မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာမြေကြီးသည် ပရဒိသုဟူသော သာယာလှပသည့်နေရာတစ်ခု ဖြစ်လိမ့်မည်လော

ကမ္ဘာမြေကြီးသည် ပရဒိသုဟူသော သာယာလှပသည့်နေရာတစ်ခု ဖြစ်လိမ့်မည်လော

သမ္မာကျမ်းစာရှုထောင့်

ကမ္ဘာမြေကြီးသည် ပရဒိသုဟူသော သာယာလှပသည့်နေရာတစ်ခု ဖြစ်လိမ့်မည်လော

ရွှေရောင်လွှမ်းသော ဒဏ္ဍာရီခေတ်တွင် လူသားများသည် အပြစ်မဲ့ကာ ဘုရားသခင်နှင့်တရင်းတနှီးရှိကြပြီး ဖျားနာခြင်း၊ သေခြင်းတို့နှင့် ကင်းလွတ်သည်ဟု တိဗက်၊ ပီရူး၊ မက္ကဆီကိုနှင့် အီဂျစ် လူမျိုးတို့၏ ထုံးတမ်းစဉ်လာများတွင် တွေ့ရသည်။ ထိုဒဏ္ဍာရီများတွင် လူသားများ အပြစ်ကျူးလွန်ခဲ့ပုံအကြောင်းလည်း ပါဝင်သည်။

ထင်ယောင်ထင်မှားဖြင့် စိတ်ဝင်စားဖွယ်ကောင်းအောင် ဖွဲ့နွဲ့ရေးသားထားသော်လည်း ထိုဒဏ္ဍာရီများတွင် ဆင်တူချက်များစွာရှိရာ မတော်တဆတိုက်ဆိုင်မှု မဖြစ်နိုင်ပါ။ ဤအချက်က ၎င်းအဖြစ်အပျက်များသည် သမိုင်းဝင်ဖြစ်ရပ်များကို အခြေခံထားခြင်းဖြစ်သည်ဟု လူများစွာအား ကောက်ချက်ချစေ၏။ ထိုပုံပြင်များထဲမှ ဆင်တူချက်များသည် သမ္မာကျမ်းစာမှ ကမ္ဘာဦးကျမ်း၏ အဖွင့်အခန်းကြီးတွင် ပါဝင်ရာများနှင့် အလွန်တူညီနေသည်။ သို့သော် သမ္မာကျမ်းစာတွင် ဒဏ္ဍာရီကဲ့သို့ မရှင်းလင်းသည့်ဖော်ပြချက်များ မပါရှိဘဲ တိကျမှန်ကန်သည့် သမိုင်းကြောင်း အသေးစိတ်အချက်အလက်များ ပါဝင်သည်။—၂ တိမောသေ ၃:၁၆

စုံလင်သည့်အစ

ကမ္ဘာဦးကျမ်းတွင် ဘုရားသခင်သည် ကနဦးလူသားများဖြစ်သည့် အာဒံနှင့်ဧဝကို ဖန်ဆင်းပြီးသည့်နောက် ဧဒင်ဟုခေါ်သည့် ရေပေါများသောဥယျာဉ်တွင် သူတို့အား နေရာချခဲ့ကြောင်း ဖော်ပြသည်။ ၎င်းတို့တွင် ပြည့်ဝစုံလင်သည့်ကျန်းမာရေးနှင့် ထာဝစဉ်အသက်ရှင်ရမည့် အလားအလာများ ရှိခဲ့သည်။ သေခြင်းသည် အပြစ်အတွက် ဒဏ်စီရင်ချက်ဖြစ်သည်။ (ကမ္ဘာဦး ၂:၈-၁၇; ရောမ ၅:၁၂) အာဒံနှင့်ဧဝသည် ‘များပြားစွာ မွေးဖွား၍ မြေကြီးကို ပြည့်စေ’ ကြရမည်။ (ကမ္ဘာဦး ၁:၂၈) ရလဒ်အနေဖြင့် ကမ္ဘာကြီးသည် မိမိတို့၏အုပ်စိုးရှင် ဘုရားသခင်အား ပျော်ရွှင်စွာလက်အောက်ခံသည့် စုံလင်သော လူသားများဖြင့် ပြည့်နေသည့် သာယာလှပသောနေရာတစ်ခု ဖြစ်လာမည်။

