မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝမ်းနည်းပူဆွေးသူများအတွက် အကူအညီ

ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ဖြေရှင်းခြင်း—ယခု လုပ်ဆောင်နိုင်ရာ

ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ဖြေရှင်းခြင်း—ယခု လုပ်ဆောင်နိုင်ရာ

ဝမ်းနည်းပူဆွေးမှု​ကို ဖြေရှင်းဖို့ အကြံပြုချက်​တွေ ရှာမယ်ဆိုရင် အယူအဆ​များစွာ တွေ့ရမယ်။ တချို့​အကြံပြုချက်တွေက ပို​ကောင်း​တတ်တယ်။ အကြောင်း​ကတော့ အစောပိုင်းမှာ ဖော်ပြခဲ့​သလိုပဲ ဝမ်းနည်းပူဆွေး​ပုံ​ချင်း မတူကြလို့ပါပဲ။ တစ်ယောက်​အတွက်​ လက်တွေ့ကျ​ပေမဲ့ နောက်​တစ်ယောက်​အတွက်​ လက်တွေ့ကျချင်မှ​ကျပါမယ်။

ဒါပေမဲ့​ အများစု​အတွက်​ လက်တွေ့ကျတဲ့ အခြေ​ခံ​လမ်း​ညွှန်​ချက်​တချို့​ ရှိပါတယ်။ ဝမ်းနည်းပူဆွေးမှု​ဆိုင်ရာ အကြံပေး​ပုဂ္ဂိုလ်​တွေ မကြာခဏ ကိုးကားလေ့​ရှိတဲ့၊ ဒီနေ့​အထိ အသုံးဝင်​နေဆဲ အခြေခံ​မူတွေကို ရှေးကျ​တဲ့ ပညာရှိ​ကျမ်းဂန် သမ္မာကျမ်းစာမှာ တွေ့ရတယ်။

၁ မိသား​စုနဲ့ မိတ်ဆွေများရဲ့ အကူအညီကို လက်ခံပါ

  • ပူဆွေး​သောက ရောက်နေ​ချိန်မှာ အကူအညီ ရယူဖို့ အရေး​ကြီးဆုံးပဲလို့ ကျွမ်းကျင်သူ​တချို့​ ယူဆ​ကြတယ်။ ဒါပေမဲ့​ တစ်ယောက်တည်း​ နေချင်​တဲ့အခါ​တွေ ရှိ​နိုင်တယ်။ ကူညီ​ပေးဖို့ ကြိုးစားတဲ့​သူတွေကို စိတ်​အနှောင့်အယှက် ဖြစ်မိ​တဲ့အခါ​မျိုး ရှိ​နိုင်တယ်။ ဒါဟာ မထူးဆန်း​ပါဘူး။

  • လူ​တော​ထဲ အမြဲ​နေရမယ်​လို့ မယူဆ​ပါနဲ့။ ဒါပေမဲ့​ လူတွေနဲ့ လုံးဝ ကင်းကွာ​မနေ​သင့်​ဘူး။ နောင်တစ်ချိန်မှာ သူတို့ရဲ့ အကူအညီ လိုအပ်​လာနိုင်တယ်။ လောလောဆယ် ကိုယ်​ဖြစ်ချင်​တာ၊ မဖြစ်ချင်​တာ​ကို ပြောပြပါ။

  • လူ​တော​ထဲ နေတဲ့​အချိန်​နဲ့ တစ်ယောက်တည်း နေတဲ့​အချိန်​ ဟန်ချက်ညီပါ။

အခြေခံ​မူ။ “လူတစ်ယောက်​ထက် နှစ်ယောက်​က ပို​ကောင်းတယ်။ . . . တစ်ယောက် လဲ​ရင် ကျန်တဲ့​တစ်ယောက်က ပြန်ထူ​ပေးလိမ့်မယ်။”—ဒေသနာ ၄:၉၊ ၁၀

