မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုတွေအတွက်အကူအညီ | အိမ်ထောင်ရေး

စကားမပြောဘဲ ဆန္ဒပြတာကို ဘယ်လိုရှောင်နိုင်မလဲ

စကားမပြောဘဲ ဆန္ဒပြတာကို ဘယ်လိုရှောင်နိုင်မလဲ

ပြဿနာ

တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးသွားပါမယ်လို့ ကတိသစ္စာပြုထားသူ နှစ်ဦးဟာ ဘယ်လိုကြောင့် နာရီနဲ့ချီ၊ ရက်နဲ့ချီတောင်စကားမပြောဘဲ နေကြတာလဲ။ ‘အနည်းဆုံးတော့ စကားမများတော့ဘူး’ လို့ သူတို့ပြောပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာက ပြဿနာ မပြေလည်သွားစေဘူး၊ နှစ်ယောက်စလုံးလည်း စိတ်ပျော်မှာ မဟုတ်ဘူး။

ဘာကြောင့်အဲဒီလိုဖြစ်ရတာလဲ

ကလဲ့စားချေခြင်း။ အိမ်ထောင်ဖက်တချို့က ကလဲ့စားချေတဲ့အနေနဲ့ နှုတ်ပိတ်နေတတ်ကြတယ်။ ဥပမာ၊ ခင်ပွန်းက သူ့ဇနီးနဲ့မတိုင်ပင်ဘဲ စနေ၊ တနင်္ဂနွေနေ့အတွက် အစီအစဉ်တွေဆွဲတယ်။ ဒါကိုဇနီးသည်သိသွားတဲ့အခါ တစ်ဖက်သားကို ထည့်မစဉ်းစားပေးတတ်သူဆိုပြီး ရန်တွေ့တယ်။ ခင်ပွန်းကလည်း ကြံဖန်ပြဿနာရှာတတ်သူလို့ ပြောပြီးစကားများကြတယ်။ ဇနီးဖြစ်သူက ဒေါသထွက်ပြီး စကားမပြောတော့ဘူး။ “ငါ့ကို စိတ်ထိခိုက်အောင်လုပ်တဲ့အတွက် အခု နင်ပြန်ခံတော့” ဆိုတဲ့သဘောနဲ့ ဆန္ဒပြနေခြင်းဖြစ်တယ်။

ကြိုးကိုင်ခြယ်လှယ်ခြင်း။ တချို့က သူတို့လိုချင်တာရဖို့ စကားမပြောဘဲ ဆန္ဒပြတဲ့နည်းကို သုံးကြတယ်။ ဥပမာ၊ ဇနီးမောင်နှံနှစ်ဦး ခရီးတစ်ခုသွားဖို့ စီစဉ်ကြတယ်။ ဇနီးက မိဘတွေကိုပါ ခေါ်သွားချင်တယ်။ ဒါကို ခင်ပွန်းက ကန့်ကွက်ပြီး “ငါက မင်းကို လက်ထပ်ထားတာ၊ မင်းမိဘတွေကို လက်ထပ်ထားတာမဟုတ်ဘူး” လို့ ပြောတယ်။ အဲဒီနောက် သူ့ဆန္ဒကို လိုက်လျောလာတဲ့အထိ ဇနီးသည်ကို စကားမပြောဘဲ ဆန္ဒပြနေလိုက်တယ်။

ဇနီးမောင်နှံနှစ်ဦး စိတ်မထိန်းနိုင်တော့ဘူးဆိုရင် စကားများတာရပ်ပြီး စိတ်ငြိမ်သွားတဲ့အထိ ခဏတစ်ဖြုတ်စကားမပြောဘဲ နေတဲ့အချိန်တွေ ရှိနိုင်ပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ စကားမပြောဘဲနေတာက အကျိုးရှိနိုင်ပါတယ်။ သမ္မာကျမ်းစာက “တိတ်ဆိတ်စွာနေရသောအချိန်” ရှိတယ်လို့ဆိုထားတယ်။ (ဒေသနာ ၃:၇) ဒါပေမဲ့ ကလဲ့စားချေဖို့၊ ကြိုးကိုင်ခြယ်လှယ်ဖို့အတွက် စကားမပြောဘဲ ဆန္ဒပြနေမယ်ဆိုရင်တော့ ပြဿနာကို ဆွဲထားရာကျပြီး ဇနီးမောင်နှံ အပြန်အလှန်လေးစားမှုမရှိ ဖြစ်သွားနိုင်တယ်။ သင်တို့အိမ်ထောင်မှာ ဒီလိုမဖြစ်အောင် ဘာတွေလုပ်ဆောင်နိုင်ပါသလဲ။