ဝမ်းနည်းစရာမှာ အာဒံနှင့်ဧဝသည် ဘုရားသခင်အား မနာခံခဲ့သည့်အတွက် ၎င်းတို့ဖန်ဆင်းရှင်၏ရည်ရွယ်ချက်ကို ပြည့်စုံစေမည့်အခွင့်အရေးနှင့် ထာဝစဉ်အသက်ရှင်ရမည့်အလားအလာ နှစ်ခုစလုံးကို ဆုံးရှုံးခဲ့ရသည်။ သို့သော် ယေဟောဝါဘုရားသခင်သည် ကမ္ဘာမြေကြီးနှင့်ပတ်သက်သည့် မိမိ၏ရည်ရွယ်ချက်ကို ပြည့်စုံစေပါလိမ့်မည်။ ကိုယ်တော် ဤသို့မိန့်တော်မူခဲ့၏– ‘ငါ၏နှုတ်မြွက်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။’ (ဟေရှာယ ၅၅:၁၁) ကိုယ်တော်၏အရည်အသွေးများကို ရောင်ပြန်ဟပ်သည့် လူသားများအတွက် ကမ္ဘာမြေကြီးကို သာယာလှပသောစံအိမ်တစ်ခု ဖြစ်စေမည်ဟူသည့် ယေဟောဝါ၏ရည်ရွယ်ချက်မှာ သမ္မာကျမ်းစာ၏ အဓိကအကြောင်းဖြစ်သည်။—ရောမ ၈:၁၉-၂၁

“သင်သည် ငါနှင့်အတူ ပရဒိသု၌ရှိလိမ့်မည်”

အာဒံနှင့်ဧဝ အပြစ်လုပ်ပြီးသည်နှင့် ချက်ချင်းပင် ဘုရားသခင်သည် “ရှေးမြွေဟောင်း” စာတန်ကို အပြီးသတ်ဖျက်ဆီးပြီး ၎င်း၏ဆိုးညစ်သည့်လုပ်ရပ်များကို ပယ်ဖျက်မည့် “အမျိုးအနွယ်” သို့မဟုတ် မျိုးဆက် ပေါ်ထွန်းစေမည်ဟု ကတိပြုခဲ့သည်။ (ကမ္ဘာဦး ၃:၁၅; ဗျာ. ၁၂:၉; ၁ ယောဟန် ၃:၈) “အမျိုးအနွယ်” ၏အဓိကအပိုင်းမှာ ယေရှုခရစ်ဖြစ်ကြောင်း ထင်ရှားလာခဲ့သည်။ (ဂလာတိ ၃:၁၆) ထို့ပြင် ဘုရားသခင်သည် ကိုယ်တော်အား ကမ္ဘာမြေကြီးကို အုပ်ချုပ်မည့် ကောင်းကင်နိုင်ငံတော်၏ ဘုရင်အဖြစ် ခန့်အပ်ခဲ့သည်။—ဒံယေလ ၇:၁၃၊ ၁၄; ဗျာ. ၁၁:၁၅

အာဒံလုပ်ဆောင်ရန် ပျက်ကွက်ခဲ့ရာကို ခရစ်တော်က ပြီးမြောက်အောင် ဆောင်ရွက်ပါလိမ့်မည်။ အမှန်မှာ သမ္မာကျမ်းစာက ယေရှုကို “နောက်ဆုံးဖြစ်သောအာဒံ” ဟုခေါ်ဆိုထားသည်။ (၁ ကောရိန္သု ၁၅:၄၅) ထို့ပြင် ယေရှုသည် မိမိ၏စံပြဆုတောင်းချက်တွင် ကမ္ဘာမြေကြီး၏အနာဂတ်ကို ဘုရားသခင့်နိုင်ငံတော်နှင့်ဆက်စပ်၍ ဤသို့ဆုတောင်းခဲ့သည်– “နိုင်ငံတော် လာပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။”—မဿဲ ၆:၁၀ကဘ။

ယေရှု ကမ္ဘာမြေကြီးပေါ်တွင်ရှိစဉ် ကမ္ဘာမြေကြီး၏ မင်းလောင်းအနေနှင့် မိမိ၏နံဘေးတွင် နှက်တိုင်တင်ခံရသော နောင်တရသူလူဆိုးအား “သင်သည် ငါနှင့်အတူ ပရဒိသု [သာယာလှပသည့်နေရာ] ၌ရှိလိမ့်မည်” ဟုပြောပိုင်ခွင့်ရှိခဲ့သည်။ (လုကာ ၂၃:၄၃ကဘ) ယေရှုပြောခဲ့သည့် ထိုသာယာလှပသည့်နေရာသည် ဘုရားသခင်၏မူလရည်ရွယ်ချက်အတိုင်း ကမ္ဘာမြေကြီးပေါ်တွင် ဖြစ်လာမည်။ သမ္မာကျမ်းစာက ထိုအချက်ကို အပြည့်အဝထောက်ခံထားသည်။ အောက်ပါကျမ်းချက်များကို သုံးသပ်ကြည့်ပါ။

“ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” (ဆာလံ ၃၇:၂၉) “ပြည်တော် [“မြေကြီး၊” ကဘ] ၌ များစွာသောစပါးရှိ၍ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာလှုပ်ရှားလိမ့်မည်။” (ဆာလံ ၇၂:၁၆) “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။” (သု. ၂:၂၁) ‘ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားသခင်ကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။’—ဟေရှာယ ၁၁:၉