၂ အာဟာရ​ရှိ​ရှိ စားပါ။ ကိုယ်လက်​လှုပ်ရှားပါ

  • သင့်တင့်​မျှတ​စွာ စားခြင်းက ဝမ်းနည်းပူဆွေးမှု​ကြောင့် ဖြစ်ပေါ်​တဲ့ စိတ်​ဖိစီးမှုကို ပြေလျော့​စေတယ်။ သစ်သီးဝလံတွေ၊ အသီး​အရွက်​တွေ၊ အဆီ​နည်း​တဲ့ အသား​ဓာတ်​တွေ စားပါ။

  • ရေ​များများ​သောက်ပါ။ ကျန်းမာရေး​နဲ့​ညီညွတ်​တဲ့ ဖျော်ရည်တွေ သောက်ပါ။

  • ခံတွင်း ပျက်​နေရင် နည်းနည်းနဲ့ မကြာမကြာ စား​ပေးပါ။ အာဟာရ​ဖြည့်စွက်စာ​တွေ​အကြောင်း​ ဆရာဝန်​ကို မေးကြည့်ပါ။ *

  • ခပ်သွက်သွက် လမ်းလျှောက်ခြင်း​နဲ့ တခြား​ကိုယ်လက်​လှုပ်ရှားမှု​တွေ​က အပျက်သဘော ခံစား​ချက်တွေကို ပြေလျော့​စေနိုင်တယ်။ လေ့ကျင့်ခန်း​လုပ်ခြင်းက ဆုံးရှုံးမှု​ကို စဉ်းစားဖို့ အချိန်​ရစေတယ်။ မတွေးမိအောင်လည်း ကူညီ​ပေး​နိုင်တယ်။

အခြေခံ​မူ။ “အဘယ်သူမျှ မိမိ​ကိုယ်ခန္ဓာ​ကို မုန်းသည်ဟူ၍ မရှိ​။ မုန်း​မည့်​အစား သူသည် မိမိ​ကိုယ်ကို ကျွေးမွေး​ပြုစု​၏။”—ဧဖက် ၅:၂၉ခေတ်သုံး​မြန်မာ သမ္မာကျမ်း။

၃ အိပ်ရေး ဝဝအိပ်ပါ

  • ပူဆွေး​သောက ရောက်နေ​သူတွေဟာ ပင်ပန်း​နွမ်းလျ​နိုင်တဲ့​အတွက် အိပ်ရေးဝ​ဖို့ အထူး​အရေး​ကြီးတယ်။

  • ကဖိန်းနဲ့ အရက် များများ သုံးဆောင်​တာ​ကို ရှောင်ပါ။ နှစ်မျိုးစလုံးက အိပ်ရေး ပျက်​စေ နိုင်တယ်။

အခြေခံ​မူ။ “လက်တစ်ဆုပ်​စာ အနားယူ​ရတာဟာ လက်နှစ်ဆုပ်စာ တ​ပင်​တ​ပန်း လုပ်ဆောင်​ပြီး လေကို​ဖမ်းဆုပ်​ဖို့ အားထုတ်​နေတာ​ထက် ပို​ကောင်းတယ်။”—ဒေသနာ ၄:၆

၄ ပြောင်းသာလဲသာ​ရှိပါ

  • ဝမ်းနည်းပူဆွေး​ပုံ တစ်ယောက်နဲ့ တစ်ယောက် မတူ​ကြောင်း အသိအမှတ်​ပြုပါ။ ကိုယ့်​အတွက်​ အကောင်းဆုံး​နည်းကို ဆုံးဖြတ်​ရမယ်။

  • တချို့​က ဝမ်းနည်းပူဆွေးမှု​ကို ရင်ဖွင့်​ပြောတာ အကျိုး​ရှိတယ်လို့ ဆိုကြတယ်။ တချို့​ကျတော့ မျိုသိပ်​ထား​ တတ်ကြတယ်။ ဝမ်းနည်းပူဆွေးမှု​ကို ရင်ဆိုင်​ဖြေရှင်း​ရာ​မှာ ရင်ဖွင့်​ပြောဆိုတာ အရေး​ကြီး​မကြီး​နဲ့​ပတ်သက်လို့ အမျိုးမျိုး ယူဆ​ကြတယ်။ တစ်ယောက်ယောက်ကို ရင်ဖွင့်​ပြောချင်ပေမဲ့ မပြောရဲဘူး​ဆိုရင် ရင်းနှီးတဲ့​မိတ်ဆွေ​တစ်ယောက်ကို နည်းနည်းလောက် ပြောပြ​ကြည့်ပါ။

