မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အတိတ်​မှ ပုံရိပ်များ

အရစ္စတိုတယ်

အရစ္စတိုတယ်

လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၃၀၀ ကျော်တုန်းက အသက်ရှင်ခဲ့တဲ့ အရစ္စတိုတယ်​ဟာ သိပ္ပံပညာနဲ့ အတွေးအခေါ်ပညာ​ကို အဓိက စူးစမ်းရှာဖွေခဲ့သူ ဖြစ်တယ်။ သူ့ရဲ့ ရှာဖွေတွေ့ရှိမှုတွေ၊ ရေးသားပြုစုခဲ့ရာတွေကို နှစ်ကာလတစ်လျှောက်မှာ လူများစွာ စိတ်ဝင်စားခဲ့ကြတဲ့အတွက် ဘာသာစကားအမျိုးမျိုး ပြန်ဆိုပြီး လေ့လာခဲ့ကြတယ်။ သမိုင်းပညာရှင် ဂျိမ်းစ်မက်လာလန်​က “သဘာဝတရားအပေါ် အရစ္စတိုတယ်​ရဲ့ အတွေးအမြင်​တွေဟာ ဥရောပမှာ နှစ်ပေါင်း ၂,၀၀၀ နီးပါး လွှမ်းမိုးခဲ့တယ်” လို့ရေးသားခဲ့တယ်။ သူ့အတွေးအမြင်​တချို့ဟာ ကက်သလစ်​နဲ့ ပရိုတက် စတင့်​သာမက အစ္စလာမ်​ဘာသာရဲ့ အယူဝါဒကိုတောင် လွှမ်းမိုး နိုင်ခဲ့တယ်။

ကျယ်ကျယ်ပြန့်ပြန့် သူလေ့လာခဲ့

အရစ္စတိုတယ်​ဟာ ဝိဇ္ဇာ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ လူ့ကျင့်ဝတ်၊ ဘာသာစကား၊ ဥပဒေ၊ ယုတ္တိဗေဒ၊ သံလိုက်ဆွဲအား၊ ရုပ်လွန်ပညာ၊ ရွေ့ရှားမှု၊ ပျော်ရွှင်မှု၊ ကဗျာ၊ နိုင်ငံရေး၊ စိတ်ပညာ၊ နှုတ်မှုစွမ်းရည်နဲ့ ဝိညာဉ်အကြောင်း ရေးသားခဲ့တယ်။ ဝိညာဉ်ဟာ သေတတ်တယ်လို့ သူလက်ခံခဲ့တယ်။ ဒါပေမဲ့ သူဟာ ​ဇီဝဗေဒ​နဲ့ ယုတ္တိဗေဒ​ဆိုင်ရာ လေ့လာတွေ့ရှိမှုတွေကြောင့် အထူးသဖြင့် ထင်ရှားပါတယ်။​

ရှေး​ဂရိပညာရှင်​တွေဟာ ရှုမြင်သိမှတ်ခြင်း၊ ထုတ်ယူဆင်ခြင်ခြင်း၊ ကျိုးကြောင်းစဉ်းစားခြင်း​ဆိုတဲ့ စွမ်းရည်​တွေကိုသုံးပြီး သဘာဝလောက​အကြောင်း ရှင်းပြကြတယ်။ ရှုမြင်သိမှတ်တဲ့နည်း​နဲ့ ကောက်ချက်ချထားတဲ့ အမှန်တရား​တွေကို အသေအချာ ဆင်ခြင်သုံးသပ်ရင် မှန်ကန်တဲ့​ကောက်ချက်တွေ ချနိုင်လိမ့်မယ်လို့ သူတို့ ယုံကြည်တယ်။​

အဲဒီယူဆချက်ကြောင့် မှန်ကန်တဲ့​ကောက်ချက်​တချို့ ချနိုင်ခဲ့ကြတယ်။ တစ်ခုကတော့ စကြာဝဠာ​မှာ အခြေခံစနစ်ကျမှု ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါပေမဲ့ အဓိက ပြဿနာက သူတို့ မြင်တွေ့သိမှတ်နိုင်ရာ​တွေ​ဟာ အကန့်အသတ်​ပဲရှိတဲ့အတွက် သူတို့ရဲ့ ရှုမြင်သိမှတ်နိုင်စွမ်း​လည်း အကန့်အသတ်ပဲ ရှိခဲ့တယ်။ ဒါကြောင့် အရစ္စတိုတယ်​အပါအဝင်​ ပညာရှင်များစွာဟာ လွဲမှားတဲ့​ကောက်ချက်တွေ ချခဲ့ကြတယ်။ ဥပမာ၊ ဂြိုဟ်နဲ့ ကြယ်တာရာတွေက ကမ္ဘာမြေ​ကို လှည့်ပတ်​နေတယ်ဆိုတဲ့ အချက်ပဲ။ အဲဒီခေတ်မှာ ဒါဟာ သက်သေသာဓက​မလိုတဲ့ အမှန်တရားဖြစ်ခဲ့တယ်။ “စဉ်းစားဆင်ခြင်မှု​နဲ့ အတွေ့အကြုံ နှစ်မျိုးစလုံးကြောင့် ဂရိတွေဟာ စကြာဝဠာရဲ့ အလယ်ဗဟိုမှာ ကမ္ဘာမြေ တည်ရှိတယ်ဆိုတဲ့ အမြင်ကို ယုံကြည်ခဲ့ပုံရတယ်” ဆိုပြီး စာအုပ်တစ်အုပ် (The Closing of the Western Mind) မှာ ဖော်ပြထားတယ်။

