မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်း​စာရှုထောင့် | ကျေးဇူးသိတတ်ခြင်း

ကျေးဇူးသိတတ်ခြင်း

ကျေးဇူးသိတတ်ခြင်း

ကျေးဇူး​သိတတ်ကြောင်းပြတာက လူတစ်ယောက်ရဲ့ ကာယပိုင်း၊ စိတ်ပိုင်းနဲ့ ခံစားချက်အပေါ် အကျိုးအများကြီး ဖြစ်စေတယ်။ ဒါကြောင့် နေ့စဉ်​အသက်တာမှာ လူတိုင်း​ပြသသင့်တဲ့ အရည်အသွေးကောင်း တစ်ခုပါပဲ။

ကျေးဇူး​သိတတ်တာက ဘယ်လို​ကောင်းကျိုးတွေ သက်ရောက်သလဲ

ဆေး​သိပ္ပံပညာ​ပြောဆိုရာ–

ဟားဗတ် စိတ်ကျန်းမာရေးစာစောင်မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်မှာ အခုလိုဖော်ပြထားတယ်– “ကျေးဇူး​သိတတ်တာက ပျော်ရွှင်မှုနဲ့ အမြဲ​ဆက်နွယ်နေတယ်။ လူတွေမှာ အပြုသဘောထား ပိုရှိလာအောင်၊ အတွေ့အကြုံကောင်းတွေ ပိုရှိလာအောင် ကျေးဇူးသိတတ်တဲ့စိတ်က ကူညီပေးတယ်။ ဒါ့အပြင် ကျန်းမာရေး ပိုကောင်းလာအောင်၊ အခက်အခဲတွေကို ဖြေရှင်းတတ်အောင်၊ ခိုင်မြဲတဲ့ဆက်ဆံရေး တည်ဆောက်တတ်အောင်လည်း ကူညီပေးတယ်။”

သမ္မာကျမ်းစာ​ပြောဆိုရာ–

ကျေးဇူးသိတတ်တဲ့စိတ်ကို မွေးမြူဖို့ ကျမ်းစာမှာ အားပေးထားတယ်။ ဒါနဲ့ပတ်သက်ပြီး ကိုယ်တိုင်​စံနမူနာကောင်းပြခဲ့တဲ့ တမန်တော်ပေါလုက “ကျေးဇူးသိတတ်ကြလော့” လို့ရေးခဲ့တယ်။ ဥပမာ၊ သတင်းကောင်းကို တခြားသူတွေ ကောင်းကောင်းတုံ့ပြန်တဲ့အခါ ပေါလုက ‘ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းခဲ့တယ်။’ (ကောလောသဲ ၃:၁၅; ၁ သက်သာလောနိတ် ၂:၁၃) တည်မြဲတဲ့ပျော်ရွှင်မှု ရဖို့ဆိုရင် ကျေးဇူးတင်ပါတယ်လို့ ပြောရုံနဲ့ မလုံလောက် ဘူး၊ ကျေးဇူး သိတတ်တဲ့ စိတ်ထားရှိရမယ်။ အကြောင်းကတော့ လူတွေနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ပျက်ပြားစေနိုင်ပြီး ပျော်ရွှင်မှု ပျောက်ဆုံးစေနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့စိတ်၊ မနာလိုစိတ်၊ နာကြည်းစိတ်တွေ မဝင်လာအောင် ကျေးဇူးသိတတ်တဲ့စိတ်က ကာကွယ်ပေးလို့ပဲ။