  • တချို့​အတွက်​ ငိုချ​လိုက်တာ​က ဝမ်းနည်းပူဆွေးမှု​ကို သက်သာ​စေတယ်။ တချို့​ကျတော့ မ​ငို​တတ်ကြဘူး။

အခြေခံ​မူ။ “ကိုယ့်​စိတ်ဒုက္ခ​ကို ကိုယ်​ပဲ သိတယ်။”—ပညာအလိမ္မာ ၁၄:၁၀

၅ ကိုယ့်ကိုယ်ကိုယ် ထိခိုက်​စေတဲ့​အကျင့်​တွေကို ရှောင်ပါ

  • ပူဆွေး​သောက ရောက်နေ​သူတချို့​က အရက်၊ မူးယစ်​ဆေးဝါးတွေ​နဲ့ နာကျင်မှုကို ဖြေဖျောက်​ကြတယ်။ ဒီလို “ထွက်ပေါက်” ရှာ​ခြင်းက ကိုယ့်ကိုယ်ကိုယ် ထိခိုက်​ နစ်နာ​စေတယ်။ ခဏ​တော့ စိတ်သက်သာရာ​ရတယ်လို့ ထင်ရပေမဲ့ ကြီးမားတဲ့​ဆိုးကျိုး​တွေ​ပဲ ဖြစ်ပေါ်စေနိုင်တယ်။ ပူ​ပင်​သောကတွေ​ကို အန္တရာယ်​ကင်းတဲ့​ နည်းတွေနဲ့ ဖြေဖျောက်ပါ။

အခြေခံ​မူ။ “ကိုယ်​စိတ်​နှစ်ပါး​ကို ညစ်ညူး​စေတဲ့​အရာ ရှိသမျှနဲ့ ကင်းစင်​နေကြစို့။”—၂ ကောရိန္သု ၇:၁

၆ အချိန်​ကို မျှမျှတတ​သုံးပါ

  • တစ်ချိန်လုံး ဝမ်းနည်းပူဆွေး​မနေ​ဘဲ စိတ်ပြေလက်ပျောက် ဖြစ်​စေမယ့်​အရာတွေကို မကြာခဏ လုပ်ဆောင်ပါ။

  • မိတ်ဖွဲ့ခြင်း၊ ခင်မင်​ရင်းနှီးမှု တိုးပွား​စေခြင်း၊ အတတ်ပညာ​သစ် သင်ယူခြင်း၊ အပန်းဖြေ​ခြင်းတို့​ကနေ ခေတ္တ စိတ်​သက်သာရာရ​နိုင်ပါတယ်။

  • တဖြည်းဖြည်းနဲ့ ပုံမှန် ဖြစ်လာနိုင်တယ်။ စိတ်ပြေလက်ပျောက် ဖြစ်​စေမယ့်​အရာတွေကို လုပ်​ရင်း​လုပ်​ရင်း​နဲ့ နဂို အခြေအနေ တဖြည်းဖြည်း ပြန်​ရောက်လာ​နိုင်တယ်။

အခြေခံ​မူ။ “အရာအားလုံး​အတွက်​ အချိန်​အခါ​ဆိုတာ ရှိတယ်။ . . . ငိုရ​တဲ့အချိန် နဲ့ ရယ်ရတဲ့​အချိန်​ ရှိတယ်။ မြည်တမ်း​တဲ့အချိန်​နဲ့ ကခုန်​တဲ့အချိန်​ ရှိတယ်။”—ဒေသနာ ၃:၁၊ ၄

