မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကလေးများ အင်တာနက်သုံးခြင်းနှင့်ပတ်သက်၍ မိဘများ လုပ်နိုင်သည့်အရာ

ကလေးများ အင်တာနက်သုံးခြင်းနှင့်ပတ်သက်၍ မိဘများ လုပ်နိုင်သည့်အရာ

ကလေးများ အင်တာနက်သုံးခြင်းနှင့်ပတ်သက်၍ မိဘများ လုပ်နိုင်သည့်အရာ

မိဘတစ်ဦးအနေနှင့် သင့်ကို မည်သည့်အရာက ထိတ်လန့်စေမည်နည်း၊ သင့်သား သို့မဟုတ် သမီးတွင် မိသားစုကားသော့ ရှိနေသည်ကိုသိလိုက်ရခြင်းလော သို့မဟုတ် သူသည် အင်တာနက်ကို အကန့်အသတ်မရှိ ချိတ်ဆက်အသုံးပြုနိုင်ကြောင်းကို သိလိုက်ရခြင်းလော။ ပြုမူဆောင်ရွက်မှုနှစ်ခုစလုံးသည် အတိုင်းအတာတစ်ခုအထိ အန္တရာယ်ရှိ၏။ နှစ်ခုစလုံးတွင် တာဝန်သိစိတ် လိုအပ်ပါသည်။ မိဘများသည် ၎င်းတို့၏ကလေးများအား ယာဉ်တစ်စီးကို မောင်းနှင်ခြင်းမပြုရန် အမြဲကန့်သတ်ချုပ်ချယ်မထားနိုင်ပါ၊ သို့သော် ၎င်းတို့၏ကလေးများ အန္တရာယ်ကင်းစွာမောင်းနှင်ရန် သင်ယူထားကြောင်း သေချာစေနိုင်ပါသည်။ အလားတူ၊ မိဘများစွာသည် ၎င်းတို့၏ကလေးများအား အင်တာနက်ကို အန္တရာယ်ကင်းစွာအသုံးပြုရန် သင်ပေးကြသည်။ အောက်ပါကျမ်းစာမူများက ကူညီပေးပါလိမ့်မည်။

“သတိရှိသောသူအပေါင်းတို့သည် ပညာအတတ်နှင့် ပြုမူတတ်ကြ၏။” (သု. ၁၃:၁၆) အင်တာနက်အသုံးပြုခွင့်ရသောကလေးများ၏ မိဘများသည် အင်တာနက်၏ လုပ်ဆောင်ပုံနှင့်ပတ်သက်သည့် အခြေခံသဘောတရားကို နားလည်ထားရမည်ဖြစ်ပြီး သတင်းများကိုချက်ချင်းဖလှယ်ချိန်၊ ဝက်ဘ်စာမျက်နှာများကို ဖတ်ချိန် သို့မဟုတ် အခြားသောအကြောင်းများအတွက် အင်တာနက်အသုံးပြုချိန်တွင် မိမိတို့၏ကလေးများ အဘယ်အရာလုပ်နေသည်ကို သိထားရန် လိုအပ်သည်။ “သင်ဟာ သင်ယူလေ့လာဖို့ အသက်ကြီးလွန်းနေပြီ ဒါမှမဟုတ် ပညာအရည်အချင်းမရှိဘူးလို့ မယူဆပါနဲ့၊ နည်းပညာကို အမီလိုက်ပါ” ဟု ကလေးနှစ်ယောက်ရှိသည့်မိခင် မာရှာကပြောသည်။