ဖန်ဆင်းရှင် ကိုယ်တိုင်က လူသားတွေနဲ့ ဆက်ဆံတဲ့အခါမှာတောင် ကျေးဇူးသိတတ်ကြောင်း ပြခြင်းအားဖြင့် စံနမူနာကောင်းပြခဲ့တယ်။ “ဘုရားသခင်သည် သင်တို့၏လုပ်ရပ်များနှင့် နာမတော်အတွက် သင်တို့ပြသော​မေတ္တာကို မေ့လျော့​တော်မူသည်တိုင်အောင် မဖြောင့်မတ်သည်မဟုတ်” လို့ ဟေဗြဲ ၆:၁၀ မှာ ဖော်ပြထားတယ်။ မှန်ပါတယ်၊ ဖန်ဆင်းရှင်ဟာ ကျေးဇူးသိတတ်ကြောင်းပြဖို့ ပျက်ကွက်လောက်တဲ့အထိ မဖြောင့်မတ်တဲ့ဘုရား မဟုတ်ဘူး။

“အစဉ်သဖြင့် ဝမ်းမြောက်နေကြလော့။ အရာရာ အတွက် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။”၁ သက်သာလောနိတ် ၅:၁၆၊ ၁၈

ကျေးဇူးသိတတ်​တဲ့စိတ်က တခြားသူတွေနဲ့ ဆက်ဆံရေးကို ဘယ်လို​တိုးတက်စေနိုင်သလဲ

အတွေ့အကြုံ​ကနေ သိရှိလာရာ–

လက်ဆောင်​တစ်ခု၊ ကြင်နာ တဲ့​စကားတစ်ခွန်း ဒါမှမဟုတ် လက်တွေ့ကျ အကူအညီ​တစ်ခုအတွက် ကျွန်တော်တို့ စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ကြောင်းပြတဲ့အခါ အဲဒါက လက်ဆောင်ပေးသူကို တန်ဖိုးထားကြောင်း၊ ကျေးဇူးသိတတ်ကြောင်း ပြသရာရောက်တယ်။ သူစိမ်းတွေတောင် သူတို့ရဲ့လုပ်ဆောင်ပေးမှုအတွက် တခြားသူတွေက ကျေးဇူးတင်ကြောင်း စိတ်ရင်းမှန်နဲ့ ပြောတဲ့အခါ လှိုက်လှိုက်လှဲလှဲ တုံ့ပြန်တတ်ကြတယ်။ ဥပမာ၊ တံခါးဖွင့်ပေးတာလိုမျိုးပေါ့။

သမ္မာ​ကျမ်းစာပြောဆိုရာ–

“ပေးကမ်းခြင်းကို ကျင့်ယူကြ လော့။ သို့ပြုလျှင် သင်တို့အား ပေးကမ်းကြလိမ့်မည်။ ကိုယ်ချိန် ပေးသည့်ပမာဏအတိုင်း ရမည့်အပြင် ဖိသိပ်လှုပ်ခါ​ပြည့်လျှံလျက် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်” လို့ ယေရှုခရစ် ပြောခဲ့ တယ်။ (လုကာ ၆:၃၈) တောင်ပစိဖိတ်​ဒေသက ဗာနူဝါတူးကျွန်းမှာ နေထိုင်တဲ့ ဆွံ့အ,နားမကြားသူလေး ရို့စ်ရဲ့အဖြစ်ကို သုံးသပ်ကြည့်ပါ။

