မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလွန်အကျွံ ငွေမသုံးမိအောင် လုပ်ဆောင်နိုင်ပုံ

အလွန်အကျွံ ငွေမသုံးမိအောင် လုပ်ဆောင်နိုင်ပုံ

အရောင်းမြှင့်တင်ရေးအစီအစဉ်တွေရဲ့ ဆွဲဆောင်အားအပြင် ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့ စိတ်လှုပ်ရှားမှုနဲ့ အလေ့အကျင့်တွေကြောင့် အလွန်အကျွံငွေသုံးမိနိုင်တယ်။ ဒါကို ဘယ်လို ထိန်းချုပ်မလဲ။ အောက်မှာ အကြံပြုချက် ခြောက်ခုကို ဖော်ပြထား ပါတယ်။

  1. ၁။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ဝယ်ချင်စိတ်ကို ဖျောက်ဖျက်ပါ။ ဈေးဝယ်ထွက်ရတာ၊ ဈေးသက်သာတဲ့ပစ္စည်းတွေ တွေ့တဲ့အခါ ပျော်သလား။ အဲဒီလိုဆိုရင်တော့ အလျင်စလိုဝယ်မိနိုင်ခြေများတယ်။ အဲဒီလိုမဖြစ်အောင် တစ်ခုခုကိုမဝယ်ခင် အဲဒါကိုဝယ်လိုက်ခြင်း၊ ပိုင်ဆိုင်ခြင်း၊ ထိန်းသိမ်းရခြင်းကြောင့် ဖြစ်လာနိုင်တဲ့ရေရှည်အကျိုးဆက်ကို စဉ်းစားပါ။ အလျင်စလိုဝယ်ပြီးမှ နောင်တရခဲ့တဲ့အဖြစ်ကို ပြန်စဉ်းစားကြည့်ပါ။ နောက်ဆုံး ဆုံးဖြတ်ချက်မချခင် စဉ်းစားဖို့ အချိန်ယူပါ။

  2. ၂။ စိတ်ပြေလက်ပျောက် ဈေးဝယ်ထွက်တာမျိုး မလုပ်ပါနဲ့။ ဈေးဝယ်ထွက်လိုက်လို့ စိတ်ညစ်စရာတွေ ခဏပျောက်သွားတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ စိတ်ညစ်စရာပြန်ပေါ်လာတဲ့အခါ ဈေးဝယ်ထွက်ချင်စိတ် ပိုပြင်းထန်လာလိမ့်မယ်။ စိတ်အပြောင်းအလဲဖြစ်ဖို့ ဈေးဝယ်ထွက်မယ့်အစား မိတ်ဆွေတွေရဲ့ အားပေးထောက်မမှုကို ရှာယူပါ၊ လမ်းလျှောက်တာလိုမျိုး ကာယလှုပ်ရှားမှုတွေ လုပ်ပါ။

  3. ၃။ ဈေးဝယ်ထွက်တာကို အပန်းဖြေမှုတစ်ခုလို သဘောမထားပါနဲ့။ ကုန်တိုက်ကြီးတွေက ဈေးပတ်ဝယ်တာကို အပန်းဖြေမှုတစ်ခုလိုဖြစ်အောင် ဖန်တီးထားကြတယ်။ ကုန်တိုက်တွေမှာဖြစ်ဖြစ်၊ အင်တာနက်မှာဖြစ်ဖြစ် အပျော်သဘောနဲ့ပဲလျှောက်ကြည့်တယ်ဆိုရင်တောင် သင်တွေ့ရတဲ့အရာအတော်များများက ဝယ်ချင်စိတ်ပေါ်လာအောင် ဖန်တီးထားတဲ့အရာတွေဖြစ်တယ်။ သတ်သတ်မှတ်မှတ်ဝယ်စရာရှိမှ ဈေးဝယ်ထွက်ပါ။ ဝယ်မယ်လို့ ရည်ရွယ်ထားတာကိုပဲ ဝယ်ပါ။

  4. ၄။ အပေါင်းအသင်းကို ဂရုစိုက်ပါ။ သင့်အပေါင်းအသင်းတွေရဲ့ ဘဝပုံစံနဲ့ အပြောအဆိုတွေက သင့်ကို အကြီးအကျယ်သြဇာလွှမ်းမိုးနိုင်တယ်။ သင့်သူငယ်ချင်းတွေနဲ့ဝင်ဆံ့အောင် အလွန်အကျွံငွေသုံးစွဲနေရတယ်ဆိုရင် ငွေကြေးနဲ့ရုပ်ပစ္စည်းကို သိပ်ဦးစားမထားတဲ့ သူငယ်ချင်းတွေကို ရွေးချယ်ပါ။

  5. ၅။ ငွေချေးတဲ့အခါ ချင့်ချင့်ချိန်ချိန်ရှိပါ။ အကြွေးဝယ်ကတ်သုံးတဲ့အခါ ဒါမှမဟုတ် ငွေချေးပြီးသုံးတဲ့အခါ အကျိုးဆက်ကိုမစဉ်းစားဘဲ လွယ်လွယ်သုံးမိတတ်တယ်။ ပိုက်ဆံချေးပြီဆိုရင် အတိုးက လတိုင်းတက်မှာဖြစ်တယ်။ အဲဒါကြောင့် အကြွေးကို အမြန်ဆုံးဆပ်ဖို့ ကြိုးစားပါ၊ အကြွေးဝယ်ကတ်သုံးတယ်ဆိုရင်လည်း လစဉ်ပုံမှန် ဆပ်နိုင်အောင် ကြိုးစားပါ။ ကိုယ်ယူမယ့်အကြွေး အတိုးနှုန်းဘယ်လောက်ရှိတယ် ဒါမှမဟုတ် အကြွေးဝယ်ကတ်ရဲ့ အတိုးနှုန်း၊ ဝန်ဆောင်ခဘယ်လိုရှိတယ်ဆိုတာ သိအောင်လုပ်ပါ၊ တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ကြည့်ပြီး ပိုအဆင်ပြေတာကို ရွေးချယ်ပါ။ ငွေချေးပြီးဝယ်မယ့်အစား ပိုက်ဆံစုပြီးဝယ်တာက ပိုကောင်းပါတယ်။

  6. ၆။ သင့်ငွေကြေးအခြေအနေကိုသိပါ။ သင့်ငွေကြေးအခြေအနေကို သင်မသိဘူးဆိုရင် လွန်လွန်ကျွံကျွံသုံးစွဲမိနိုင်တယ်။ ငွေကြေးအခြေအနေကို မှတ်တမ်းထားပါ၊ နောက်ဆုံးအခြေအနေကို အမြဲသိအောင်လုပ်ပါ။ သင့်ဝင်ငွေနဲ့ အရင်ကအကုန်အကျတွေကိုမူတည်ပြီး ငွေဘယ်လိုသုံးမယ်ဆိုတာ လက်တွေ့ကျကျ ဇယားဆွဲပါ။ သင်သုံးစွဲတာတွေကို မှတ်ထားပါ၊ သင်ဆွဲထားတဲ့ဇယားနဲ့ တိုက်ကြည့်ပါ။ သင်အကျွမ်းတဝင်မရှိတဲ့ ငွေကြေးကိစ္စတွေအတွက် ယုံကြည်စိတ်ချရတဲ့မိတ်ဆွေကို အကူအညီ တောင်းပါ။