“လူသည် အိမ်မိုးပေါ်ကကျ၍ လူအသက်ကိုသတ်သောအပြစ် မရောက်မည်အကြောင်း . . . အမိုးနားပတ်လည်၌ အဆီးအတားကိုလုပ်ရမည်။” (တရားဟောရာ ၂၂:၈) အင်တာနက် ဝန်ဆောင်မှုပေးသူများနှင့် ဆော့ဝ်ဝဲပရိုဂရမ်များသည် မသင့်လျော်သောစာများ၊ ရုပ်ပုံများနှင့် အန္တရာယ်ရှိသော ဆိုက်များဝင်ကြည့်ရန် ဖိတ်ခေါ်ခြင်းနှင့် အန္တရာယ်ရှိသောဆိုက်များနှင့် ချိတ်ဆက်မိခြင်းကို တားဆီးစိစစ်ပေးသည့် ပရိုဂရမ်များကို ရေးဆွဲပြုလုပ်ထားပေမည်။ အချို့သောပရိုဂရမ်များသည် ကလေးများအား ၎င်းတို့၏အမည် သို့မဟုတ် လိပ်စာကဲ့သို့သော ကိုယ်ရေးအချက်အလက်များ ဖော်ပြခြင်းကို တားဆီးရာတွင်ပင် အကူအညီပေးနိုင်သည်။ သို့သော်၊ ယင်းသည် အန္တရာယ်ရှိသောအချက်အလက်အားလုံးကို အမြဲမတားဆီးပေးကြောင်း နားလည်ထားသင့်ပါသည်။ ကွန်ပျူတာကျွမ်းကျင်သော ကလေးကြီးများစွာသည်လည်း ၎င်းတို့ကို မည်ကဲ့သို့ရှောင်ကွင်းနိုင်ကြောင်း သိရှိထားကြသည်။

“သူတစ်ပါးနှင့်မရောနှောသောသူသည် မိမိအလိုဆန္ဒပြည့်စုံစေရန်သာရှာဖွေ၍ ပညာလမ်းအတိုင်းမလိုက်ဘဲ မကောင်းကြံစည်ပြုလုပ်တတ်၏။” (သု. ၁၈:၁သမ္မာ) ဗြိတိန်တွင်လေ့လာမှုတစ်ခုအရ အသက် ၉ နှစ်နှင့် ၁၉ နှစ်ကြား လူငယ် ၅ ယောက်တွင် ၁ ယောက်နီးပါးသည် ၎င်းတို့၏အိပ်ခန်းတွင် အင်တာနက်ချိတ်ဆက်ထားကြကြောင်း ဖော်ပြသည်။ ကွန်ပျူတာကို လူအများဝင်ထွက်သွားလာသည့်နေရာတွင်ထားခြင်းက ၎င်းတို့၏ကလေးများ အွန်လိုင်းပေါ်တွင် အဘယ်အရာလုပ်နေကြောင်း စောင့်ကြည့်နိုင်ရန် မိဘများအတွက် အထောက်အကူဖြစ်ပြီး အန္တရာယ်ရှိသော ဝက်ဘ်ဆိုက်များကိုရှောင်ရန် ကလေးများကို ကြပ်မတ်ပေးနိုင်စေသည်။

“သင်တို့၏ကျင့်ကြံပြုမူပုံသည် ပညာမဲ့ကဲ့သို့ မဟုတ်ဘဲ ပညာရှိကဲ့သို့ဖြစ်စေရန် ကြပ်ကြပ်သတိပြုလျက်နေကြလော့။ ယခုနေ့ရက်ကာလသည် ဆိုးညစ်သောကြောင့် အခွင့်သာသောအချိန်ကို ဝယ်ယူကြလော့။” (ဧဖက် ၅:၁၅၊ ၁၆ကဘ) အင်တာနက်ကို ကလေးများအသုံးပြုနိုင်သည့်အချိန်၊ အွန်လိုင်းနှင့် ချိတ်ဆက်နိုင်သည့်ကြာချိန်၊ ၎င်းတို့ဝင်ရောက်နိုင်သည့်ဆိုက်နှင့် မဝင်ရောက်နိုင်သည့်ဆိုက် အမျိုးအစားများကို ဆုံးဖြတ်ပါ။ သင့်လမ်းညွှန်ချက်များကို ကလေးများနှင့်ဆွေးနွေးပြီး သူတို့နားလည်ကြောင်း သေချာစေပါ။