၇ လုပ်စရာ​ရှိတာ ဆက်လုပ်​သွားပါ

  • နေ့စဉ် လုပ်ငန်း​ဆောင်​တာတွေကို အမြန်ဆုံး ပြန်​စပါ။

  • အိပ်ချိန်၊ အလုပ်ချိန်၊ တခြား​လုပ်ဆောင်မှုတွေကို ပုံမှန် လုပ်ဆောင်​ရင် နဂို​အခြေအနေ ပြန်​ရောက်လာ​နိုင်တယ်။

  • အကျိုးပြုတဲ့ လုပ်ဆောင်မှုတွေမှာ အလုပ်များ​နေရင် စိတ်​နာကျင်မှု လျော့ပါး​လာနိုင်တယ်။

အခြေခံ​မူ။ “ဘုရား​သခင်​က လူ့​စိတ်ထဲမှာ ပျော်ရွှင်စရာတွေကိုပဲ စွဲလမ်း​နေ​စေတယ်။ ဒါကြောင့်​ လူဟာ သက်တမ်း​တို​လေး​အတွင်းမှာ ကြုံတွေ့​ရတဲ့ အခက်အခဲတွေကို သတိ​မထား​မိ​တော့​ဘူး။”—ဒေသနာ ၅:၂၀

၈ အရေး​ကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချက်ချင်း မချပါနဲ့

  • ချစ်ရသူ​တစ်ဦး ဆုံးပါး​ခါ​စ​မှာ အရေး​ကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချ​သူ​များစွာဟာ နောက်ပိုင်း နောင်တရ​တတ်ကြတယ်။

  • ဖြစ်နိုင်မယ်​ဆိုရင် ပြောင်းရွှေ့ခြင်း၊ အလုပ်​ပြောင်း​ခြင်း၊ သေဆုံး​သူရဲ့ ပစ္စည်း​တွေ စွန့်ပစ်ခြင်းတို့ကို အ​လောတ​ကြီး မလုပ်​ပါနဲ့။

အခြေခံ​မူ။ “ဝီရိယ​ရှိသူရဲ့ အစီ​အစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။ အလျင်စလို လုပ်တဲ့​သူကတော့ ကျိန်းသေ ဆင်းရဲ​လိမ့်မယ်။”—ပညာအလိမ္မာ ၂၁:၅

၉ ချစ်ရသူ​ကို အောက်မေ့ပါ

  • သေဆုံး​သွား​သူကို အမှတ်ရနေ​စေမယ့်​အရာတွေ လုပ်ဆောင်ခြင်း​ဟာ အကျိုး​ရှိတယ်လို့ ပူဆွေး​ကျန်ရစ်သူ​များစွာ ယူဆ​ကြတယ်။

  • ဓာတ်ပုံ​တွေ၊ အမှတ်တရ​ပစ္စည်း​တွေ စုဆောင်း​တာ၊ အမှတ်တရ ဖြစ်ရပ်တွေ မှတ်တမ်း​ရေးတာဟာ နှစ်သိမ့်မှု ဖြစ်စေတယ်။

  • အမှတ်တရ ပစ္စည်းတွေကို သိမ်းထား​ပြီး နောက်ပိုင်း ပြန်​ထုတ်​ကြည့်ပါ။

အခြေခံ​မူ။ “အတိတ်ကို ပြန်​သတိရပါ။”—တရားဟောရာ​ ၃၂:၇

၁၀ ခေတ္တ အနား​ယူပါ

  • အားလပ်ခွင့် ယူ​နိုင်တယ်။

  • ခွင့်ရက်​ရှည် ယူဖို့ မဖြစ်နိုင်ရင် တစ်ရက်​နှစ်​ရက် ခွင့်ယူ​ပြီး ခြေကျင်​ခရီး​ထွက်ပါ။ ပြတိုက်​ကို လည်ပတ်ပါ။ ကားမောင်း​ထွက်ပါ။

  • ခဏတစ်ဖြုတ် အနားယူ​လိုက်ခြင်းက ပူဆွေးမှု​ကို ရင်ဆိုင်​ဖြေရှင်းဖို့ ထောက်ကူ​ပေး​နိုင်တယ်။

