မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အေးချမ်းစွာနေထိုင်တတ်ဖို့ သင် သင်ယူနိုင်

အေးချမ်းစွာနေထိုင်တတ်ဖို့ သင် သင်ယူနိုင်

အေးချမ်းစွာနေထိုင်တတ်ဖို့ သင် သင်ယူနိုင်

တချို့မှားယွင်းတဲ့ဆန္ဒတွေက မွေးရာပါဖြစ်ပေမဲ့ အကြမ်းဖက်တဲ့အကျင့်ကတော့ သင်ယူတတ်မြောက်လာခြင်း ဖြစ်တယ်။ အေးချမ်းစွာနေထိုင်တတ်ဖို့လည်း အဲဒီလိုပါပဲ။ စစ်မှန်တဲ့ ငြိမ်သက်မှုရနိုင်တဲ့ နည်းလမ်းကို ဘယ်သူသင်ပေးနိုင်သလဲ။ အခွင့်အာဏာအရှိဆုံး၊ ပညာအရာမှာ ပြိုင်ဘက်ကင်းတဲ့ ဖန်ဆင်းရှင်သင်ပေးနိုင်ပါတယ်။ အောက်ပါအချက်ငါးချက်နဲ့ သမ္မာကျမ်းစာမှာတွေ့ရတဲ့ ဉာဏ်ပညာအကြောင်း သုံးသပ်ကြည့်ပါ။

၁ “အကြမ်းဖက်သူကို အားမကျနှင့်။” (သု. ၃:၃၁ကဘ) တကယ်တမ်းခွန်အားကြီးသူက ချုပ်တည်းခြင်း၊ နူးညံ့သိမ်မွေ့ခြင်းစတဲ့အရည်အသွေးတွေ တင်ပြနိုင်သူဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုပါ။ “စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူထက် . . . သာ၍ကောင်း၏” လို့ကျမ်းစာက ပြောထားပါတယ်။ (သု. ၁၆:၃၂) ခိုင်ခံ့တဲ့ ဆည်နံရံလိုပဲ သူက ဒေါသထွက်စေတဲ့ ဖိအားတွေကို တောင့်ခံနိုင်တယ်။ ဒါ့အပြင် ရန်လိုသူကို နူးညံ့သိမ်မွေ့စွာတုံ့ပြန်တဲ့အတွက် “စိတ်ကိုဖြေ” လျော့သွားစေတယ်။ (သု. ၁၅:၁) ဒါပေမဲ့ ဒေါသထွက်လွယ်သူကတော့ ဒေါသဖြစ်စရာ နည်းနည်းလေးတွေ့တာနဲ့ ပေါက်ကွဲတတ်တယ်။—သု. ၂၅:၂၈

၂ အပေါင်းအသင်းကို ပညာရှိရှိရွေးချယ်ပါ။ “ကြမ်းကြုတ်သောသူသည် အိမ်နီးချင်းကို . . . သွေးဆောင်တတ်၏” လို့ကျမ်းစာကပြောတယ်။ (သု. ၁၆:၂၉) ဒါပေမဲ့ “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏” လို့ဆိုထားပြန်တယ်။ (သု. ၁၃:၂၀) မှန်ပါတယ်၊ ကိုယ့်ကိုယ်ကိုယ်ချုပ်တည်းနိုင်သူ၊ နူးညံ့သိမ်မွေ့သူတွေနဲ့ ပေါင်းသင်းတဲ့အခါ ကျွန်ုပ်တို့လည်း သူတို့နဲ့တူအောင် ကြိုးစားတတ်ကြတယ်။

၃ တခြားသူတွေကို စစ်မှန်တဲ့မေတ္တာပြနိုင်အောင် ကြိုးစားပါ။ မေတ္တာနဲ့ပတ်သက်ပြီး ရေးခဲ့သမျှမှာ အကောင်းဆုံးကတော့ ၁ ကောရိန္သု ၁၃:၄-၇ ဖြစ်ပါတယ်။ အဲဒီမှာ “မေတ္တာသည် စိတ်ရှည်တတ်၏၊ ကြင်နာတတ်၏။ . . . အမျက်မထွက်တတ်။ ထိခိုက်နစ်နာမှုကို မှတ်၍မထားတတ်။ . . . မေတ္တာသည် အရာရာကို သည်းခံတတ်၏။ . . . အရာရာကို ခံရပ်နိုင်၏” လို့ဖော်ပြထားတယ်။ ဘုရားသခင်ရဲ့မေတ္တာကို တုပမယ်ဆိုရင် ကိုယ့်ရဲ့ရန်သူကိုတောင် ချစ်မှာဖြစ်တယ်လို့ ယေရှုပြောခဲ့တယ်။—မဿဲ ၅:၄၄၊ ၄၅

၄ ဆိုးသွမ်းမှုကို ဘုရားသခင်ဖြေရှင်းပေးမယ်ဆိုတာ စိတ်ချပါ။ ‘မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ . . . သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာ နေကြလော့။ ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်စားမချေကြနှင့်။ . . . “လက်စားချေခြင်းသည် ငါ၏အမှုဖြစ်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ယေဟောဝါဘုရားသခင်မိန့်တော်မူ၏” ဟူ၍ ကျမ်းစာ၌ ရေးထား၏။’ (ရောမ ၁၂:၁၇-၁၉) ကျွန်ုပ်တို့ဟာ ဘုရားသခင်နဲ့ ကိုယ်တော့်ကတိတော်တွေကို ယုံကြည်စိတ်ချနေမယ်ဆိုရင် ယုံကြည်ခြင်းမရှိတဲ့သူတွေ နားမလည်နိုင်တဲ့ အတွင်းစိတ်ငြိမ်သက်ခြင်းကို ရရှိနိုင်တယ်။—ဆာလံ ၇:၁၄-၁၆; ဖိလိပ္ပိ ၄:၆၊ ၇

၅ ကမ္ဘာပေါ် စစ်မှန်တဲ့ငြိမ်သက်မှုဆောင်ကြဉ်းပေးဖို့ ဘုရားသခင့်နိုင်ငံတော်ကို မျှော်ကိုးပါ။ ဘုရားသခင့်နိုင်ငံတော်က ကောင်းကင်အစိုးရဖြစ်ပြီး ဒီဆိုးသွမ်းတဲ့စနစ်ကို အမြစ်ပြတ်သုတ်သင်ပယ်ရှင်းကာ မြေကြီးကို အပြည့်အ၀ ထိန်းချုပ်ပါလိမ့်မယ်။ (ဆာလံ ၃၇:၈-၁၁; ဒံယေလ ၂:၄၄၊ ၄၅) အဲဒီနိုင်ငံတော်အောက်မှာ “လသည် ပပျောက်ခြင်းသို့မရောက်မီတိုင်အောင် တရားသောသူသည်ပွင့်လန်း၍ ချမ်းသာများပြား” ပါလိမ့်မယ်။—ဆာလံ ၇၂:၇

အဲဒီလို ကျမ်းစာသွန်သင်ချက်တွေက အကြမ်းဖက်သူတွေအပါအဝင် သန်းနဲ့ချီတဲ့သူတွေကို အေးချမ်းစွာနေထိုင်တတ်ဖို့ ကူညီပေးတယ်။ ဆယ်လ်ဗေဒေါ ဂါဇာ ရဲ့အဖြစ်ကို သုံးသပ်ကြည့်ကြရအောင်။