မှန်ပါသည်၊ ကလေးများ အိမ်အပြင်ဘက်၌ရှိနေချိန်တွင် ၎င်းတို့ကို သင်ကြပ်မတ်ပေးနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် သင့်ကလေးများအား မှန်ကန်သည့်စံနှုန်းများ သွန်သင်ပေးရန် အရေးကြီးလှသည်၊ သို့မှသာ သင့်ကလေးများသည် သင့်မျက်ကွယ်တွင် ပညာရှိဆုံးဖြတ်ချက်များ ချမည်ဖြစ်သည်။ * (ဖိလိပ္ပိ ၂:၁၂) အကယ်၍ အင်တာနက်နှင့်ပတ်သက်သည့် သင်ချမှတ်ထားသောစည်းမျဉ်းများကို ချိုးဖောက်ပါက အဘယ်အကျိုးဆက်များဖြစ်ပေါ်လာမည်ကို သေသေချာချာရှင်းပြပါ။ ယင်းနောက် ထိုစည်းမျဉ်းများကို လိုက်နာစေပါ။

“[မိခင်ကောင်းတစ်ဦးသည်] အိမ်သူအိမ်သားပြုမူသမျှတို့ကို ကြည့်ရှုတတ်၏။” (သု. ၃၁:၂၇) သင့်ကလေး အင်တာနက်အသုံးပြုပုံကို ကြပ်မတ်ပါ၊ သင်ထိုသို့ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းတို့ကို အသိပေးပါ။ ယင်းသည် ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမဟုတ်ပါ။ အင်တာနက်သည် အများသူငှာ ဝင်ရောက်ကြည့်ရှုနိုင်သောနေရာတစ်ခု (public forum) ဖြစ်ကြောင်း သတိရပါ။ မိဘများသည် ၎င်းတို့ကလေးများ၏ အွန်လိုင်းစာရင်းများ (online accounts) နှင့်ချိတ်ဆက်ထားပြီး ၎င်းတို့၏အီးမေးလ်နှင့် ဝင်ရောက်ကြည့်ရှုခဲ့သော ဝက်ဘ်ဆိုက်များကို အလျှင်းသင့်သလို စစ်ဆေးနိုင်ကြောင်း ယူနိုက်တက်စတိတ်ရှိ ဖယ်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရိုက အကြံပြုသည်။

‘စဉ်းစားဆင်ခြင်နိုင်စွမ်းသည် သင့်ကိုထိန်းသိမ်း၍ ပိုင်းခြားသိမြင်မှုသည်လည်း စောင့်ရှောက်သဖြင့်၊ ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။ ကောက်သောစကားကိုပြောတတ်သောသူလက်မှ ကယ်တင်လိမ့်မည်။’ (သု. ၂:၁၁၊ ၁၂ကဘ) ကြပ်မတ်ခြင်းနှင့် ခြေရာခံလိုက်ခြင်းတို့သည် အကန့်အသတ်သာ ဖြစ်ပါလိမ့်မည်။ သင် သွန်သင်ပေးသောစံနှုန်းများနှင့် သင့်ပုံသက်သေက သင့်ကလေးကို ကာကွယ်ရာတွင် များစွာ တာသွားပါလိမ့်မည်။ ထို့ကြောင့် အင်တာနက်၏အန္တရာယ်များကို သင့်ကလေးနှင့်ဆွေးနွေးရန် အချိန်ယူပါ။ သင့်ကလေးနှင့် ပွင့်ပွင့်လင်းလင်းပြောဆိုဆက်သွယ်ခြင်းသည် အွန်လိုင်းအန္တရာယ်များမှ အကောင်းဆုံးကာကွယ်နည်းဖြစ်သည်။ “အင်တာနက်ပေါ်က ‘ဆိုး’ တဲ့သူတွေနဲ့ပတ်သက်ပြီး ကျွန်တော့်သားနှစ်ယောက်စလုံးနဲ့ စကားပြောတယ်။ အပြာစာပေရုပ်ပုံဆိုတာ ဘာတွေလဲ၊ ဘာကြောင့် ရှောင်သင့်သလဲ၊ ဘာကြောင့် သူစိမ်းတွေနဲ့ ဘယ်တော့မှမဆက်သွယ်သင့်တာလဲ ဆိုတဲ့အကြောင်းတွေကိုလည်း ရှင်းပြခဲ့တယ်” ဟုခရစ်ယာန်ဖခင်တစ်ဦးဖြစ်သူ တောမ်ကပြောသည်။