အခြေခံ​မူ။ “လူသူမရှိ​တဲ့​နေရာ​ဆီ သွားပြီး ခဏတစ်ဖြုတ် နားရအောင်။”—မာကု ၆:၃၁

၁၁ တခြား​သူတွေကို ကူညီ​ပါ

  • တခြား​သူတွေကို ကူညီ​ဖို့ အချိန်​ပေးရင် ပေးသလောက် ကိုယ်တိုင် အကျိုး​ခံစား​ရ နိုင်တယ်။

  • ချစ်ရသူ ဆုံးပါးလို့ စိတ်ထိခိုက်​နေတဲ့ တခြား​သူတွေ၊ မိတ်ဆွေ​တွေ၊ ဆွေမျိုးတွေကို ကူညီ​ပေးပြီး သူတို့နဲ့အတူ​ ဝမ်းနည်း​ပူဆွေးပါ။

  • တခြား​သူတွေကို ကူညီ​နှစ်သိမ့်​ပေးတဲ့​အခါ ကိုယ်တိုင် လိုအပ်​နေတဲ့ ပျော်ရွှင်​ကျေနပ်မှု ပြန်​ရနိုင်တယ်။

အခြေခံ​မူ။ “ရယူခြင်း​ထက် ပေးကမ်းခြင်းက ပို​ပျော်ရွှင်​စေတယ်။”—တမန်တော် ၂၀:၃၅

၁၂ ဦးစား​ထားရာ​များ​ကို ပြန်​သုံးသပ်ပါ

  • ဝမ်းနည်းပူဆွေးမှု​က အမှန်တကယ် အရေး​ကြီးတဲ့​အရာတွေနဲ့​ပတ်သက်ပြီး အသိအမြင်​သစ်​တွေ ရစေ​နိုင်တယ်။

  • ကိုယ့်​အသက်ရှင်နေ​ထိုင်​ပုံကို ပြန်​သုံးသပ်ပါ။

  • ဦးစား​ထားရာတွေကို လိုအပ်​သလို ပြုပြင်ပါ။

အခြေခံ​မူ။ “အသုဘ​အိမ်ကို သွားတာ​က ပွဲခံ​တဲ့​အိမ်ကို သွားတာ​ထက် ပို​ကောင်းတယ်။ ဘာဖြစ်လို့လဲ​ဆိုတော့ လူသား​အားလုံးဟာ သေခြင်း​မှာ လမ်းဆုံး​ရလို့ပဲ။ ဒါကို အသက်ရှင်နေ​သူတွေ နှလုံး​သွင်း​သင့်တယ်။”—ဒေသနာ ၇:၂

တကယ်တော့ ကိုယ့်​နာကျင်မှု​ဝေဒနာ​ကို လုံးလုံး ပြေပျောက်​စေနိုင်တဲ့​အရာ မရှိ​ပါဘူး။ ဒါပေမဲ့​ ဒီ​ဆောင်းပါး​မှာပါတဲ့ နည်းတွေကို လုပ်ရင် နှစ်သိမ့်မှု ခံစား​ရ​ကြောင်း ပူဆွေး​ကျန်ရစ်သူ​များစွာ တွေ့ရှိခဲ့ကြတယ်။ ပူဆွေးမှု သက်သာ​စေနိုင်တဲ့ နည်း​အားလုံးကိုတော့ မဖော်​ပြ​ထားပါ​ဘူး။ ဒါပေမဲ့​ ဒီ​အကြံပြုချက်​တချို့​ကို စမ်းကြည့်ရင် ပူဆွေးမှု အတော်အတန် သက်သာ​ကြောင်း တွေ့ရ​ပါလိမ့်မယ်။

^ အပိုဒ်၊ 13 နိုးလော့!က ဆေး​ကုသနည်း​တစ်မျိုးမျိုးကို အားပေး​ထောက်ခံ​ခြင်း မ​ပြုပါ။