မှားယွင်းတဲ့ အဲဒီယူဆချက်ဟာ သမိုင်းတစ်လျှောက်မှာ အကြီးအကျယ် ဩဇာသက်ရောက်ခဲ့တယ်။ အကြောင်းကတော့ ကက်သလစ်ချာ့ခ်ျက အဲဒါကို လက်ခံပြီး ထောက်ခံအားပေးခဲ့လို့ပဲ။

အရစ္စတိုတယ်ကို ကက်သလစ်ဘာသာက ထောက်ခံအားပေး

ဥရောပ​အလယ်ခေတ် “ခရစ်ယာန်ဘာသာ” မှာ အရစ္စတိုတယ်​ရဲ့ အတွေးအခေါ်​တချို့ဟာ ယေဘုယျအမှန်တရား ဖြစ်လာခဲ့ပြီး မှန်ကန်တဲ့အရာအဖြစ် လူအများ လက်ခံခဲ့ကြတယ်။ ရိုမန်ကက်သလစ် ဓမ္မပညာရှင်တွေက အရစ္စတိုတယ် ရေးသားပြုစုခဲ့ရာတွေကို ဘာသာရေး​အယူဝါဒအဖြစ် လက်ခံလိုက်ကြတယ်။ လူသိအများဆုံး ဓမ္မပညာရှင်ကတော့ သောမတ်စ်အကွီနပ်စ် (၁၂၂၄-၁၂၇၄ ခန့်) ပါပဲ။ ဒါကြောင့် စကြာဝဠာရဲ့ အလယ်ဗဟိုမှာ ကမ္ဘာမြေ​တည်ရှိတယ်ဆိုတဲ့ အရစ္စတိုတယ်ရဲ့ ယူဆချက်ဟာ ကက်သလစ်​အယူဝါဒ ဖြစ်လာခဲ့တယ်။ အဲဒီယူဆချက်ဟာ ကျမ်းစာကို အခြေခံတယ်လို့ ပရိုတက်စတင့်​ခေါင်းဆောင် ကယ်လ်ဗင်နဲ့ လူသာ ပြောခဲ့တယ်။ အဲဒါကို တခြား​ပရိုတက်စတင့်​ခေါင်းဆောင်တွေလည်း လက်ခံခဲ့ကြတယ်။—“ ကျမ်းစာကို တလွဲအဓိပ္ပာယ်ကောက်ခဲ့ကြ” ဆိုတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။

အရစ္စတိုတယ်ရဲ့ အတွေးအခေါ်​တချို့ဟာ ယေဘုယျအမှန်တရား ဖြစ်လာခဲ့

“တချို့အပိုင်းတွေမှာ [အရစ္စတိုတယ်ရဲ့ အယူဝါဒနဲ့] ကက်သလစ်အယူဝါဒဟာ တဖြည်းဖြည်းနဲ့ ခွဲခြားမရနိုင်အောင် ဖြစ်လာတယ်” ဆိုပြီး စာရေးဆရာ ချားလ်ဖရီးမင်းက ဆိုတယ်။ ဒါကြောင့် အကွီနပ်စ်က အရစ္စတိုတယ်ကို ကက်သလစ်အယူဝါဒထဲ သွတ်သွင်းပြီး “နှစ်ခြင်း” ပေးလိုက်ပြီလို့ လူတွေ ပြောစမှတ်ပြုကြတယ်။ တကယ်တော့ “အကွီနပ်စ်ကသာ အရစ္စတိုတယ်​အယူဝါဒ​ကို လက်ခံပြီး ဘာသာပြောင်းသွားတာပါ” လို့ ဖရီးမင်း ရေးသားခဲ့တယ်။ ထပ်ဖြည့်စွက်ပြောရရင် ချာ့ခ်ျကလည်း အရစ္စတိုတယ်အယူဝါဒ​ကို အတိုင်းအတာတစ်ခုအထိ လက်ခံခဲ့တယ်။ ဒါကြောင့် အီတလီလူမျိုး နက္ခတ္တဗေဒ​နဲ့ သင်္ချာပညာရှင် ဂယ်လီလီယို​က နေကို ကမ္ဘာက လှည့်ပတ်နေတာပါဆိုပြီး သူ့ရှုမြင်သိမှတ်ရာကို အထောက်အထားနဲ့တကွ ရဲရဲဝံ့ဝံ့ တင်ပြလာတဲ့အခါ သူ့ကို ခုံရုံး​တင်စစ်ဆေးပြီးနောက် ​အဲဒီတင်ပြချက်ကို ပြန်ရုပ်သိမ်းစေခဲ့တယ်။ * တကယ်ဆိုရင် သိပ္ပံတွေ့ရှိချက်တွေဟာ အမြဲတိုးတက်ပြောင်းလဲနေလို့ ပြင်ဆင်တည်းဖြတ်ဖို့ လိုအပ်မယ်ဆိုတာ အရစ္စတိုတယ်​ကိုယ်တိုင် အသိအမှတ်ပြုခဲ့တာပါ။ ဒီအချက်ကို ချာ့ခ်ျကလည်း လက်ခံခဲ့ရင် သိပ်ကောင်းမှာပဲ။

^ စာပိုဒ်၊ 11 “ဂယ်လီလီယိုနဲ့ ချာ့ခ်ျရဲ့ အတိုက်အခံ” အကြောင်းကို ဧပြီ ၂၂၊ ၂၀၀၃ ထုတ် နိုးလော့!​စာစောင် [အင်္ဂလိပ်] မှာ ကြည့်ပါ။