သင့်ကလေးများကို သင်ကာကွယ်နိုင်

သင့်ကလေးများကို အွန်လိုင်းအန္တရာယ်မှ ကာကွယ်ရန် ကြိုးစားအားထုတ်ရပြီး မီဒီယာနှင့် အီလက်ထရောနစ်ချိတ်ဆက်မှုသည် အမြဲပြောင်းလဲနေသည်။ နည်းပညာအသစ်များသည် ကလေးများအတွက် ကောင်းမွန်လှသော အကျိုးကျေးဇူးများနှင့် မကြုံစဖူးအန္တရာယ်များကို ဖြစ်ပေါ်စေနိုင်သည်။ မိဘများသည် မိမိတို့၏ကလေးများကို အနာဂတ်အန္တရာယ်များမှ မည်သို့ ကြိုတင်ပြင်ဆင်ပေးနိုင်သနည်း။ “ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်း ကွယ်ကာတတ်၏” ဟုကျမ်းစာကဆိုသည်။—ဒေ. ၇:၁၂

သင့်ကလေးကို အမြော်အမြင်ရှိရန် ကူညီပေးပါ။ ထို့ပြင် အွန်လိုင်းအန္တရာယ်များအား မည်သို့ရှောင်ရှားနိုင်ပုံနှင့် အင်တာနက်ကို တာဝန်သိစိတ်ဖြင့်အသုံးပြုနိုင်ပုံတို့ကို နားလည်ရန် ကလေးများအား ကူညီပေးပါ။ သို့ဖြင့်၊ သင့်ကလေး၏လုံခြုံမှုကို ခြိမ်းခြောက်မည်မဟုတ်သော အထောက်အကူပြု ကိရိယာတစ်ခုအဖြစ် အင်တာနက်ကို အသုံးပြုနိုင်ပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 လူငယ်များစွာသည် ဆဲလ်ဖုန်းများ၊ အခြားလက်ကိုင်ပစ္စည်းငယ်များနှင့် အချို့သော ဗီဒီယိုဂိမ်းခလုတ်များမှပင် အင်တာနက်နှင့် ချိတ်ဆက်နိုင်ကြောင်း မိဘများသတိရသင့်သည်။

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

ဗြိတိန်တွင် အင်တာနက်ကို အပတ်စဉ်အသုံးပြုသော အသက် ၉ နှစ်မှ ၁၉ နှစ်ကြား လူငယ် ၅၇ ရာခိုင်နှုန်းသည် အပြာစာပေရုပ်ပုံများကို ကြည့်ရှုခဲ့ကြသည်; သို့သော်၊ မိဘ ၁၆ ရာခိုင်နှုန်းသာ မိမိတို့၏ကလေးများသည် အင်တာနက်ပေါ်တွင် အပြာစာပေရုပ်ပုံများကို ကြည့်ရှုခဲ့သည်ဟု ယူမှတ်ကြသည်

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

နေ့စဉ်ပင် အမြတ်ထုတ်လိုသူ ၇၅၀,၀၀၀ သည် အွန်လိုင်းမှတစ်ဆင့် အင်တာနက်စကားဝိုင်းများနှင့် ချိန်းချက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများထဲတွင် ဝင်ရောက်ရှာဖွေကြကြောင်း ကျွမ်းကျင်သူများက ယုံကြည်ကြသည်

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

အမေရိကန်နိုင်ငံတွင် အသက် ၁၂ နှစ်နှင့် ၁၇ နှစ်ကြား လူငယ် ၉၃ ရာခိုင်နှုန်းသည် အင်တာနက် အသုံးပြုကြသည်

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

သင်သည် သင့်ကလေးအား အင်တာနက်ကို တာဝန်သိသိဖြင့် မည်သို့အသုံးပြုရမည်ကို သင်ပေးနိုင်သလော။