သင်လုပ်ဆောင်နိုင်ရာ

စကားမပြောဘဲ ဆန္ဒပြတာမျိုး မဖြစ်အောင်လုပ်နိုင်တဲ့ ပထမဆုံးအချက်က အဲဒီလိုလုပ်တာက တကယ်တမ်းပြဿနာမပြေလည်သွားဘူး ဆိုတဲ့အချက်ကို အသိအမှတ်ပြုခြင်းဖြစ်တယ်။ စကားမပြောဘဲနေတာက ကလဲ့စားချေရာ၊ သင့်ဆန္ဒအတိုင်းလိုက်ဖို့ အိမ်ထောင်ဖက်ကို တွန်းအားပေးရာ ရောက်နိုင်ပါတယ်။ ဒါပေမဲ့ ချစ်မြတ်နိုးသွားပါမယ်လို့ ကတိသစ္စာပြုထားသူကို တကယ်ပဲ အဲဒီလိုဆက်ဆံလိုသလား။ ပိုကောင်းတဲ့ ဖြေရှင်းနည်းတွေရှိပါတယ်။

ပိုင်းခြားသိမြင်ပါ။ “မေတ္တာသည် . . . အမျက်မထွက်တတ်” ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ကောရိန္သု ၁၃:၄၊ ၅) ဒါကြောင့် သင့်အိမ်ထောင်ဖက်က “ငါပြောတာဘယ်တော့မှ နားမထောင်ဘူး” ဒါမှမဟုတ် “အမြဲနောက်ကျနေတာပဲ” စသဖြင့် စိတ်လိုက်မာန်ပါပြောမိတဲ့အခါ စိတ်အေးအေးထားပါ။ စကားလုံးတွေရဲ့နောက်က ပြောချင်တဲ့အဓိပ္ပာယ်ကို သိအောင်လုပ်ပါ။ ဥပမာ၊ “ငါပြောတာဘယ်တော့မှ နားမထောင်ဘူး” လို့ ပြောတဲ့အခါ တကယ်တမ်းသူပြောချင်နေတာက “ငါ့စကားကို အလေးအနက်မထားဘူးလို့ ငါခံစားရတယ်” ဖြစ်နိုင်တယ်။—ကျမ်းစာမူ– သုတ္တံ ၁၄:၂၉

သင့်အိမ်ထောင်ဖက်ကို ပြိုင်ဘက်အနေနဲ့မဟုတ်ဘဲ တွဲဘက်အနေနဲ့စဉ်းစားပါ

ညင်ညင်သာသာပြောပါ။ စကားများနေတဲ့အခါ စကားဆက်ပြောလေ ပိုဆိုးလေဖြစ်တတ်တယ်။ ဒါပေမဲ့ ပိုမဆိုးလာအောင်လုပ်နိုင်တဲ့နည်းရှိပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ စာအုပ်တစ်အုပ် (Fighting for Your Marriage) ကဒီလိုဆိုတယ်–“ညင်ညင်သာသာပြောတာ၊ သင့်အိမ်ထောင်ဖက်ရဲ့ ရှုမြင်ပုံကို အသိအမှတ်ပြုပေးတာက တင်းမာမှုကို လျော့နည်းသွားစေနိုင်ပြီး အငြင်းပွားမှု ပိုဆိုးမလာအောင် တားဆီးပေးနိုင်တယ်။ ပြဿနာတောင် ပြေလည်သွားလေ့ရှိတယ်။”—ကျမ်းစာမူ– သုတ္တံ ၂၆:၂၀

“ငါ” ဆိုပြီးစဉ်းစားမယ့်အစား “ငါတို့” ဆိုပြီး စဉ်းစားပါ။ “လူအသီးသီးတို့သည် ကိုယ့်အကျိုးကိုမရှာဘဲ သူတစ်ပါး၏အကျိုးကို ရှာကြစေ” ဆိုပြီး သမ္မာကျမ်းစာက ပြောတယ်။ (၁ ကောရိန္သု ၁၀:၂၄) သင့်အိမ်ထောင်ဖက်ကို ပြိုင်ဘက်အနေနဲ့မဟုတ်ဘဲ တွဲဘက်အနေနဲ့ စဉ်းစားမယ်ဆိုရင် စိတ်ထိခိုက်တာတွေ၊ စကားများရန်ဖြစ်တာတွေ နည်းသွားပြီး အိမ်ထောင်ဖက်ကို စကားမပြောဘဲဆန္ဒပြတာတွေ ရှိတော့မှာမဟုတ်ဘူး။—ကျမ်းစာမူ– ဒေသနာ ၇:၉

စကားမပြောဘဲ ဆန္ဒပြခြင်းက သမ္မာကျမ်းစာရဲ့ ဒီတိုက်တွန်းချက်နဲ့ မကိုက်ညီဘူး– “သင်တို့အသီးသီးသည် ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ ကိုယ့်ဇနီးကို ချစ်ကြလော့။ ဇနီးသည်လည်း မိမိ၏ခင်ပွန်းကို အလွန်ရိုသေသင့်၏။” (ဧဖက် ၅:၃၃) သင်တို့အိမ်ထောင်မှာ စကားမပြောဘဲ ဆန္ဒပြတာမလုပ်ဘူးဆိုပြီး ဇနီးမောင်နှံနှစ်ဦး သဘောတူညီမှုယူထားရင် မကောင်းဘူးလား။