ထိုဖော်ပြချက်များနှင့်အညီ ယေရှုသည် မိမိ၏ထင်ရှားသော တောင်ပေါ်တရားတော်တွင် ဤသို့မိန့်တော်မူခဲ့သည်– “စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် မြေကြီးကို အမွေရကြလိမ့်မည်။” (မဿဲ ၅:၅ကဘ) နောက်ပိုင်းတွင် တမန်တော်ယောဟန်က ဤသို့ရေးခဲ့သည်– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ . . . ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာ. ၂၁:၃၊ ၄) ရှင်းနေသည်မှာ ထိုကျမ်းချက်များသည် ကောင်းကင် “ပရဒိသု” ကိုရည်ညွှန်းနေခြင်းမဟုတ်ဘဲ မြေကြီးပေါ်တွင်တည်ရှိမည့် ရုပ်ပိုင်းဆိုင်ရာနေရာတစ်ခုကို ရည်ညွှန်းနေခြင်းဖြစ်သည်။

ကျမ်းပညာရှင်များပြောဆိုခဲ့ရာ

ကျမ်းပညာရှင်များစွာက ခရစ်တော်၏နိုင်ငံတော်အောက်တွင် ကမ္ဘာမြေကြီးသည် သာယာလှပသည့်နေရာတစ်ခုဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြသည်။ ဓမ္မပညာရှင် ဂျိုးဇက် အေ. စစ် ကဤသို့ပြောခဲ့သည်– “မေရှိယရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ ကမ္ဘာကြီးတစ်ခုလုံးဟာ နောက်ဆုံးမှာ အာဒံအပြစ်သာမလုပ်ခဲ့ရင် ဖြစ်မယ့် . . . ကမ္ဘာပုံစံမျိုး . . . ဖြစ်ကိုဖြစ်လာရမယ်။” ဟင်နရီအယ်လ်ဖော့ဒ်၏ အကျယ်ဖွင့်ကျမ်းတစ်ကျမ်း (The New Testament for English Readers) တွင် ဤသို့ရေးခဲ့သည်– “ဘုရားသခင့်နိုင်ငံတော်သည် . . . ကမ္ဘာမြေကြီးအပေါ် အုပ်ချုပ်သွားမည့် နိုင်ငံတစ်ခု အမှန်တကယ် ဖြစ်လာမည့်အချိန်ထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်၍ ၎င်း၏တိုင်းသူပြည်သားများသည် ကမ္ဘာမြေကြီးကို အမွေခံရလိမ့်မည်။ . . . နောက်ဆုံးတွင် အရာအားလုံးအသစ်ဖြစ်လာကာ ကောင်းချီးရသည့် အခြေအနေသည် အမြဲတည်ရှိသွားမည်။”—စာလုံးစောင်းမှာ သူ၏အရေးအသား။

အလားတူ၊ ထင်ရှားသည့် သိပ္ပံပညာရှင်ဖြစ်၍ သမ္မာကျမ်းစာကိုထက်သန်စွာ လေ့လာသူ အိုင်းဇက်နယူတန်က ဤသို့ရေးခဲ့သည်– “တရားစီရင်ချိန်ပြီးနောက်တွင် လူသားများသည် ကမ္ဘာမြေကြီးပေါ်၌ အနှစ် ၁,၀၀၀ သာမဟုတ်ဘဲ အစဉ်အမြဲ ဆက်လက်နေထိုင်သွားကြမည်။”

အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးသည် ယေရှုခရစ်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိနေသောကြောင့် ဆိုးသွမ်းမှုများ ဘယ်သောအခါမျှ ဖြစ်ပေါ်လာတော့မည်မဟုတ်ချေ။ (ဟေရှာယ ၁၁:၁-၅၊ ၉) မှန်ပါသည်၊ ကမ္ဘာမြေကြီးသည် အဘက်ဘက်တွင် သာယာလှပနေမည်ဖြစ်ကာ ၎င်း၏ဖန်ဆင်းရှင်အား ထာဝစဉ် ချီးမွမ်းထောမနာပြုပါလိမ့်မည်။

သင်စဉ်းစားဖူးသလော

▪ လူသားများနှင့် ကမ္ဘာမြေကြီးအတွက် ဘုရားသခင်၏ မူလရည်ရွယ်ချက်မှာ အဘယ်နည်း။–ကမ္ဘာဦး ၁:၂၈

▪ ဘုရားသခင့်နိုင်ငံတော်က အဘယ်အရာကို ပြီးမြောက်စေလိမ့်မည်နည်း။–မဿဲ ၆:၁၀

▪ အဘယ်ကြောင့် ဆိုးသွမ်းမှုများ ဘယ်သောအခါမျှ ပြန်ပေါ်လာတော့မည် မဟုတ်သနည်း။–ဟေရှာယ ၁၁:၁-၅၊ ၉

[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]

“စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် မြေကြီးကို အမွေရကြ လိမ့်မည်။”—မဿဲ ၅:၅၊ ကဘ။