ရို့စ်ဟာ ယေဟောဝါ​သက်သေတွေရဲ့ အစည်းအဝေးတွေကို တက်ရောက်နေပေမဲ့ သူကိုယ်တိုင်နဲ့ အသင်းတော်မှာရှိတဲ့ တခြားသူတွေက လက်သင်္ကေတပြ​ဘာသာစကားကို မတတ်တာမို့ အစည်းအဝေးတွေကနေ သိပ်အကျိုးမရခဲ့ဘူး။ အသင်းတော်ကို လက်သင်္ကေတပြ​ဘာသာစကား တတ်ကျွမ်းတဲ့ မောင်နှံတစ်စုံ အလည်လာတဲ့အခါ ဒီအဖြစ်ကို မြင်သွားပြီး လက်သင်္ကေတပြ​ဘာသာစကား သင်တန်းကို ပို့ချပေးခဲ့တယ်။ ဒါကို ရို့စ် သိပ်ကျေးဇူးတင်တယ်။ “ကျွန်မကိုချစ်တဲ့ မိတ်ဆွေတွေ အများကြီးရှိလို့ သိပ်ပျော်တာပဲ” လို့ သူပြောတယ်။ ဒီလို ကျေးဇူးသိတတ်တဲ့စိတ်နဲ့ အစည်းအဝေးတွေမှာ သူပိုပါဝင်လာတာကို မြင်ရတာဟာ မောင်နှံစုံအတွက်တော့ ဘာနဲ့မှမလဲနိုင်တဲ့ ဆုတစ်ခုပါပဲ။ ရို့စ်လည်း သူနဲ့ဆက်သွယ်နိုင်ဖို့ လက်သင်္ကေတ ပြ​ဘာသာစကားကို သင်ကြတဲ့ တခြားသူတွေရဲ့ ကြိုးစား​အားထုတ်မှု​တွေအတွက် သိပ်ကျေးဇူးတင်တယ်။—တမန်တော် ၂၀:၃၅

“ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ပူဇော်သောသူသည် ငါ [ဘုရားသခင်] ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏။”ဆာလံ ၅၀:၂၃

ကျေးဇူးသိတတ်တဲ့စိတ်ကို ဘယ်လိုမွေးမြူနိုင်မလဲ

သမ္မာကျမ်းစာပြောဆိုရာ–

ကျွန်တော်တို့ရဲ့ ခံစားချက်တွေဟာ စဉ်းစားတွေးခေါ်ပုံနဲ့ ဆက်စပ်နေတယ်။ ကျမ်းရေးသူဒါဝိဒ်က ဘုရားဆီဆုတောင်းတဲ့အခါ “အလုံးစုံသော အမှုတော်တို့ကိုလည်းကောင်း၊ လက်တော်နှင့်ပြုပြင်သော အရာများ ကိုလည်းကောင်း ဆင်ခြင်ပါ၏” လို့ပြောခဲ့တယ်။ (ဆာလံ ၁၄၃:၅) မှန်ပါတယ်၊ ဒါဝိဒ်ဟာ အာရုံစူးစိုက်မှုမရှိတဲ့ ပေါ့ပျက်ပျက်လူတစ်ယောက် မဟုတ်ဘူး။ သူ့ဘဝတစ်လျှောက်လုံး ဘုရားရဲ့ နည်းလမ်းတော်တွေအကြောင်း လေးလေးနက်နက် အမြဲတွေးတောဆင်ခြင်ခြင်းအားဖြင့် ကျေးဇူးသိတတ်တဲ့စိတ်ကို မွေးမြူခဲ့တယ်။—ဆာလံ ၇၁:၅၊ ၁၇

ကျမ်းစာပါ သိပ်ကောင်းတဲ့ အကြံပြုချက်ကတော့ “စင်ကြယ် သော​အရာရှိသမျှ၊ ချစ်ဖွယ်သော​အရာရှိသမျှ၊ အသရေရှိသော​အရာရှိသမျှ၊ မွန်မြတ်သော​အရာရှိသမျှ၊ ချီးမွမ်းဖွယ်သော​အရာရှိသမျှတို့ကို ဆက်၍ဆင်ခြင်သုံးသပ်ကြလော့” ဆိုတဲ့ စကားပါပဲ။ (ဖိလိပ္ပိ ၄:၈) “ဆက်၍ဆင်ခြင်သုံးသပ်” ဆိုတဲ့ စကားလုံးက ကျွန်တော်တို့မှာ ကျေးဇူးသိတတ်တဲ့စိတ် ရှိလာစေဖို့ ကူညီပေးမယ့် အတွေးတွေကို အမြဲတွေးတောဆင်ခြင်ဖို့​လိုမှန်း ဖော်ပြတယ်။

“ငါ့နှလုံးသည် ဉာဏ်နှင့်ဆိုင်သောအရာကို ဆင်ခြင်မည်။”ဆာလံ ၄၉: