ်ပုံကို လုံးလုံးပြောင်းလဲစေနိုင်စွမ်း ရှိတယ်ဆိုတာပဲ။ (ဧဖက် ၄:၂၃) အခုန အဲလက်စ်ဆိုတဲ့အမျိုးသား ဒီလိုဆက်ပြောတယ်– “ကျမ်းစာကနေ သိလာတဲ့အရာတွေဟာ ကျွန်တော့်အပေါ် ရေသန့်လောင်းချလိုက်သလိုပဲ။ မကောင်းတဲ့အတွေးတွေကို သန့်စင်ပေးပြီး တဖြည်းဖြည်း သန့်ရှင်းလာစေတယ်။ မကောင်းတဲ့အတွေးတွေကို ဖယ်ရှားပစ်နိုင်မယ်လို့ လုံးဝထင်မထားခဲ့ဘူး။” မှန်ပါတယ်၊ ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ကျမ်းစာထဲက သန့်ရှင်းတဲ့သတင်းစကား အပြည့်ဖြည့်ထားမယ်ဆိုရင် မကောင်းမှုတွေကို ဖယ်ရှားနိုင်၊ သန့်စင်နိုင်ပါတယ်။ ဘုရားရဲ့တရားစကားဟာ သန့်စင်ပေးနိုင်စွမ်းရှိတယ်။ (ဧဖက် ၅:၂၆) ဒါကြောင့်လည်း ရက်စက်တဲ့၊ အတ္တကြီးတဲ့ လူတွေဟာ ဘဝလမ်းစဥ်ကို ပြောင်းလဲနိုင်ခဲ့ပြီး ကြင်နာတတ်တဲ့၊ သင့်သင့်မြတ်မြတ်နေတတ်တဲ့လူတွေ ဖြစ်လာတာပေါ့။ (ရောမ ၁၂:၁၈) ကျမ်းစာလမ်းညွှန်ချက်တွေကို လက်တွေ့ကျင့်သုံးတဲ့အတွက် သူတို့ဘဝမှာ ငြိမ်သက်မှုခံစားနေရတယ်။—ဟေရှာယ ၄၈:၁၈

နိုင်ငံပေါင်း ၂၄၀ မှာရှိတဲ့ ယေဟောဝါသက်သေ ရှစ်သန်းကျော်ဟာ အကြမ်းဖက်မှု လုံးဝပပျောက်စေမယ့် အဓိကအချက်ကို သိထားကြတယ်။ လူမျိုး၊ နောက်ခံ၊ အဆင့်အတန်းအမျိုးမျိုးက လူတွေဟာ ဘုရားကိုချစ်တတ်၊ ကြောက်တတ်လာတဲ့အပြင် လူလူချင်းကိုလည်း ချစ်တတ်လာတယ်။ ကမ္ဘာချီမိသားစုအဖြစ် ငြိမ်သက်အေးချမ်းစွာ နေထိုင်တတ်လာတယ်။ (၁ ပေတရု ၄:၈) အကြမ်းဖက်မှုကင်းတဲ့ကမ္ဘာ ဖြစ်နိုင်တယ်ဆိုတာကို သူတို့သက်သေထူနေပါတယ်။

အကြမ်းဖက်မှုကင်းတဲ့ကမ္ဘာ နီးပြီ

မကြာခင် ဘုရားသခင်က အကြမ်းဖက်မှုတွေကို ဖယ်ရှားတော့မယ်ဆိုပြီး ကျမ်းစာကတိပေးတယ်။ အကြမ်းဖက်မှုပြည့်နေတဲ့ ဒီကမ္ဘာကြီးဟာ “ဘုရားတရားမဲ့သူတို့ကို ဖျက်ဆီးမည့် တရားစီရင်ရာနေ့” မှာ တရားစီရင်ခံရပါလိမ့်မယ်။ (၂ ပေတရု ၃:၅-၇) အကြမ်းဖက်မှုကြောင့် လူတွေ ဒုက္ခရောက်တော့မှာ မဟုတ်ဘူး။ အကြမ်းဖက်မှုကို ဖယ်ရှားပစ်ဖို့ ဘုရားသခင် ကြားဝင်လုပ်ဆောင်ပေးမယ်ဆိုတာ ဘာကြောင့်စိတ်ချနိုင်သလဲ။

ဘုရားက ‘အကြမ်းဖက်မှုနှစ်သက်သူကို မုန်းတယ်’ လို့ ကျမ်းစာပြောတယ်။ (ဆာလံ ၁၁:၅ကဘ) ဖန်ဆင်းရှင်ဘုရားက ငြိမ်သက်မှုနဲ့ တရားမျှတမှုကို မြတ်နိုးတယ်။ (ဆာလံ ၃၃:၅; ၃၇:၂၈) ဒါကြောင့် အကြမ်းဖက်သူတွေကို အမြဲသည်းခံခွင့်ပြုထားမှာ မဟုတ်ဘူး။

မှန်ပါတယ်၊ ငြိမ်းချမ်းတဲ့ကမ္ဘာသစ် ရောက်လာပါတော့မယ်။ (ဆာလံ ၃၇:၁၁; ၇၂:၁၄) အကြမ်းဖက်မှုကင်းတဲ့ကမ္ဘာမှာ နေထိုင်နိုင်ဖို့ ဘာလုပ်ရမယ်ဆိုတာ သင်ယူလေ့လာကြည့်ပါ။

^ စာပိုဒ်၊ 14 နာမည်တွေ ပြောင်းထားတယ်။